စစ်ကိုင်း

  • Sep- 2024 -
    10 September
    သတင်း

    အင်းတော်မြို့ နေအိမ်တစ်ချို့ကို စစ်တပ်ကမီးရှို့ဖျက်ဆီး

    စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့ရဲ့  မြို့ပေါ်ရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်ချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။ အရပ်သားနေအိမ်တွေကို စက်တင်ဘာလ ၉ ရက်နေ့ကစတင်ပြီး မီးရှို့ဖျက်ဆီးနေတာလို့သိရပြီး မြို့သိမ်းတိုက်ပွဲလည်းပြင်းထန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဘက်က နယ်မြေရှင်းလင်းတဲ့ပုံစံ နဲ့ မီးရှို့ဖျက်ဆီးတာတွေလုပ်နေတာလို့ ရှေ့တန်းရောက်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။ “တိုက်ပွဲကဖြစ်နေဆဲ ရန်သူဘက်ကအင်းတော်ကိုမီးရှို့လိုက်တယ်။ ကာကွယ်ရေးတပ်တွေ အကာအကွယ်ယူ မယ့်နေရာ လမ်းကြောင်းတွေကိုရှင်းအောင်မီးရှို့လိုက်တဲ့သဘောဟုတ်တယ်။”လို့ ပြောပါတယ်။ မြို့သိမ်းတိုက်ပွဲစတင်ဖြစ်ပွားတဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက မြို့တွင်းနေအိမ်တစ်ချို့ကို စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့ပေမဲ့ ဒီကနေ့ရိုက်မိတဲ့ဒရုန်းမှတ်တမ်းတွေအရဆိုရင် နေအိမ်အတော် များများမီးလောင်ဖျက်ဆီးခံထားရတာကိုတွေ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ တစ်ဖက်မှာ အင်းတော်မြို့ပေါ်ကို တော်လှန်ရေးအင်အားစုဘက်ကရော စစ်ကောင်စီဘက်ကပါ မည်သူမျှ ထိန်းချုပ်ထားနိုင်ခြင်းမရှိပဲ နှစ်ဖက်တပ်လုံးမြို့တွင်းစစ်ရေးလှုပ်ရှားတာတွေရှိတဲ့အတွက် နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ စာရင်းအချက်လက် အသေးစိတ်သိရဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။ “စစ်တပ်ဘက်ကလည်း မြို့ပေါ်ကိုထိန်းချုပ်ပြီးစစ်ကြောင်းထိုးနိုင်တဲ့အနေအထားမဟုတ်တော့ဘူး။ နှစ်ဖက်လုံး နေရာယူထားကြတာ။ သူတို့အထိုင်ချထားတဲ့နေရာဝန်းကျင်တော့သူတို့ထိန်းချုပ်နိုင်တာပေါ့။”  လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ်ဟာ အင်းတော်မြို့နယ်ထဲက ဒေသအခေါ် ဂျပန်လှိုဏ်ဂူမှာအထိုင်ချတပ်စွဲ ထားပြီး အဲ့ဒီနေရာကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာတွေလုပ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကပြောပါတယ်။ မီးရှို့ခံနေရတဲ့ အင်းတော်မြို့ပေါ်ရပ်ကွက်တွေဟာလည်း စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန် ဂျပန် လှိုဏ်ဂူနေရာနဲ့ ကပ်လျှက်အနီးတစ်ဝှိုက်မှာရှိတဲ့ရပ်ကွက်တွေဖြစ်တယ်လို့ သိရပြီး ဂျပန်လှိုဏ်ဂူတပ်စခန်းမှာ တပ်မ ၇၇ လက်အောက်ခံတပ်ရင်း အထိုင်ချထားပြီး မြို့တွင်းတပ်ဖြန့်ပြီးစစ်ရေးလှုပ်ရှားလျှက်ရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား အင်းတော်မြို့နယ်ထဲမှာ မကြာခဏ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း စစ်ရေးအရအရေးပါတဲ့ အင်းတော်မြို့ကို လက်မလွှတ်ရရေး အစွမ်းကုန်ခုခံနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ အင်းတော်မြို့နယ်ဟာ မြစ်ကြီးနား–ရွှေဘိုလမ်းမကြီးပေါ်မှာတည်ရှိတာဖြစ်ပြီး ကချင်ပြည်နယ်အတွက်အဓိကဝင်ပေါက်မြို့ဖြစ်သလို နှစ်ဖက်တပ်တွေအတွက် စစ်ရေးအရအရေးပါတဲ့မြို့ တစ်မြို့ ဖြစ်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေကဆိုကြပါတယ်။ By – အမိုး

    Read More »
  • 10 September
    သတင်း

    ပင်လည်ဘူးလက်မလွှတ်ရရေး စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်နေ

    စစ်ကိုင်းနဲ့ကချင်အစပ် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း လေကြောင်းရောမြေပြင်ကနေလူအင်အားထပ်မံဖြည့်တင်းထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ စက်တင်ဘာလ ၈ ရက်နေ့ နဲ့ ၉ ရက်နေ့တို့မှာ ဝန်းသိုမြို့နယ်ဘက်ကနေ မြေပြင်စစ်ကြောင်းထိုးပြီးတက်လာပေမယ့် မြေပြင်စစ်ကြောင်းထိုးမရလို့ လေကြောင်းအသုံးပြုပြီး စစ်အင်အားထပ်ဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။ “ပင်လည်ဘူးမြို့ကမသိမ်းနိုင်သေးပါဘူးဗျ။ စစ်ကောင်စီဘက်က လေကြောင်းကနေ Mi 17 ၄ စင်းနဲ့ စစ်ကူ ထပ်ဖြည့်လို့တိုက်နေရတုန်းပါ။ ဝန်းသိုကလာတဲ့စစ်ကြောင်း မြေပြင်ကတိုးမရလို့ ဝေဟင်က ထိုးလာတာ”လို့ ပင်လည်ဘူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ပင်လည်ဘူးမြို့နယ်ရဲ့နေရာအတော်များများကို KIA နဲ့ပူးပေါင်းအဖွဲ့ဘက်ကထိန်းချုပ်ထားပြီဖြစ်ပြီး စစ်ကောင်စီက မြို့တွင်းရဲစခန်းတွင်အဓိကနေရာယူပြီးခုခံနေတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြော ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကတည်းက စစ်ကိုင်းနဲ့ကချင်အစပ်ကမြို့တွေကို KIA အပါအဝင် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားတပ်မတော် ABSDF ၊ NUG လက်အောက်ခံ ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက မြို့သိမ်းတိုက်ပွဲအဖြစ်ဆောင်ရွက်နေတာဖြစ်ပြီး ပင်လည်ဘူးမြို့နယ်လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ စစ်ကိုင်းနဲ့ကချင်အစပ်က တိုက်ပွဲအခြေနေနဲ့ပတ်သက်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ပြောတာက “ကချင်နဲ့စစ်ကိုင်းအစပ်ဘက်ကတော့ ကျနော်တို့ KIO အနေနဲ့ကူညီနေတဲ့သဘောမျိုးပဲဖြစ်ပါတယ်။ တာဝန်ယူပြီးထိုးစစ်ဆင်နွှဲနေတာကတော့ NUG ရဲ့ အမှတ် ၁ စစ်ဒေသဘက်က စစ်ဦးစီးမှုူးတွေပဲဖြစ်တော့ အသေးစိတ်တော့မသိရဘူး”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ကတော့ ပင်လည်ဘူးမြို့နယ်ထဲက လေကြောင်းနဲ့လာပို့ထားတဲ့ အင်အား ၈၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခု ကာကွယ်ရေးတပ်ဆီ လက်နက်ချအညံ့ခံခဲ့ပါသေးတယ်။ ဒါ့အပြင် ပင်လည်ဘူးမြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်အကြား နှစ်စဉ်နှစ်တိုင်းတိုက်ပွဲပြင်းထန်နေတဲ့မြို့ဖြစပြီး ဒေသခံပြည်သူတွေက  ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ခဲ့တဲ့ မြို့ပေါ်တိုက်ပွဲတွေကြောင့် ဘေးလွှတ်ရာကို ထွက်ပြေးခဲ့ရာကနေ ဒီနေ့ထိ ပြန်မလာတဲ့သူတွေများတယ်လို့ ဆိုပါတယ်။ ပင်လည်ဘူးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ တပ်ခစန်းတွေကို KIA နဲ့ ကာကွယ်ရေးတပ်တွေ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာ ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိ တိုက်ခိုက်ခဲ့ပေမယ့် မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်တာတော့ မရှိခဲ့ပါဘူး။ ဒါကြောင့် KIA/KPDF ပူးပေါင်းတပ်တွေဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာတစ်ကြိမ်တိုက်ပွဲထိုးစစ်ဆင်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီတစ်ကြိမ်ဟာ ဒီနှစ်အတွင်း ဒုတိယအကြိမ်တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ By –…

    Read More »
  • 6 September
    သတင်း

    တိုက်ပွဲကြောင့်ပိတ်ထားရတဲ့ မြစ်ကြီးနား-မန္တလေးလမ်းပိုင်း ကားအသေးများဖြင့်ပြေးဆွဲနေ

    စစ်ကိုင်းနဲ့ကချင်အစပ်မှာ မြို့သိမ်းတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ပိတ်ထားရတဲ့ မြစ်ကြီးနား– မန္တ‌လေး လမ်းပိုင်း ကားအသေးများဖြင့်ပြေးဆွဲနေတယ်လို့ မြစ်ကြီးနား–မန္တလေးကားပြေးဆွဲနေသူတွေဆီက သိရ ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့က စပြီးတိုက်ပွဲကြောင့်ပိတ်နေတဲ့ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းမှာ စက်တင်ဘာလ လဆန်းပိုင်းကစ အန်စာတုံးကားအသေးတွေနဲ့ တောလမ်းတွေကိုသုံးပြီး ခရီးသည်တစ်ယောက်ကို ကျပ်တစ်သိန်းခွဲ နှုန်းပြေးဆွဲနေရတယ်လို့ ကားသမားတစ်ယောက်ကပြောပါတယ်။ “တောလမ်းတွေကိုကွင်းပြီးသွားရတာပေါ့ အဲ့လမ်းတွေကနေ အန်စာတုံးကားလေးတွေတော့သွားလို့ရနေ တယ်။ လမ်းကတော့နည်းနည်းဆိုးတာပေါ့ မြေလမ်းဆိုတော့။ ခရီးလည်း ကြန့်ကြာသွားတာပေါ့ ခရီးသည် ယာဥ်အကြီး Express ကားတွေမရဘူး။ ကုန်ကားတွေတော့မရဘူးပေါ့”လို့ပြောပါတယ်။ အဲ့ဒီအန်စာတုံးကားအသေးတွေနဲ့ တင်နိုင်တဲ့ကုန်ပစ္စည်းတစ်ချို့တော့သယ်ဆောင်လို့ရပေမဲ့ ပစ္စည်းအများအပြားတော့သယ်လို့မရဘူးလို့ ကားသမားတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်း တိုက်ပွဲတွေကြောင့်သွားလာလို့မရတော့တဲ့ နောက် ကချင်ပြည်နယ်အတွင်း အခြေခံကုန်ပစ္စည်းအဝင်မရှိတော့သလို ခရီးသွားလာတဲ့သူတွေ လျော့နည်း သွားတာတော့မရှိဘူးလို့ ကားသမားတစ်ယောက်ကဆက်ပြောပါတယ်။ “အသွားအလာကတော့ မြစ်ကြီးနားဘက်က ပုံမှန်လောက်တော့သွားကြတယ်။ အရင်လောက်တော့မသွား တော့ဘူးပေါ့လေ”လို့ပြောပါတယ်။ ကားလမ်းအသုံးပြုပြီးသွားလာသူအများစုဟာလည်း လေယာဥ်လက်မှတ်မရလို့ မဖြစ်မနေသွားလာရသူတွေ သာများတယ်လို့ဆိုပါတယ်။ လက်တလော ကချင်ပြည်နယ်ဘက်မှာဆိုရင် မော်လူးဒေသကစလို့ လမ်းတွေပိတ်ထားပြီး မန္တလေးကနေ မြစ်ကြီးနားကိုလာရင်တော့ ထီးချိုင့်မြို့နယ် ကျောင်းကုန်းလမ်းဆုံဒေသကစလို့ လမ်းတွေပိတ်ထားတယ်လို့ သိရပါတယ်။ တစ်ဖက်မှာ စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက တိုက်ပွဲတွေကြောင့် ပိတ်ထားရတဲ့ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းပြန်ဖွင့်ဖို့ ကြာမြှင့်အုံးမယ်လို့ ကားသမားတွေဆီ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကအသိပေးလာပြီး ဒီနေ့အထိလည်း ကားလမ်းပိုင်းကပြန်မဖွင့်သေးပါဘူး။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့လောက်ကစကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ အင်းတော်မြို့အပါအဝင် ကချင်နဲ့စစ်ကိုင်းအစပ်ကမြို့တွေကိုသိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲကြောင့် လမ်းတွေပိတ်ထားရတာဖြစ်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၆ ရက်နေ့ဆိုရင် မြစ်ကြီးနား–မန္တလေးကားလမ်းပိုင်း တိုက်ပွဲတွေကြောင့်ပိတ်ထားရ တာ ရက်ပေါင်း ၂၁ အထိရှိလာပြီဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 3 September
    သတင်း

    ကသာကိုတက်လာတဲ့ စစ်သင်္ဘောတွေရဲ့ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးသေဆုံး

    စစ်ကိုင်းတိုင်း ကသာမြို့နယ်ကို မနေ့က စက်တင်ဘာလ ၂ ရက်နေ့မှာရောက်ရှိလာတဲ့ စစ်သင်္ဘောတွေရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ကသာမြို့နယ်အတွင်းက အရပ်သား ၂ ဦးသေဆုံးခဲ့ရတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ “အရပ်သားပြည်သူက သူတို့ပစ်လို့သေတာ ၂ ယောက်ပေါ့။ ၃ ယောက်ဒဏ်ရာရတယ်။ အဲ့ဒီသင်္ဘောပေါ်က နေပစ်တာပေါ့”လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကအတည်ပြုပါတယ်။ သေဆုံးခဲ့သူတွေဟာ ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးကကျေးရွာတွေဖြစ်တဲ့ ကလုံရွာက ၁ ဦး သေဆုံး ၁ ဦးဒဏ်ရာရခဲ့သလို ညောင်ခြေထောက်ကျေးရွာက ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရခဲ့တာလို့ သူကဆက်ပြောပါတယ်။ အဲ့ဒီစစ်သင်္ဘောတွေဟာ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ စစ်အင်အားနဲ့ရိက္ခာတွေတင်လာတဲ့ စစ်သင်္ဘောတွေဖြစ်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်းတက်လာချိန်မှာလည်း တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်ခြင်းကိုဆက်တိုက်ခံခဲ့ရတာဖြစ်ပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့မှာဆိုရင် ထီးချိုင့်မြို့နယ်နဲ့မြတောင်ရွာကြားမှာ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဆက်မသွားနိုင်တော့ဘဲ ထီးချိုင့်မြို့မှတစ်ညအိပ်ခဲ့ရသလို ကသာကိုထွက်လာချိန်မှာလည်း လမ်းတစ်လျှောက် ပစ်ခတ်ခံခဲ့ရတာတွေရှိခဲ့ပါတယ်။ “ကသာမြို့နယ်ကိုတော့ ၅ စီးလုံးရောက်လာပြီ။ ပြီးခဲ့တဲ့ရက်တွေက ထီးချိုင့်မှာပစ်ခတ်ခံရတာတွေလည်း ပြန်ရောက်လာခဲ့တာ။ ၅ စီးလုံးကသာမှာပေါ့ ထီးချိုင့်မှာကသူတို့ခဏကမ်းကပ်ရပြီး ပြန်ဆန်လာတာပေါ့ လေ။”လို့ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ အဲ့ဒီစစ်သင်္ဘော ၅ စီးတက်လာချိန်မှာလည်း ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်မှာနေရာယူထားတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး ၁၈ ဦးဒဏ်ရာ ရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ အခုလို စစ်ကောင်စီဘက်ကသေဆုံးမှုတွေရှိတဲ့အကြောင်း ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပေမဲ့ KNG အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။ တစ်ဖက်မှာ စစ်သင်္ဘောတွေတက်လာချိန်တောက်လျှောက်မှာလည်း ဝေဟင်ကနေ လေကြောင်းပစ်ခတ်မှု တွေဆက်တိုက်လုပ်ပြီးပစ်ကူပေးခဲ့တဲ့အတွက် မနေ့ကလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာ အရပ်သား ၉ ဦးသေဆုံးခဲ့ရပါသေးတယ်။ ဒီတစ်ကြိမ်တက်လာတဲ့ စစ်သင်္ဘောတွေဟာ ဘယ်အထိဦးတည်ဆန်တက်သွားမယ်ဆိုတာတော့မသိရသေး ပေမဲ့ ဗန်းမော်မြို့နယ်မရောက်ခင် ဧရာဝတီစင်းခန်းတံတားကို တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတာကြောင့် ကချင်ပြည်နယ်ထဲကိုတော့ ဝင်ရောက်နိုင်ဖို့မလွယ်ဘူးလို့ မြေပြင်အခြေနေသိရှိသူတွေက သုံးသပ်နေကြပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်အနေနဲ့ ကချင်ပြည်နယ်အထက်ပိုင်းကို ဝင်ရောက်ဖို့ ရေကြောင်းကိုအဓိကထား အသုံးပြုခဲ့ကြပေမယ့် သင်္ဘောတက်လာတိုင်းမြစ်ကြောင်းတစ်လျှောက် ကာကွယ်ရေးတပ်တွေရဲ့တိုက်ခိုက်ခံရမှုကြောင့် အတော်အတန်ကြာ ရပ်နားသွားရာကနေ ခုတစ်ဖန်ပြန်ပြီးဆန်တက်လာတာဘဲဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 3 September
    သတင်း

    ထီးချိုင့်မှာလေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၉ ဦးသေဆုံး

    စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၉ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေဆီကသိရပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင် မိတ္ထီလာကနေတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့  ၂  ကြိမ်တိုင်တိုင်ဗုံးကြဲချခဲ့တာဖြစ်ပြီး ရွာထဲမှာရှိတဲ့ ဆိုင်တစ်ချို့ပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ပြောပါတယ်။ “ထီးချိုင့်အောက်ဖက် သပိတ်ကျင်းမှာ သင်္ဘောတွေပစ်ခတ်ခံရတဲ့နေ့က ဖိုက်တာနဲ့လာပစ်သွားတာ ဒီနေ့အထိ ပြည်သူ ၉ ယောက်အထိသေဆုံးသွားရတာပါ”လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကအတည်ပြုပါတယ်။ လေကြောင်းတိုက်ခိုက်မှုဟာ မောင်းကုန်းရွာဈေးအနီးမှာရှိတဲ့ စားသောက်ဆိုင်နဲ့ နီကယ်ပေါက်ရှေ့နားမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နောက်ထပ်အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါ တယ်။ ဒါ့အပြင် ဒီလုပ်ရပ်ဟာစစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိပဲ အရပ်သားတွေကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့ မောင်းကုန်းကျေးရွာဟာ ကာကွယ်ရေးတပ်တွေ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက နီကယ်စက်ရုံ သိမ်းပိုက်နိုင်ချိန်ကစလို ထိန်းချုပ်စိုးမိုးထားတဲ့ဒေသဖြစ်တယ်လို့ Tigyaing Revolution TR က တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ “ အခြားဒေသတွေလိုပါဘဲဗျ။ ကျနော်တို့စိုးမိုးထားလို့ မလုံခြုံဘူးထင်ရအောင် လေကြောင်း တိုက်ခိုက်တာပါဗျ။တိုက်ပွဲလည်းမရှိပါဘူးကျနော်တို့စိုးမိုးနယ်မြေပါ။ စစ်ရေးအနေအထားလည်းမရှိ ပါဘူး”လို့ပြောပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် တရုတ်ပိုင်နီကယ်စက်ရုံရှိရာ မောင်းကုန်းကျေးရွာက အရပ်သားတွေ ဘေးလွှတ်ရာကို ယာယီထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ထီးချိုင့်မြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့လောက်က စတင်ပြီး မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး မြတောင်ကျေးရွာကိုလက်လွှတ်ထားရတဲ့စစ်ကောင်စီတပ်ဟာ ထီးချိုင့်မြို့တွင်း ရဲစခန်းတစ်ဝှိုက်မှာသာ အထိုင်ချပြီး မြို့လက်မလွှတ်ရရေးဆက်လက်ခုခံနေတယ်လို့ သိရပါတယ်။ စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်အပါအဝင် အင်းတော်၊ပင်လည်ဘူး ဒေသတို့မှာလည်း KIA နဲ့ပူးပေါင်း အဖွဲ့ရဲ့ မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးတွေကြောင့် စစ်ကောင်စီတပ်ဟာ လေကြောင်း၊ ကုန်းကြောင်းအပါ အဝင် ရေကြောင်းပါအသုံးပြုရိက္ခာဖြည့်တင်းတာတွေလုပ်လာပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ NUG လက်အောက်ခံ ကာကွယ်ရေးတပ်၊ ABSDF ကျောင်းသားတပ် မတော် နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်မှစတင်ကာ စစ်ကိုင်း နဲ့ကချင်အစပ်က မြို့တွေမှာမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Aug- 2024 -
    26 August
    သတင်း

    အင်းတော်မြို့သိမ်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းနဲ့အပြင်းထန်တိုက်ခိုက်နေ

    “လေယာဥ်ကတော့မနက်တိုင်း၊နေ့တိုင်းကြဲ ညကိုလဲလာကြဲတယ်။ပြီးရင်လေထီးနဲ့အထုပ်တွေချ နေ့တိုင်းပဲ။  လက်နက်ကြီးတွေဟောင်ဝစ်ဇာတွေနဲ့ကတော့ အထိုင်တပ်ဂျပန်လှိုဏ်ဂူကနေပစ်တာပေါ့။ လေယာဥ်က တော့ နေ့တိုင်းပေါ့ ဒီမနက်လည်းကြဲပြီးသွားပြီ” လို့ပြောပါတယ်။

    Read More »
  • 26 August
    သတင်း

    စစ်ကိုင်း- ကချင်အစပ်ကားလမ်းမကြီးပိတ်ထားတဲ့ ကချင်ပြည်နယ် ကုန်စျေးနှုန်းအဆမတန် မြင့်တက်နေဆဲ

    ကချင်– စစ်ကိုင်းအစပ်ဒေသတစ်လျှောက် တိုက်ပွဲပြင်းထန်နေတဲ့အတွက် ကားလမ်းပိုင်းသွားလာခွင့်ပိတ်ထားတာကြောင့် ကုန်ကားအဝင်မရှိတော့တဲ့ ကချင်ပြည်နယ်မှာ ကုန်စျေးနှုန်းတွေ တစ်ရက်ထက် တစ်ရက်ပိုမြင့်တက်လာနေတယ်လို့ ပြည်သူတွေကပြောပါတယ်။ ဩဂုတ်လ ၂၂ ရက်နေ့ကစပြီး ကချင်– စစ်ကိုင်းအစပ်ဖြစ်တဲ့ ကသာခရိုင် အင်းတော်– ထီးချိုင့်– ပင်လည်ဘူးမြို့တွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေတာကြောင့် အင်းတော်လမ်းပိုင်း သွားလာခွင့် နှစ်ဖက်လက်နက်ကိုင်တပ်က ပိတ်ထားတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေကပြောပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်အတွင်းသို့ အခြေခံစားသောက်ကုန်တွေတင်သွင်းတဲ့ အဓိကလမ်းမကြီးပိတ်ထားတာကြောင့် ကုန်ကားတွေအဝင်မရှိတော့တဲ့အတွက် ကုန်စျေးနှုန်းတွေ တစ်ရက်ကို ပျှမ်းမျှ ၅၀၀ နှုန်းနဲ့စျေးတက်နေတယ်လို့ ကချင်ပြည်တွင်းနေထိုင်တဲ့ ပြည်သူတွေကပြောပါတယ်။ ခရိုင် ၄ ခု၊မြို့နယ် ၁၈ မြို့နယ် လူဦးရေ ၁ သန်းကျော်ရှိတဲ့ ကချင်ပြည်နယ်အတွင်း  မြို့ ၃  မြို့ရဲ့ အခြေံစားသောက်ကုန်စျေးနှုန်းတွေကို စုစည်းထားပါတယ်။  မြစ်ကြီးနားမြို့ အခြေခံကုန်ဈေးနှုန်း ကချင်ပြည်နယ်ရဲ့ မြို့တော်မြစ်ကြီးနားမှာ လက်ရှိကုန်ဈေးနှုန်းတွေဟာ နေ့တိုင်း ကျပ်ငါးရာ နဲ့ တစ်ထောင်ဝန်းကျင်တက်နေတယ်လို့ မြစ်ကြီးနားမြို့ခံတွေကပြောပါတယ်။ “တစ်ရက်ကို ၅၀၀လောက်ဈေးတက်နေတော့ ကျွန်မတို့လို ဈေးဝယ်ရောင်းတဲ့သူတွေအတွက်ကတော့  အရင်းရှုံးသွားတာပေါ့။ ဥပမာ ခါတိုင်း နှစ်သိန်းလောက်ဘဲ ရောင်းတာကနေ  နှစ်ဆလောက် လေးသိန်းလောက်လောက်ထိရောင်းနိုင်မှ အဆင်ပြေတယ်“လို့ ဈေးဆိုင်ဖွင့်ထားတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး ဗန်းမော်ထဲကို အခြေခံစားသောက်ကုန်ဝင်ရောက်နိုင်တဲ့ လမ်းကြောင်း ၃ ကြောင်းရှိပါတယ်။ ဗန်းမော်– မန္တလေးကုန်ကြောင်းလမ်း၊ ဗန်းမော်– လွယ်ဂျယ်လမ်း၊ ဗန်းမော်– မန္တလေး ရေကြောင်းလမ်းရှိပါတယ်။ သို့သော် လက်ရှိ ဗန်းမော်– မန္တလေးကုန်ကြောင်းလမ်းဟာ တိုက်ပွဲကြောင့် ပိတ်ထားသလို ဗန်းမော်– လွယ်ဂျယ်လမ်းကလည်း စစ်ရေးအခြေနေကြောင့် သွားလာရခက်ခဲနေပြီး ဗန်းမော်– မန္တလေးရေကြောင်းလမ်းဟာ အာဏာသိမ်းပြီးနောက် ကုန်သင်္ဘောဝင်ရောက်ခြင်းမရှိတော့ပေ။ ဩဂုတ်လ ၂၂ ရက်နေ့ ကချင်– စစ်ကိုင်းအစပ်မှာ တိုက်ပွဲမဖြစ်ခင် ဗန်းမော်မြို့ထဲ ကုန်ကားတွေအဝင်ရှိပေမယ့် လတ်တလော ပြင်းထန်နေတဲ့တိုက်ပွဲကြောင့် ကုန်ကားအဝင်မရှိတော့တဲ့အတွက် ကုန်စျေးနှန်းတွေမြင့်တက်နေတယ်လို့ ဗန်းမော်မြို့ ပြည်သူတွေက ပြောပါတယ်။ ဖားကန့်မြို့ ကုန်စျေးနှုန်း ဖားကန့်ဒေသမှာ ဩဂုတ်လ တတိယအပတ်ကပြီး  အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်‌ဒေသသို့ သယ်ယူ၊ပို့ဆောင် ရောင်းချပေးတဲ့ ကုန်စိမ်းကားများ ရက်သတ္တပါတ်အတွင်း ဝင်ရောက်မှုမရှိတဲ့အတွက် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ မြင့်တက်လာခဲ့တယ်လို့ လုံးခင်းဈေးထဲမှာ ဈေးရောင်းချသူတစ်ဦး အခုလို ပြောပြပါတယ်။ “အခုက မိုးညှင်း၊ဟိုပင်က ကုန်ကားတွေတော့ ဝင်တယ်၊ အောက်ပိုင်း(မန္တလေး)က ကုန်ကားတွေ မဝင်တော့ အဲ့ဒီဒေသက ကုန်ပစ္စည်းတွေပြတ်လပ်ပြီး ဈေးတက်ကုန်တာပေါ့” ဟု ‌ဈေးရောင်းချသူတစ်ဦးက ပြောပါတယ်။ အလားတူပဲ ကွမ်းရွက်တစ်ပိသာဈေးမှာ ငွေကျပ် တစ်သိန်းနှုန်း‌ ပေါက်ဈေး‌ရှိနေပြီး၊ကွမ်းရွက်အဝင် မရှိလို့ ဈေးဆိုင်ပိတ်သိမ်းထားရတယ်လို့ ကွမ်းယာရောင်းချသူတစ်ဦးထံမှ သိရပါတယ်။ ခုလို အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ တက်နေပေမဲ့၊ဆန်နှင့်စားဆီကတော့ ဈေးနှုန်းမြင့်တက်လာမှု မရှိသေးကြောင်း လုံးခင်းဒေသမှာရှိတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ဆန်၊ဆီနဲ့ သားငါးဈေးက အဲ့လောက်ထိ မတက်သေးဘူး၊အဓိကက အောက်ပိုင်း(မန္တလေး)က ကုန်ကားတွေ မဝင်လာတဲ့အတွက် ခရမ်းချဉ်သီး၊ဂေါ်ဖီထုပ်၊ကြက်ဥတို့က ဈေးတက်ကုန်တာ“လို့ လုံးခင်းဒေသခံ မရီရီ(အမည်လွှဲ)က ပြောပြပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေးစနစ်တွေ ဖြတ်တောက်ခံထားရတဲ့အတွက် အင်တာနက်အသုံးပြုခမှာ တစ်နာရီ တစ်သောင်း၊နှစ်သောင်း၊ သုံးသောင်းပေးပြီး အသုံးပြုနေကြရပါတယ်။ ဖားကန့်ဒေသဟာ ကချင်ပြည်နယ်အတွင်းရှိ ကုန်းတွင်းပိတ်ဒေသအဖြစ်တည်ရှိနေပြီး သယံဇာတ တူးဖော်မှု လုပ်ငန်းများအား အဓိကထားလုပ်ကိုင်နေရာ စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းများ အားနည်းသည့်အလျှောက် ကုန်ပစ္စည်း၊စားသောက်ကုန်များအား အောက်ပြည်၊အောက်ရွာ(မန္တလေး)နဲ့ ဒေသတွင်းမြို့များမှ တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။…

    Read More »
  • Jul- 2024 -
    16 July
    သတင်း

    ကသာမှာ ရွာပေါင်း ၃၀ လောက်မှာ ရေဝပ်နေတဲ့အတွက် ရေဘေးကြုံခဲ့ရ

    စစ်ကိုင်းနဲ့ကချင်အစပ်က ကသာမြို့နယ်မှာ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရွာပေါင်း ၃၀ လောက် ရေဘေးအန္တရာယ်ကြုံတွေခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့ကနေ ဧရာဝတီမြစ်ရေဟာ ကသာမြို့နယ်မှာ စိုးရိမ်ရေအမှတ်အောက်ကို ရောက်ရှိသွားပြီ မြစ်ကမ်းနဘေးက ကျေးရွာတွေနဲ့ မြေနိမ့်ပိုင်းကျေးရွာတွေ ရေဝပ်နေဆဲဖြစ်ပါတယ်။ လက်ရှိ ရေဘေးကြုံခဲ့ရတဲ့ဒေသခံတွေအတွက် အစား အသောက်၊ ဆေးဝါးနဲ့ အကူညီတွေလိုအပ်နေပြီး ကသာဒေသခံတွေဟာဖုန်း နဲ့ အင်တာနက်လိုင်းပြတ်တောက်မှုတွေကြောင့် ရေဘေးအတွက်ကြိုတင် ပြင်ဆင်ချိန်လည်းမရလိုက်ဘူး လို့ဒေသခံတွေကပြောပါတယ်။ “ကျနော်တို့လူထုတွေကလည်း မိုးလေဝသသတင်းအချက်လက်တွေက သတင်းနားထောင်တာတွေလည်း နည်းသလို အင်တာနက်မရတော့လည်းသတင်းတွေကမသိရဘူးလေ။ မသိရတော့ ကြိုကြေညာထားလည်း ရွှေ့ပြောင်းတာမလုပ်ဘူး ရေရောက်လာမှပဲ လုပ်ကြတဲ့အခါ ပြင်ဆင်ချိန်အားနည်းတာပေါ့ ဆေးဝါးနဲ့ စား နပ်ရိက္ခာပါပဲ အဓိကပဲ”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ ရေဘေးကြုံခဲ့ရတဲ့ ကျေးရွာတွေက ကျော်ပင်၊ သံပုရာကျွန်း၊ ညောင်ခြေထောက်၊ ကျောက်ပုံ၊ ကလုံ ဆယ်ကြီး နဲ့ ဒေါင့်ကြီးစတဲ့ကျေးရွာတွေအပါအဝင် မြေနိမ့်ပိုင်းကျေးရွာပေါင်း ၃၀ လောက်ရေဘေးကြုံတွေ့ ခဲ့ကြရတာဖြစ်ပါတယ်။ ဧရာဝတီမြစ်ရေဟာ ကသာမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကစပြီး တဖြည်းဖြည်းမြင့်တက်လာရာ ကနေ ဇူလိုင်လ ၁၃ ရက်နေ့အထိ အမြင့်ဆုံးစိုးရိမ်ရေအမှတ်အထက် ပေဝက်ခန့်ကျော်လွန်ရောက်ရှိခဲ့ ကြောင်း မိုးဇလရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ဒါ့အပြင် တစ်ဖက်မှာတော့ တိရစ္ဆာန်သေဆုံးမှုနဲ့ စပါးခင်းပျက်စီးမှုတွေများပြားသလို လူပျောက်ဆုံးနေတာ တွေပါရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ “အရင်နှစ်တွေနဲ့မတူပဲ ရေကတစ်အားတိုးလိုက်တယ်။ ရေကနေ့ချင်းညချင်းတိုးပြီးဖြစ်သွားလိုက်တာ။ ပျောက်ဆုံးတာတွေလည်းရှိတယ်။ ပျောက်သွားတာတွေလည်းအခုချိန်ထိဆက်သွယ်လို့မရသေးဘူး။ “လို့ပြောပါတယ်။ ရေနစ်ပြီးတဲ့နောက်ပိုင်းပျောက်ဆုံးသူတွေရှိပေမဲ့လည်း အတိအကျအတည်ပြုဖို့ခက်သလို ပျောက်ဆုံးသူ တွေရှိတာတော့သေချာကြောင်းဒေသခံတွေကဆိုပါတယ်။ ဒါ့အပြင် ကသာမြို့နယ်အတွင်း စက်သုံးဆီပြတ်လက်မှုနဲ့ စက်သုံးဆီဈေးနှုန်းမြှင့်တက်မှုတွေကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာအခက်အခဲတွေရှိနေတယ်လို့ပြောပါတယ်။ လက်ရှိတော့ ရေဘေးသင့်ခဲ့တဲ့ ကျေးရွာတွေအတွက် ဆေးဝါးနဲ့အစားအသောက်အကူညီတွေများစွာလိုအပ် နေပြီး ပြန်လည်ထူထောင်ရေးအတွက်လည်းအကူညီတွေလိုအပ်နေတယ်လို့ပြောပါတယ်။…

    Read More »
  • 9 July
    သတင်း

    နန်းယွန်း-ပန်ဆောင် ကားလမ်းပိုင်းမြေပြိုကျနေတဲ့အတွက် ခရီးသွားပြည်သူတွေ သွားလာရေးခက်ခဲနေ

    စစ်ကိုင်းတိုင်း အထက်ပိုင်းနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်နဲ့ ပန်းဆောင်မြို့နယ်ကြားမှာ ကားလမ်းမြေပြိုကျမှု ဆိုးဆိုးရွားရွားဖြစ်နေတာကြောင့် ခရီးသွားပြည်သူတွေအတွက် သွားလာရေးခက်ခဲနေတယ်လို့သိရပါတယ်။ နာဂဒေသ နန်းယွန်းမြို့နယ်နဲ့ ပန်ဆောင်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်ကျော်ကတည်းက မိုးသည်းထန်စွာရွာသွန်းခဲ့ရာမှာ လေးပြင်းတိုက်ခတ်တာတွေ၊ ကားလမ်းမမြေပြိုကျပြီး သစ်ပင်ကျိုးကျတာတွေကြောင့် ကားလမ်းပိုင်းမှာသွားလာရခက်ခဲ့တာ ၂ ပတ်ကျော်လာပြီလို့ နန်းယွန်းမြို့ခံ လူငယ်တစ်ဦးက KNGကိုပြောပါတယ်။ “လမ်းတွေပြိုတာက နှစ်ပတ်လောက်တော့ရှိပြီ ကားသေးလေးတွေကစသွားလို့မရဘူး။ ဆိုင်ကယ်တော့သွားလို့ရတယ် ဒါပေမယ့် ခက်ခက်ခဲခဲသွားရတယ် ဆိုင်ကယ်ထမ်းသယ်ရတဲ့နေရာရှိတယ် တွန်းရတဲ့နေရာတွေရှိတယ် လူတောင်သိပ်မသွားလာကြဘူး။ ခုတလောကလမ်းအရမ်းဆ်ိုးတယ်”လို့ သူကပြောပါတယ်။ နန်းယွန်း နဲ့ ပန်ဆောင်မြို့နယ်ကို လီဒိုကားလမ်းမကြီး နဲ့ ဆက်သွယ်ထားတာဖြစ်ပြီး လက်ရှိကားလမ်းမြေပြိုမှုဆိုးဆိုးရွားရွားဖြစ်တဲ့နေရာဟာ နန်းယွန်းမြို့အကျော် ယောင်းငွေးကျေးရွာအနီးတစ်နေရာ၊ ပန်ဆောင်မြို့နယ်ထဲက လောက်လိုင်ကျေးရွာနဲ့ ပန်ဆောင်မြို့ကြားထဲက ဒေသအခေါ် (လင်းနို့ချောင်းအနီး)မှာ တစ်နေရာမှာအဆိုးဝါးဆုံးဖြစ်တယ်လို့ သိရပါတယ်။ ကားလမ်းမြေပြိုသွားတဲ့နေရာတွေမှာ ဆိုင်ကယ်တွေကိုလူအင်အားသုံးပြီးသယ်ရွေ့ရတာကြောင့် ခရီးသွားပြည်သူတွေငွေကုန်ကြေးကျပိုများတာ အချိန်ကြန့်ကြာတဲ့အခက်အခဲတွေကိုကြုံတွေ့နေရတယ်လို့ နောက်ထပ် နန်းယွန်းမြို့ခံလူငယ်တစ်ဦးက ဆက်ပြောပါတယ်။ “ကယ်ရီခက လူတစ်ယောက်ကို တစ်သိန်း ၊တစ်သိန်းနှစ်သောင်းရှိတယ် လမ်းပျက်တဲ့နေရာမှာဆိုင်ကယ် မပြီးရွှေ့ရတော့ အဲ့မှာတစ်နေရာ နှစ်သောင်းပေါ့ နှစ်နေရာရှိတယ် အဲ့မှာလေးသောင်းပေးရတယ်ဗျ အရင်ကထက်ပိုကုန်တာပေါ့”လို့သူကဆက်ပြောပါတယ်။ ကားလမ်းပြိုတဲ့နေရာမှာ ဆိုင်ကယ်မပြီး ရွေ့ပေးတဲ့လူငယ်တွေကို  ဆိုင်ကယ်တစ်စီးကိုကျပ် ၂ သောင်းပေးရတယ်လို့သိရပါတယ်။ ပန်းဆောင်မြို့နယ်လူထုအတွက် အခြေခံစားသောက်ကုန်တွေနဲ့လူသူံးကုန်တွေကို အိန္ဒိယဘက်က သယ်ယူတာရှိသလို မြန်မာဘက်ခြမ်းကလည်းသယ်ယူရတာရှိပေမယ့် လက်ရှိကားလမ်းပြတ်တောက်မှုကြောင့် မြန်မာဘက်ခြမ်းကသယ်ယူတဲ့ကုန်စည်တွေစျေးထိုးတက်နေတယ်လို့လည်းသိရပါတယ်။ ဒါ့အပြင် နန်းယွန်းနဲ့ ပန်ဆောင်မြို့နယ်တွေထဲမှာ အခုလိုရာသီဥတုဆိုးဝါးမှုတွေကြောင့်ဖုန်းဆက်သွယ်ရေးလိူင်းတွေလည်းခက်ခဲနေပါတယ်။ လီဒိုကားလမ်းပိုင်းတစ်ခုတည်းနဲ့သွားလာလို့ရတဲ့ နန်းယွန်းမြို့နယ်ဟာ ကချင်နဲ့စစ်ကိုင်းအစပ်ကနယ်စပ်မြို့ဖြစ်သလို ပန်ဆောင်မြို့နယ်ဟာလည်း အိန္ဒိယ– မြန်မာ နယ်စပ်စည်းရိုးမှာရှိတဲ့မြို့တွေ ဖြစ်ပါတယ်။ By…

    Read More »
  • Jun- 2024 -
    25 June
    သတင်း

    ကောလင်းမြို့နယ်က စစ်ဘေးရှောင်တွေ အကူညီတွေလိုအပ်နေ

    စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာ နဲ့ အမိုးအကာအကူညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးရေးအဖွဲ့တွေဆီကသိရပါတယ်။ ဘေးလွှတ်ရာတောတောင်တွေထဲဖြစ်သလို တဲထိုးပြီးနေထိုင်နေရတဲ့ ကောလင်းစစ်ဘေးရှောင်တွေဟာ မိုးတွင်းရောက်လာတာနဲ့အတူ အကူညီတွေပိုပြီးလိုအပ်လာပြီး အစားအသောက်နဲ့ အမိုးအကာတွေက အဓိကလိုအပ်ချက်ဖြစ်တယ်လို့ ကောလင်းအနောက်ဘက်ခြမ်းက စစ်ဘေးရှောင်တစ်ယောက်ကပြော ပါတယ်။ “ဒီဘက်မှာက အကူညီပေးတဲ့အဖွဲ့တွေကမရောက်ခဲ့တဲ့အခါကျတော့ အကူအညီတွေကတော့ လိုအပ်ချက် တွေပဲဖြစ်နေတာပေါ့။ နောက်ဒီမှာက ဖြစ်သလိုပဲ အင်ဖက်တွေနဲ့မိုးပြီးနေရတဲ့အနေအထားဖြစ်တယ်။ ဒီနေရာမှာ စားရေးသောက်ရေးနဲ့ပတ်သက်ပြီး တကယ်ခက်ခဲတဲ့သူတွေလည်းရှိတယ် အကူညီတွေက တော်တော်ကြီးကိုလိုအပ်နေတာ”လို့ပြောပါတယ်။ ဒါ့အပြင် သောက်သုံးရေရရှိဖို့ခက်ခဲတဲ့အတွက် စစ်ဘေးရှောင်တွေ ကျန်းမာရေးထိခိုက်တာတွေအထိ ဖြစ်လာပြီး အဲ့ဒီအတွက်လည်း ဆေးဝါးအကူညီတွေလိုအပ်ချက်တွေရှိတယ်လို့ သိရပါတယ်။ တစ်ဖက်မှာ ကောလင်းဒေသခံတွေဟာ မြို့နယ်အတွင်းက စစ်ကောင်စီနဲ့လွှတ်ကင်းတဲ့နေရာတွေဆီ တိမ်းရှောင်ရတာဖြစ်တဲ့အတွက် ချောင်ကျတဲ့နေရာတွေကိုတိမ်းရှောင်ကြတဲ့ဒေသခံတွေဆိုရင် အကူအညီ မရတာမျိုးတွေရှိတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ယောက်ကအခုလိုပြောပါတယ်။ “ကျမတို့ပြေးတဲ့နေရာကျတော့ ချောင်လည်းကျတယ်။ ကျမတို့ဘက်မှာ ဆန်တော့တစ်ခေါက် ရဖူးပါ တယ်။ တော်တော်လေးအဆင်မပြေတဲ့မိသားစုတွေရှိတယ်။ ကျမတို့လည်းပါလာတဲ့ပစ္စည်းတွေကို ဝေငှရင်းနဲ့ မမျှ နိုင်တော့ဘူး ကိုယ့်ဟာကိုယ်အနိုင်နိုင်ပေါ့။ တစ်ခြားဘက်မှာလည်းလာလှူပေမယ့် ကျမတို့ဘက်မှာကျတော့ ချောင်လည်းကျတယ် လမ်းမကောင်းတော့မရောက်ရှိသေးတာပေါ့နော်”လို့ပြောပါတယ်။ ကောလင်းမြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ပထမအပတ်လောက်က KIA နဲ့ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ကာ ၃ လကြာထိန်းချုပ်ထားခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ် ဆီ ပြန်လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီလို လက်လွှတ်ခဲ့ရပြီးတဲ့နောက် စစ်ကောင်စီတပ်က ကောလင်းမြို့တွင်းရပ်ကွက်နဲ့ ရွာတစ်ချို့က ကနေအိမ်တွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံတွေဒုနဲ့ဒေးဘေးလွှတ်ရာထွက်ပြေးခဲ့ ကြရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ လက်ရှိ ကောလင်းမြို့နယ်မှာ ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတဲ့ လူဦးရေ ၄ သောင်း ဝန်းကျင်လောက်ရှိပြီး ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ စာရင်းအရ တစ်နိုင်ငံလုံးမှာ ဘေးလွှတ်ရာထွက်ပြေးနေရတဲ့ လူဦးရေ သုံးသန်းကျော်ရှိနေပြီလို့ဖော်ပြထားပါတယ်။ By – အမိုး

    Read More »
Back to top button