ကျောင်းသုံးပစ္စည်းအကြောင်းပြချက်နဲ့ ငွေကောက်ခံမှုရှိနေဟု မိဘများပြော

မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာစာသင်ကျောင်းတစ်ချို့မှာ ကျောင်းသား၊ကျောင်းသူတွေဆီက ငွေကြေးကောက်ခံတာတွေ ရှိနေတယ်လို့ ကျောင်းသားမိဘတွေက KNG ကိုပြောပါတယ်။

ပညာရေးဝန်ကြီးဌာနကနေ ၂၀၂၆၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးအစီအစဉ်မှာအခြေခံပညာစာသင်ကျောင်းတွေအနေနဲ့ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးအပါအဝင် မည်သည့်အခကြေးငွေကိုမှ မကောက်ခံကြဖို့ အသိပေးထားပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ သောက်ရေအိုး၊ ရေစစ်၊ တံမြက်စည်း၊ သန့်ရှင်းရေးစရိတ်နဲ့ အင်္ကျီဘတ်တံဆိပ်ဖိုး စတဲ့ အကြောင်းပြချက်တွေနဲ့ ငွေကောက်ခံမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ကျောင်းသားမိဘတစ်ဦးကကျောင်းမှာ လိုအပ်တဲ့ပစ္စည်းတွေဆိုပြီး ပိုက်ဆံကောက်တာတွေ ရှိပါတယ်။ ငွေကဘာမှမပြောလောက်ဘူးဆိုပေမယ့် ကျောင်းသားများတဲ့အိမ်တွေကတော့ ပိုခက်တာပေါ့လို့ ပြောပါတယ်။

လက်ရှိ ကျောင်းတစ်ချို့က သောက်ရေအိုးဖိုးအဖြစ် ကျပ် ၁၅၀၀ ခန့်၊ တံမြက်စည်းနဲ့ ဂေါ်ပြားဖိုး ကျပ် ၅၀၀ ခန့်၊ သန့်ရှင်းရေးစရိတ် တစ်ပတ်ကို ကျပ် ၅၀၀ နဲ့ အင်္ကျီဘတ်တံဆိပ်ဖိုးအဖြစ် ကျပ် ၁၅၀၀ ဝန်းကျင်အထိ ကောက်နေတယ်လို့ သိရပါတယ်။

ခုလိုကောက်ခံနေတာဟာ ငွေကြေးပမာဏအများကြီး မဟုတ်ပေမယ့် မိဘတွေအနေနဲ့ ကျောင်းစရိတ်အပြင် ထပ်မံပေးဆောင်ရတဲ့ အပိုကုန်ကျစရိတ်တွေ ဖြစ်လာနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် နောက်ထပ် ကျောင်းသားမိဘတစ်ဦးကလည်း ခုလိုပြောပါတယ်။

ကလေးတွေကို ကျောင်းထားဖို့အတွက် စာရေးကိရိယာ၊ ဝတ်စုံနဲ့ တခြားလိုအပ်တာတွေ ဝယ်ပေးရပါတယ်။ အဲဒီအပြင် ကျောင်းကနေ အမျိုးမျိုးနဲ့ ပိုက်ဆံတောင်းလာရင် မိဘတွေအတွက် အခက်အခဲဖြစ်ပါတယ်လို့ ပြောပါတယ်။

အလားတူ ကျောင်းပြောင်းဖို့ကျောင်းထွက်လက်မှတ် ရယူရာမှာလည်း ငွေကြေးကောက်ခံမှုတွေ ရှိနေတယ်လို့ မိဘတွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အခြေခံပညာရေးကို အခမဲ့ရရှိနိုင်ရေးအတွက် အစိုးရက ကျောင်းသားကျောင်းသူတွေဆီကနေ မည်သည့်အခကြေးငွေမှ မကောက်ခံရန် ညွှန်ကြားထားပါတယ်။

ဒါပေမယ့ မြစ်ကြီးနားမြို့ပေါ်ရှိ တစ်ချို့အစိုးရစာသင်ကျောင်းမှာ ခုလိုငွေကြေးကောက်ခံနေတာကြောင့် သက်ဆိုင်ရာအနေနဲ့ စီစစ်ပေးဖို့ ကျောင်းသားမိဘတွေက တောင်းဆိုနေကြပါတယ်။

By – Zami

Show More

Leave a Reply

Back to top button