မြစ်ကြီးနားမှာ ကြက်ဥတစ်လုံးတစ်ထောင်ကျပ်အထိ ပေးဝယ်နေရ
မြစ်ကြီးနားမြို့မှာ ကြက်ဥတစ်လုံးကို ကျပ်တစ်ထောင်အထိ ပေးဝယ်နေရတယ်လို့ မြို့ခံတွေနဲ့ ဈေးသည်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလမှာ စစ်တပ်က စစ်ကိုင်း– ကချင်အစပ်က အင်းတော်မြို့ကိုသိမ်းပိုက်လိုက်တဲ့နောက် ဇွန်လကစပြီး မြစ်ကြီးနား–မန္တလေးလမ်းပိုင်းရှိ အင်းတော်မြို့နယ်တွင်းမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်ကြား တိုက်ပွဲပြင်းထန်နေတာပါ။
ခုလို မြစ်ကြီးနား–မန္တလေးလမ်းပိုင်းမှာ စစ်ရေးအခြေအနေကြောင့် သွားလာရေးခက်ခဲသွားတဲ့နောက် ကုန်တင်ကားဝင်ရောက်မှု လျော့နည်းလာတဖြစ်တယ်လို့ ဆိုပါတယ်။
“အရင်အပတ်နဲ့ယှဉ်ရင် ဈေးက သိသိသာသာတက်လာတယ်။ ကုန်ကားတွေ မဝင်တော့ ပစ္စည်းရတာနည်းသွားပြီး ရှိတဲ့ပစ္စည်းကို ဈေးတက်ရောင်းရတဲ့အခြေအနေ ဖြစ်လာတယ်”လို့ ဈေးသည်တစ်ဦးက ပြောပါတယ်။
လက်ရှိ မြစ်ကြီးနားဈေးကွက်မှာ ကြက်ဥတစ်လုံး ကျပ်တစ်ထောင်အထိ ရှိလာပြီး ခရမ်းချဉ်သီးနဲ့ ကြက်သွန်နီတွေဟာလည်း တစ်ပိဿာကို ကျပ်တစ်သောင်းနှစ်ထောင်ဝန်းကျင်အထိ ဈေးမြင့်တက်လာတယ်လို့ ဈေးသည်တွေက ပြောပါတယ်။
ဒါ့အပြင် တရုတ်–မြန်မာနယ်စပ်ဘက်က ကန်ပိုက်တည်–ဆဒုံးလမ်းပိုင်းမှာ မြေပြိုမှုတွေ ဖြစ်ပွားနေသလို ဗလမင်းထင်တံတားအနီး စစ်ဆေးမှုတွေ တင်းကျပ်နေတာကြောင့်လည်း ကုန်စည်ဝင်ရောက်မှု အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

အခြေခံစားသောက်ကုန်ဈေးနှုန်းမြင့်တက်လာတာကြောင့် စားသုံးသူတွေအနေနဲ့လည်း နေ့စဉ်စားဝတ်နေရေးအတွက် ပိုမိုခက်ခဲလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“တရုတ်ဘက်ကဝင်ဖို့ကျပြန်တော့လည်း ဂိတ်တွေကများ ပြီးရင်ဗလမင်းထင်မှာကလည်း ဝင်ချင်တိုင်းဝင်မရ တော်တော်လေးခက်တယ်။အဲဒါကြောင့် ကုန်စျေးက အကျကိုမရှိနေတာ“လို့ မြစ်ကြီးနားမှာနေထိုင်တဲ့ကုန်သည်တစ်ဦးပြောပါတယ်။
မြစ်ကြီးနားမြို့ဟာ ကချင်ပြည်နယ်အတွင်း အဓိကကုန်သွယ်ရေးမြို့တစ်ခုဖြစ်ပြီး အခြေခံစားသောက်ကုန်အများစုကို အခြားဒေသတွေနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။
ဒါကြောင့် လမ်းကြောင်းအခက်အခဲတွေ ဖြစ်ပေါ်လာတဲ့အခါတိုင်း ကုန်စည်ဝင်ရောက်မှု လျော့နည်းပြီး ဈေးနှုန်းမြင့်တက်မှုတွေ ကြုံတွေ့နေရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုတွေကြောင့် သွားလာရေးနဲ့ ကုန်စည်ပို့ဆောင်ရေး ပိုပြီးခက်ခဲလာတယ်လို့ကားသမားတွေပြောပါတယ်။
ခုလို လမ်းပိတ်ဆို့မှု၊ စစ်ဆေးမှုတင်းကျပ်မှုတွေအပြင် ရာသီဥတုကြောင့် လမ်းပျက်စီးမှုတွေဟာလည်း ကုန်ဈေးနှုန်းမြင့်တက်လာစေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
By – Zami




