ပူတာအို
-
Dec- 2024 -5 Decemberအင်တာဗျူး
၆ လခန့်အထိ လမ်းပန်းဆက်သွယ်ရေးခက်ခဲခဲ့ရတဲ့ ပူတာအိုပြည်သူတွေရဲ့အခက်ခဲကို လူမှုကူညီရေးအဖွဲ့တွေ ဘယ်လို ဝိုင်းဝန်းဖြေရှင်းပေးခဲ့ကြလဲ။
ကချင်ပြည်နယ်မှာ စစ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် စားဝတ်နေရေးကြပ်တည်းမှုဒဏ်ကို ပြင်းပြင်းထန်ထန် ကြုံတွေ့ခဲ့ရတဲ့ ပူတာအိုဒေသခံပြည်သူတွေအတွက် ဒေသအတွင်းဖွဲ့စည်းထားတဲ့ ‘စုပေါင်း လူမှုကူညီရေးအသင်း’ကနေပြီး ၆ လအတွင်း စက်သုံးဆီ ပေပါ ၂ ထောင်ကျော်နဲ့ ဆန်အိတ် ၅ ထောင်ခန့်အထိ သယ်ယူပြီး ဒေသခံပြည်သူတွေရဲ့ အခက်အခဲကို သယ်ပိုးဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်းဟာ ၂၀၂၄ ခုနှစ်၊ မတ်လလောက်ကနေ ဆွမ်ပရာဘွမ့်မြို့သိမ်းတိုက်ပွဲစတင်ဖြစ်ပွားခဲ့တာကြောင့် မေလအထိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၃ လအတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက်စစ်တပ်က ပိတ်လိုက်တာဖြစ်ပါတယ်။ တိုက်ပွဲအခြေအနေကြောင့် နှစ်ဖက်စစ်တပ်ပိတ်ထားတဲ့ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်ကားလမ်းပိုင်းမှာ ရက်ကြာရှည်စွာ မည်သည့်ယာဉ်မှ သွားလာလို့မရတော့ဘဲ ပူတာအိုခရိုင်တစ်ခုလုံး မှီခိုအားထားရတဲ့ ပူတာအိုမြို့နယ်ထဲမှာတင် စက်သုံးဆီနဲ့ စားသောက်ကုန် ပစ္စည်းတွေ ပြတ်လပ်သွားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအထိ လမ်းပိုင်းပျက်စီးလို့မဟုတ်ဘဲ တိုက်ပွဲကြောင့် ပိတ်ထားတဲ့ မြစ်ကြီးနား – ဆွမ်ပရာဘွမ့် ကားလမ်းပိုင်းမှာ စက်သုံးဆီနဲ့ စားသောက်ကုန်ပစ္စည်းတွေ သယ်ယူနိုင်ဖို့ရန်အတွက် ပူတာအိုဒေသထဲမှာ လူမှုအကျိုးပြုနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေ စုပေါင်းပြီး ကော်မတီတစ်ရပ်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ ပူတာအိုဒေသခံ ပြည်သူတွေရဲ့ စားဝတ်နေရေးအကြပ်အတည်းကို ကူညီဆောင်ရွက်ပေးဖို့အတွက် အရပ်ဖက်အဖွဲ့အစည်းတွေဖွင့်လှစ်ထားတဲ့ ‘စုပေါင်းပေါင်းလူမှုကူညီရေးအသင်း’အမည်ရှိတဲ့ အဖွဲ့အစည်းတွေဟာ စက်သုံးဆီနဲ့ စားသောက်ကုန်ပစ္စည်းတွေ ပူတာအိုမြို့နယ်ထဲကို ဝင်ရောက်လာဖို့ရန် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက်စစ်တပ်ကို ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့ အကူအညီနဲ့ ညှိနှိုင်းမှုရရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလဆန်းပိုင်း ၅ ရက်နေ့ ဆွမ့်ပရာဘွမ့်မြို့နယ်တစ်ခုလုံးကို KIA သိမ်းပိုက်ပြီးနောက် ဇွန်းလဆန်းပိုင်းမှာ ပူတာအိုမြို့နယ်ထဲ ကုန်ကားတွေကို အကန့်အသတ်နဲ့ ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီဇွန်လထဲမှာ ပူတာအိုမြို့ထဲကို စုပေါင်းလူမှုကူညီရေးအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်နဲ့ စက်သုံးဆီနဲ့ စားသောက်ကုန်ပစ္စည်းတွေကို သယ်ယူနေတဲ့ အချိန်အတွင်းမှာပဲ ဇူလိုင်လဆန်းပိုင်းကနေ စတင်ပြီး ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ရေကြီးရေလျှံဖြစ်ပြီးကာ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်းပိုင်း ကုန်ကားတွေ ထပ်မံသွားလာလို့မရအောင် ကားလမ်းပိုင်းပျက်စီးသွားတာဖြစ်ပါတယ်။ တိုက်ပွဲကြောင့် ၃ လကျော်ခန့် အကြာပိတ်သွားတဲ့ မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းဟာ ဇွန်လထဲ ကုန်ကားတွေ ပြန်လည် သွားလာခွင့်ရရှိခဲ့ပေမယ့် လမ်းပိုင်းပျက်စီးမှုကြောင့် ဒုတိယအကြိမ် ၃ လခန့်အထိ ပြန်လည်ပိတ်သွားတာဖြစ်ပါတယ်။ အခုလို တိုက်ပွဲကြောင့်လမ်းပန်းဆက်သွယ်ရေးခက်ခဲသွားတဲ့အပြင် ရေကြီးရေလျှံဖြစ်ပြီး လမ်းပိုင်းပျက်စီးမှုကြောင့် အချိန်ကာလ ၆ လဝန်းကျင်ခန့် သွာလာဖို့ ခက်ခဲနေတဲ့ အချိန်အတွင်းမှာ ပူတာအိုဒေသခံပြည်သူ အရပ်ဖက်လူမှုကူညီရေးအဖွဲ့တွေ ဖွဲ့စည်းထားတဲ့ ‘စုပေါင်းလူမှုကူညီရေးအသင်း’က ပူတာအိုဒေသထဲကို ဆန်အိတ် ၅ ထောင်ခန့်အထိ၊ ဆီပေ ၂ ထောင်ကျော် သယ်ယူပြီး ကူညီပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ အချိန်အထိလည်း စုပေါင်းလူမှုကူညီရေးအသင်းအဖွဲ့ကနေ ပူတာအိုဒေသအတွင်း ခက်ခဲနေတဲ့ နေရာဒေသတွေမှာ သွားရောက်ပြီး ဆန်၊ ဆီ၊ ဆား၊ စက်သုံးဆီတွေကို အခမဲ့လိုက်လံကူညီပေးနေသလို သယ်ယူထားတဲ့ စားသောက်ကုန်ပစ္စည်းတွေကိုလည်း အပြင်စျေးနဲ့ မတူဘဲ ပြည်သူတွေဆီကို ရောင်းချပေးနေတယ်လို့ ဆက်သိရပါတယ်။ ဒါကြောင့် လက်ရှိ ပူတာအိုဒေသမှာ စစ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အဖက်ဖက်ကနေ ကြပ်တည်းနေတဲ့ ကာလအတွင်း ဒေသခံပြည်သူတွေရဲ့ အခက်အခဲတွေကို ဘယ်လို ကူညီဆောင်ရွက်ပေးခဲ့သလဲ၊ ဘာကြောင့် လူမှုကူညီရေးအဖွဲ့တွေ စုပေါင်းပြီး ကူညီဆောင်ရွက်ခဲ့ရသလဲ အခြေအနေ တစ်ရပ်လုံးကို ‘စုပေါင်းလူမှုကူညီရေးအသင်း’က တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်ပေးမြန်းထားပါတယ်။ မေး။ ။ မင်္ဂလာပါ ဆရာ။ ဆရာတို့အနေနဲ့ ပူတာအိုဒေသမှာ ခက်ခဲနေတဲ့ ပြည်သူတွေအတွက်ဆိုပြီး အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းပြီးတော့ ကူညီရေးတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဘယ်လို နည်းလမ်းတွေနဲ့ ဆောင်ရွက်ပေးနေပါသလဲ။ ဖြေ။ ။ ကျနော်တို့က ‘အရပ်ဖက်အဖွဲ့အစည်း စုပေါင်းကော်မတီ’ လို့ခေါ်ပါတယ်။ အဓိကတော့ ပူတာအိုဒေသမှာ ဆန်၊ ဆီ ပြတ်လပ်မှုပြဿနာကို ဖြေရှင်းဖို့အတွက် ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းပါ။ ဖွဲ့စည်းထားတာလည်း ၆ လစီမံကိန်းနဲ့ပဲ ဖွဲ့စည်းထားတာဖြစ်တယ်။ အခုချိန်အထိလည်း ကူညီရေးတွေ ဆက်တိုက်လုပ်ဆောင်ပေးနေပါတယ်။ ကျနော်တို့ လုပ်ဆောင်ပေးတဲ့အထဲမှာ ကုန်ပစ္စည်းနဲ့ စက်သုံးဆီတွေကို သယ်ယူပြီး ပူတာအိုဒေသမှာ စျေးနှုန်းသက်သာစွာနဲ့ ပြန်ရောင်းချပေးသလို အရမ်းခက်ခဲတဲ့ ပြည်သူတွေကိုတော့ အခမဲ့ကူညီပေးနေပါတယ်။ အခုရက်ပိုင်းအတွင်းမှာလည်း ခက်ခဲတဲ့ ဒေသဆီသွားပြီး ဆန်အိတ် ၁၅၀ ထပ်ပေးဖို့ စီစဉ်နေပါတယ်။ ဒါကတစ်ပိုင်း။ နောက်တစ်ပိုင်းက အားလုံးကို အခမဲ့မပေးနိုင်တာဖြစ်တဲ့အတွက် ဝယ်စျေးအတိုင်း ပြည်သူတွေ သက်သာအောင် ပြန်ရောင်းချပေးပါတယ်။ မေး။ ။ အခုလို ဖွဲ့စည်းလိုက်ပြီး ပူတာအိုဒေသခံပြည်သူတွေအတွက် ဘယ်လောက်အထိ လုပ်ဆောင်ပေးနိုင်ခဲ့သလဲ။ တကယ်ကော ထိရောက်မှုရှိခဲ့လား။ ဖြေ။ ။ ကျနော်တို့ စတင်ဖွဲ့စည်းလိုက်ကတည်းကလည်း ပူတာအိုဒေသတစ်ခုလုံး ဆန်နဲ့ စက်သုံးဆီက လုံးဝပြတ်လပ်သွားတဲ့ အချိန်ဖြစ်တယ်။ ရှိရင်တောင် ဓါတ်ဆီတစ်ပေပါ သိန်း ၅၀၊ ၆၀ အထိရှိတယ်။ အဲလို ခက်ခဲနေတဲ့အချိန် ဓါတ်ဆီပေပါ နှစ်ထောင်ကျော် တင်သွင်းနိုင်ခဲ့တယ်။ ဥပမာ – ဆီတစ်ပေပါ သိန်း ၃၀ စျေးရှိနေတဲ့အချိန် ၂၁ သိန်းလောက်နဲ့ ပြည်သူတွေကိုရောင်းချပေးတယ်။ ထိုနည်းတူ ဆန်အိတ်လည်း ၄၀၀၀ ဝန်းကျင်တင်သွင်းနိုင်ခဲ့တယ်။ အပြင်မှာ ၃ သိန်းအထိတောင် စျေးတက်နေတဲ့အချိန် ဝယ်စျေးနဲ့ မကွာပဲ ရောင်းချပေးခဲ့ပါတယ်။ မေး။ …
Read More » -
2 Decemberသတင်း
လုံရှာယာန်ကျေးရွာဘက်သွားမည့် မည်သူမဆို ခလရ ၄၆ ဗျူဟာမှူးဆီမှာ အမည်စာရင်းကြိုပေးရ
ကချင်ပြည်နယ် ပူတာအိုမြို့ကနေ လုံရှာယာန်ကျေးရွာဘက်သွားမည့် မည်သူမဆို ပူတာအိုမြို့တွင်းတပ်ဖြစ်တဲ့ ခလရ ၄၆ တပ်ဗျူဟာမှူးဆီမှာ နာမည်စာရင်းကြိုတင်ပေးရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး ပူတာအိုမြို့ကနေ လုံရှာယာန်ကျေးရွာဘက်ကိုသွားမည့်သူများ၊ လုံရှာယာန်ကျေးရွာကိုကျော်ပြီး ဆွမ်ပရာဘွမ်၊မြစ်ကြီးနားဘက်ကိုသွားမည့် မည်သည့် ဒေသခံ၊ခရီးသွားမဆို ခလရ ၄၆ တပ် ဗျူဟာမှူးဆီမှာ ကြိုတင်ပြီးအမည်စာရင်းပေးသွင်းရတယ်လို့ ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဘာကိစ္စနဲ့ပဲသွားသွားညအိပ်ဖြစ် ဖြစ်ခနဖြစ်ဖြစ် လုံရှာယာန် ကိုဖြတ်ဖို့ဆိုရင် ဗျူဟာမှာနာမည်စာရင်းသွားပေးရတယ် ကိုယ့်ရဲ့နာမည်နဲ့မှတ်ပုံတင်သွားပေးရတယ် နာမည်ကြိုမပေးထားရင်တော့ ဖြတ်လို့မရဘူးမဖြတ်ခိုင်းဘူး”လို့ အသက် ၄၀ ကျော်အရွယ်ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ စစ်ကောင်စီတပ်က ပူတာအိုမြို့နယ်အတွင်း လုံခြုံရေးအကြောင်းပြချက်နဲ့ အခုလိုလုပ်ဆောင်နေတာ ဒေသခံတွေနဲ့မြစ်ကြီးနားဘက်ဆင်းမယ့် ခရီးသည်တစ်ဦးချင်းစီတိုင်း မှတ်ပုံတင်နဲ့တကွ အမည်စာရင်းသွားပေးရတယ်လို့ ပူတာအိုမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “တပ်ထဲအထိသွားပေးစရာတော့မလိုဘူး ၄၆ တပ် ဂိတ်ပေါက်မှာ ဂိတ်စောင့်တွေ ရှိတယ်သူတို့ဆီပေးထားရတယ်။ ကိုယ်ကလုံရှာယာန်ရောက်ပြီဆိုတာနဲ့ ဗျူဟာကို ကြေးနန်းရိုက်ပြီးမေးပေးတယ် ပါရင်သွားလို့ရတယ် မပေးထားရင်တော့မရဘူးမဖြတ်ခိုင်းဘူးဟိုးဘက်ကို”လို့ သူကပြောပါတယ်။ ခလရ ၄၆ တပ် ဗျူဟာမှူးဆီပေးထားတဲ့ နာမည်စာရင်းကို လုံရှာယာန်ကျေးရွာအဝင်ဂိတ်တစ်ခုတည်းမှာသာ စိစစ်လျက်ရှိပြီး ကျန်တဲ့ မူလာရှီးဒီဂိတ်၊ မြစ်ကြီးနားအဝင်ဂိတ်၊ မြစ်ဆုံဂိတ်တွေမှာတော့ မှတ်ပုံတင်ဆင်းပြရတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ KPDFပူးပေါင်းတပ် ဆွမ်ပရာဘွမ်မြို့ကို ဒီနှစ် မေလမှာသိမ်းပိုက်လိုက်တဲ့ နောက်ပိုင်း စစ်ကောင်စီတပ်ဟာ ပူတာအိုမြိစ်ကြီးနားကားလမ်းပိုင်းမှာ အစစ်အဆေးပိုတင်းကြပ်လာပြီး လုံခြုံရေးအကြောင်းပြချက်နဲ့အခုလိုမျိုးတွေလုပ်ဆောင်လာနေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ KIA၊KPDF တပ်တွေသိမ်းပိုက်လိုက်တဲ့ ဆွမ်ပရာဘွမ်မြို့ကိုထပ်မံသိမ်းယူဖို့ လုံရှာယာန်၊ဖက်မာကျေးရွာတွေမှာ စစ်အင်အားသုံးပြီးတပ်ထိုင်တာ၊ စစ်ရေးပြင်တင်တာတွေရှိနေကြောင်း ဒေသခံတွေကဆိုပါတယ်။ လုံရှာယန်ကျေးရွာဟာ ဆွမ်ပရာဘွမ်မြို့နဲ့ ပူတာအိုမြို့အကြားမှာရှိတဲ့ ကျေးရွာဖြစ်ပြီး ခုလို စစ်ဆေးရေးတင်းကြပ်လာတာကြောင့် ခရီးသွားနဲ့ပြည်သူတွေ ပိုမိုခက်ခဲလာတယ်လို့ ဒေသခံတွေပြောပါတယ်။ By – Zaw Zaw
Read More » -
Nov- 2024 -28 Novemberသတင်း
ပူတာအိုမှာ ကျောက်ဂျပိုးတစ်ပိဿာ ၁၀ သိန်းဝန်းကျင်ထိ စျေးကောင်းရပေမယ့် အထွက်ပိုနည်းလာ
ပူတာအိုမြို့မှာ ကျောက်ဂျပိုးတစ်ပိဿာ ၁၀ သိန်းဝန်းကျင်ထိစျေးကောင်းရနေပေမဲ့ အထွက်နည်းသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်ဂျပိုးဟာ အောက်တိုဘာလကုန် နိုဝင်ဘာလ ဆောင်းအဝင်မှာ မြစ်ချောင်းတစ်လျှောက်ထွက်တာဖြစ်ပြီး ဒေသခံတွေက ကျောက်ဂျပိုးထွက်ချိန် အသက်မွေးဝမ်းကျောင်းအတွက် စီးပွားဖြစ်ဖမ်းကြသလို ဟင်းစားအဖြစ်လည်း ဖမ်းကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ မြစ်ချောင်းတစ်လျှောက် နှစ်တိုင်းပုံမှန်ဖမ်းနေတဲ့နေရာတွေမှာ အထွက်နည်းလာတယ်လို့ ပူတာအိုဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “ပူတာအိုအနီးပတ်ဝန်းကျင်မှာ အရင်လို ကျောက်ဂျပိုးတွေ မထွက်တော့ဘူး။ အခုစျေးတော့ တော်တော်ရနေတယ်။ လက်ရှိ တစ်ပိဿာမှာ ၈ သိန်းခွဲကနေ ၁၀ သိန်းဝန်းကျင်ထိ ရနေတယ်။ ရှာဖို့လည်း သိပ်မလွယ်တော့ဘူး။ အရင်လို များများမရတော့ဘူး။ အခုက တော်တော်ကို တောဘက်ကသွားပြီးမှ ရှာနေရတယ်။ အရင်နှစ်တွေကလို မူလာရှီးဒီတံတားတွေ၊ ချောင်းတွေနားမှာ စောင့်ပြီးဖမ်းလို့ မရတော့ဘူး။ မရှိတော့ဘူး။ တောထဲတော်တော်သွားမှ သွားဖမ်းကြတော့တယ်။ ဒါကြောင့်စျေးလည်း ပိုရနေသလိုပဲ”လို့ပြောပါတယ်။…
Read More » -
25 Novemberသတင်း
ပူတာအိုမှာ ဇမ္မူရာဇ်ရွှေဆိုင်ပိုင်ရှင်ကားလုယက်ခံရပြီး ရွှေပိသာ ၃၀၀ ခန့်ပါသွား
ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဇမ္မူရာဇ်ရွှေဆိုင်ပိုင်ရှင်ရဲ့ကားလုယက်ခံလိုက်ရပြီး ရွှေပိသာ ၃၀၀ ခန့်နဲ့ ငွေသားသိန်း ၈၀ ကျော်ပါသွားကြောင်း ဇမ္မူရာဇ်ရွှေဆိုင်ပိုင်ရှင်နဲ့ရင်းနှီးတဲ့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် စည်ပင်စျေးထဲမှာဖွင့်လှစ်ထားတဲ့ ဇမ္မူရာဇ်ရွှေဆိုင်ပိုင်ရှင် ဒေါ်ယဥ်ခိုင်ရဲ့ကား(Crown White Color) နိုဝင်ဘာ ၂၄ရက်နေ့ မနက်ပိုင်းမှာ လုယက်ခံလိုက်ရပြီး ရွှေသား ပိသာ ၃၀၀ ကျော်နဲ့ငွေသား သိန်း ၈၀ ကျော်ပါသွားကြောင်း ရွှေဆိုင်ပိုင်ရှင်နဲ့ရင်းနီးတဲ့အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “သူ့ရွှေဆိုင်က ကောင်ကထောင်မှာအိမ်ကတော့ပန်းလှိုင်ရပ်ကွက်မှာအဝေးကြီးပဲ အိမ်ကနေရွှေဆိုင်ကို အထွက်အိမ်ရှေ့မှာလုခံလိုက်ရတာ ပိုင်ရှင်ကရေနွေး ဓာတ်ဗူးမေ့ကျန်ခဲ့လို့ အိမ်ထဲခနဝင်ယူတဲ့အခါ ကားကိုတခါတည်းမောင်းပြေးသွားတာ ကားကသော့တန်းလန်းနဲ့ဆိုတော့ တစ်ခါတည်းမောင်းပြေးသွားတာ အကုန်ပါသွားတယ်”လို့အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ ကားလုယက်သွားသူတွေဟာ အသက် ၃၀ ကျော်အရွယ် အမျိုးသားသုံးဦးဖြစ်ပြီး ပူတာအိုမြို့အထွက်ဘက် အထက်ဆန်ခေါင်ကျေးရွာဘက်ကိုမောင်းပြေးသွားတာလို့ သိရပါတယ်။ ရွှေဆိုင်ပိုင်ရှင်နဲ့ နီးစပ်ရာပတ်ဝန်းလူတွေက ကားမောင်းပြေးသွားတဲ့ အထက်ဆန်ခေါင်ဘက်ကိုလိုက်လံစုံစမ်းရာမှာတော့ ကားကိုပြန်တွေ့ပေမယ့် ရွှေနဲ့ငွေသားတွေကိုပြန်မရတော့ဘဲ လုယက်သူတွေလည်းလွတ်မြောက်နေဆဲလို့ နောက်ထပ် ကောင်ကထောင်ရပ်ကွက် အမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ “ကားကတော့ပြန်တွေ့တယ် ဆန်ခေါင်သွားတဲ့လမ်းမှာ လမ်းဘေးမှာထိုးရပ်ထားတာ ပစ္စည်းတော့မရတော့ဘူး ဘယ်သူဘယ်ဝါတွေလည်းခုထိမသိရသေးဘူး”လို့ ပြောပါတယ်။ ဇမ္မူရာဇ်ရွှေဆိုင်က်ိုတော့ ဒီကနေ့မှာပြန်ဖွင့်နေပေမယ့် ငွေလွဲ၊ငွေထုတ်တစ်ခုတည်းသာရတော့တယ်လို့ သိရပါတယ်။ စစ်အာဏာသိမ်းနောက်ပိုင်း ကချင်ပြည်နယ်ထဲက မြစ်ကြီးနား၊ ဖားကန့်၊ဗန်းမော်၊ မိုးညှင်းစတဲ့မြို့နယ်တွေထဲမှာ ရွှေဆိုင်ဓားပြတိုက်ခံရတာ၊အခုလိုလုယက်ခံရတာတွေမကြာခနဖြစ်ပွားနေပေမယ့် ပူတာအိုမြို့နယ်ထဲမှာတော့ယခုတစ်ကြိမ်ဟာ ပထမဆုံးကြိမ် လုယက်ခံရတာလို့သိရပါတယ်။ By – Zaw Zaw
Read More » -
14 Novemberသတင်း
ပူတာအိုမှာ ငွေကြေးတတ်နိုင်သူတွေကို လျှပ်စစ်မီးပုံမှန်ပေးမယ်လို့ဆိုကာ EPC တစ်နှစ်စာငွေယူပြီး မီးလိုင်းဖြတ်
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် EPC ရုံးက ငွေကြေးတတ်နိုင်သူတွေကို လျှပ်စစ်မီးပုံမှန်ပေးမယ်လို့ဆိုကာ တစ်နှစ်စာငွေယူထားပြီး မီးလိုင်းဖြတ်ထားတယ်လို့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့ပေါ် ငွေကြေးတတ်နိုင်တဲ့ လူနေအိမ်၊ စားသောက်ဆိုင်၊ ဘာသာရေးအဆောင်နဲ့ စီးပွားရေးလုပ်ကိုင်တဲ့ လုပ်ငန်းရှင်တစ်ချို့ကို EPC ကနေ ၂၄ နာရီလျှပ်စစ်မီးပေးမယ်လို့ဆိုပြီး ပြီးခဲ့တဲ့ ဩဂုတ်ကလစ တစ်နှစ်စာမီတာခကြိုယူထားပေမယ့် မီးမပေးတော့ပဲ မီးလိုင်းတွေပြန်ဖြတ်လိုက်တယ်လို့ တစ်နှစ်စာလျှပ်စစ်မီးယူထားတဲ့ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦး KNG ကိုပြောပါတယ်။ “ကြည့်ရတာအထက်က မသိဘူးထင်တယ် အောက်ခြေကဝန်ထမ်းတွေလုပ်စားတာဖြစ်မယ်။ ပိုက်ဆံ ရှိတဲ့လူကအချိန်ပြည့်မီးရပြီး ပိုက်ဆံမတတ်နိုင်တဲ့လူက မီးမလာတချက်လာတချက်ဆိုတော့တိုင်ကြတာပေါ့ အတိုင်ခံရပြီးနောက်ပိုင်း မီးကိုမလာတော့ဘူး။ အခုထိပိုက်ဆံပေးထားတာအလကားဖြစ်ပြီလေး”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးတစ်ဦးကပြောပါတယ်။ ပူတာအို EPC ကနေ တစ်နှစ်စာ မီတာခကြိုရှင်းခိုင်းရာမှာ လူနေအိမ် တစ်အိမ်လျှင် တစ်နှစ်စာ ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း) ၊ စားသောက်ဆိုင်နဲ့ကုန်စုံဆိုင် တစ်နှစ်စာကျပ် သိန်း ၂၀၊ ဘာသာရေးအဆောက်အအုံ ကျပ်သိန်း ၅၀ စသဖြင့် ငွေယူထားပြီး မီးမရတော့တဲ့အပြင် ယူထားတဲ့ငွေလည်းပြန်မအမ်းဘူးလို့ ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ကျွန်မတို့ကတစ်နှစ်စာဆိုပြီး သိန်း ၂၀ ပေးထားတာ အခုထိငွေပြန်မအမ်းဘူး မီးလည်းမပေးတော့ဘူး အထက်ကပဲသိသွားတာလား။ ဘာလို့လဲအသေအချာကိုမသိရသေးဘူးအဟုတ်မှတ်ပြီးတပ်ထားတာ”လို့ သူကပြောပါတယ်။ တစ်နှစ်စာ မီးယူမယ့်သူတွေကို ပူတာအိုမြို့နယ် EPC ရုံးက ဝန်ထမ်းတစ်ချို့ဟာ စားသောက်ဆိုင်၊ငွေကြေးတတ်နိုင်တဲ့နေအိမ်တွေကို နီးစပ်ရာထရန်န်စဖော်မာကနေ မီးကြိုးသီးသန့်ဆွဲပြီး မီးထပ်ပြီးတပ်ဆင်ထားပေးတာလို့ ဆိုပါတယ်။ မီးတပ်ဆင်ရာမှာလည်း မီးတပ်ဆင်ခအဖြစ် တစ်အိမ်လျှင် ငွေကျပ် ၆၀၀၀၀ (ခြောက်သောင်း) သီးသန့်ပေးဆောင်ခိုင်းတယ်လို့ သိရပါတယ်။ တစ်နှစ်စာငွေကြိုပေးပြီး မီးလိုင်းယူထားတဲ့ နေအိမ်၊ ဘာသာရေးအဆောက်အအုံနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို စက်တင်ဘာနဲ့အောက်တိုဘာလ ၂ လအတွင်း ၂၄ နာရီမီးပေးခဲ့ချိန် တစ်နှစ်စာမီးလိုင်းမယူနိုင်တဲ့ နေအိမ် ကုန်စုံဆိုင်၊စားသောက်ဆိုင်တွေကို နှစ်ညခြား သုံးရက်တစ်ကြိမ် မီးပေးလေ့ရှိတယ်လို့ လေယာဥ်ရပ်ကွက်နေအမျိူးသားတစ်ဦးက KNGကိုပြောပါတယ်။ “ပူတာအိုEPC ကအရမ်းလုပ်စားတယ်။ အခုလည်းဒီကောင်တွေအခုလည်း လုပ်စားနေတာပဲ အခုနည်းနည်းတော်သေးတယ်။ အရင်ခုနှစ်လ ရှစ်လပိုင်းကဆိုမီးကိုမလာတာတစ်ပတ်နှစ်ကြိမ်လောက်ပဲလာတာ ရေမရှိဘူးပြောရအောင် အဲ့ချိန်က မိုးတွင်းကြီးလေ”လို့အထက်ဖော်ပြပါအသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကပြောပါတယ်။ လက်ရှိ ပူတာအိုမြို့ပေါ်နဲ့မြို့နယ်အတွင်းက ကျေးရွာပေါင်း ၄၀ ဝန်းကျင်က အထက်နန့်ထွမ်ရေအားလျှပ်စစ်စ်ကရုံကနေ လျှစစ်မီးဖြန့်ဖြူးပေးနေတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပူတာအို EPC ရုံးကို KNG သတင်းဌာနက ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။ ပူတာအို EPC အနေနဲ့ မီလိုင်းတွေကို ဒီနှစ် ဇွန်လကုန်ပိုင်း တပ်ဆင်ပေးခဲ့တာဖြစ်ပြီး သြဂုတ်လဆန်းပိုင်းအထိ ပုံမှန် ၂၄ နာရီမီးပေးခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်း ဒီနေ့အထိ နှစ်လကျော်ကြာ မီးမပေးတော့ပဲ ပုံမှန်အလေ့အကျစနစ်နဲ့သာပေးတော့တယ်လို့ သိရပါတယ်။ By – Hope
Read More » -
11 Novemberသတင်း
နောင်မွန်မြို့မှာ ခရမ်းချဥ်သီးတစ်လုံး ကျပ်တစ်ထောင်အထိ စံချိန်တင်စျေးမြင့်တက်
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့ပေါ်မှာ ခရမ်းချဥ်သီးတစ်လုံး ကျပ် ၁၀၀၀ (တစ်ထောင်)ပေးဝယ်ရတဲ့အထိ စံချိန်တင်ကုန်စျေးနှုန်း မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့နဲ့ မိုင် ၆၀ ဝန်းကျင်သာဝေးတဲ့ နောင်မွန်မြို့မှာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှု၊စက်သုံးဆီစျေးမြင့်တက်မှုတွေကြောင့် တန်ဆာခ ဂျက်ဖာအသေးတစ်ဖာ ၅၀၀၀၀ (ငါးသောင်း) အထိ ပေးဆောင်ရတာကြောင့် နောင်မွန်မြို့ပေါ်မှာ အခြေခံစားသောက်ကုန်စျေးနှုန်း စံချိန်တင်မြင့်တက်နေတယ်လို့ နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “တန်ဆာခအရမ်းစျေးကြီးလို့တဲ့ ကုန်စျေးနှုန်းကတော့ မကြုံစဖူးပဲ သဇင်မုန်းတစ်ထုပ်တောင် ၈၀၀၀ (ရှစ်ထောင်)ပေးပြီးဝယ်စားနေရတယ်။ ခရမ်းချဥ်သီးက တစ်လုံးကိုတစ်ထောင် နောက်ဆို တစ်လုံးနှစ်ထောင်တောင်ဖြစ်လာမလားပဲ”လို့ နောင်မွန်မြို့အမှတ် ၂ ရပ်ကွက်နေ အမျိုးသမီးတစ်ဦး ပြောပါတယ်။ လတ်တလော နောင်မွန်မြို့ပေါ်မှာ ခရမ်းချဥ်သီးတစ်ပိသာ ကျပ် ၃၅၀၀၀ (သုံးသောင်းငါးထောင်)၊ ကြက်သွန်ဖြူတစ်ပိသာ ကျပ် ၃၀၀၀၀ (သုံးသောင်း)၊ ကြက်သွန်နီတစ်ပိသာကျပ်၀ ၁၅၀၀၀ (တစ်သောင်းငါးထောင်) ၊ ကြက်ဥတစ်လုံးကျပ် ၁၀၀၀(တစ်ထောင်) ၊ ဆန်တစ်အိတ်ကျပ် ၂၇၀၀၀၀ (နှစ်သိန်း ခုနှစ်သောင်း) စသဖြင့် ပေးဝယ်နေရတယ်လို့ ဒေသခံတွေပြောပါတယ်။ နောင်မွန်းမြို့မှာ အခုလိုကုန်စျေးတွေအဆမတန်မြင့်တက်နေတာ ၅ လဝန်းကျင်ကြာမြင့်လာပြီး ခုလို ကုန်စျေးနှုန်းမြင့်တက်နေတာဟာ မြစ်ကြီးနား– ပူတာအိုကနေ အဆင့်ဆင့်သယ်ယူနေရပြီး လမ်းခရီးပိုင်းကြန့်ကြာမှု၊ခက်ခဲမှု၊တန်ဆာခမြင့်တက်မှုတွေကြောင့် ဖြစ်တယ်လို့ နောင်မွန်းမြို့ခံ စျေးသည်တစ်ဦးက ပြောပါတယ်။ “နောင်မွန်းနဲ့ပူတာအိုက မိုင် ၆၀ ကျော်ပဲဝေးတာလေးလမ်းကောင်းရင် နေ့တဝက်ပဲ အခုကလမ်းမကောင်းတာတစ်ကြောင်း ဆီစျေးကြီးတာကတစ်ကြောင်း။ ပြီးတော့ လမ်းကခက်တော့ ကုန်ကားကြီးတွေလည်းမတက်လာနိုင် ကားသေးလေးတွေလည်းခက်ခက်ခဲခဲတက်လာနေရတော့ တန်ဆာခက ဂျက်ဖာသေးသေးလေးကိုတောင် ၅၀၀၀၀ (ငါးသောင်း) လောက်ပေးနေရတယ်။ အဲ့ဒါကြောင့်ရောင်းတဲ့လူလည်းစျေးတင်ရောင်းရတာ”လို့ စျေးသည်အမျိုးသမီးတစ်ဦးကပြောပါတယ်။ မြစ်ကြီးနား–ပူတာအိုလမ်းပိုင်း ပြီးခဲ့တဲ့ဇူလိုင်လ မိုးသည်းထန်စွာရွာပြီးနောက် လမ်းပိုင်းပျက်စီးပြီးနောက် ကားလမ်းပိုင်းရာနှုန်းပြည့်ပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် ကုန်ကားကြီးဝင်ခွင့်မရသေးဘဲ ကုန်ကားအသေးတွေနဲ့သာ သယ်ယူနေရပြီး လမ်းပိုင်းအကောက်အခွန်များတာ၊ တန်ဆာခများတာတွေကြောင့် ပူတာအိုမြို့ပေါ်မှာလည်းကုန်စျေးအဆမတန်မြင့်တက်နေတယ်လို့ သိရပါတယ်။ အလားတူဘဲ ကချင်ပြည်နယ်ထဲကို အဓိက အခြေခံစားသောက်ကုန်ဝင်တဲ့လမ်းကြောင်းတွေဖြစ်တဲ့ မြစ်ကြီးနား– မန္တလေးလမ်းပိုင်းလည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့ နောက်ပိုင်း စစ်ရေးအခြေနေကြောင့် ပုံမှန်သွားလာလို့မရတဲ့အပြင် တရုတ်နယ်စပ်ကနေဝင်လာတဲ့လမ်းကြောင်းလည်း ပန်ဝါမြို့သိမ်းပြီးနောက် တရုတ်ဘက်က ချက်ချင်းပိတ်လိုက်တာကြောင့် ကချင်ပြည်နယ်ထဲမှာ အခြေခံစားသောက်ကုန်ဝင်ရောက်မှု အကန့်သတ်သာရှိနေတဲ့အတွက် မြို့တော်မြစ်ကြီးနားမှာလည်း ကုန်စျေးနှုန်းတွေ မြင့်တက်နေတာလည်းဖြစ်ပါတယ်။ ဒါကြောင့် မြစ်ကြီးနားကနေ အဆင့်ဆင့်သယ်ယူနေရတဲ့ ပူတာအို၊နောင်မွန်မြို့တွေမှာ အခြေခံစားသောက်ကုန်တွေဟာ စံချိန်တင်စျေးမြင့်တက်လာတာလည်းဖြစ်ပါတယ်။ By- Zaw Zaw
Read More » -
5 Novemberသတင်း
ပူတာအိုမှာ ဆင်ရိုင်းတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး ၂ ဦးထိခိုက်ဒဏ်ရာရ၊ ကား ၅ စီးပျက်စီး
ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ်ကြားမှာ တောဆင်ရိုင်းတစ်ကောင်တိုက်ခိုက်မှုကြောင့် ခရီးသွား ကား ၅ စီးပျက်စီးပြီး အမျိုးသားတစ်ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့ညနေပိုင်း ၅ နာရီဝန်းကျင် ပူတာအိုမရောက်ခင် ၀ဒတ်ရွာ(Wadat mare)နဲ့ မဆွမ်ဇွမ်(Masum Zup) ကျေးရွာတဝိုက် တောဆင်ရိုင်းတစ်ကောင် သောင်းကျန်းနေပြီး လမ်းသွားလမ်းလာပြည်သူတွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဆင်ကြီးတစ်ကောင်ထွက်လာပြီး လမ်းသွားလမ်းလာပြည်သူတွေကို တိုက်ခိုက်နေတာဟုတ်တယ်။ အဲ့နေ့ညနေက ကား ၅ စီးဟုတ်တယ် ကျနော်တွေ့ခဲ့တာ လူ ၁ ဦးသေသွားတယ်။ ၁ ယောက်က ခေါင်းပေါက်သွားတယ် နောက်တစ်ယောက်က ရင်ဘတ်မှာ သွေးထွက်တယ် ၂ ယောက်ဒဏ်ရာရထားတယ် ကျနော်တွေ့ခဲ့တာအဲ့လောက်ပဲ။ ကျန်ဘယ်သူတွေ ထိခိုက်သေဆုံးသေးလဲ အသေးစိတ်မသိပါဘူး” လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ပူတာအိုဒေသခံတစ်ဦး KNG ကိုပြောပါတယ်။ ဆင်ရိုင်းတိုက်ခိုက်လို့ သေဆုံးသွားသူဟာ အသက် ၃၀ ဝန်းကျင်ရှိ ဦးရဲကျော်ဆိုသူဖြစ်ပြီး ပူတာအို– မြစ်ကြီးနားလမ်းပိုင်း ကားပြေးဆွဲတဲ့ ကားသမားဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်ခံခဲ့ရတဲ့ ကား ၅ စီးထဲမှာ ဓါတ်ဆီတင်ကားတစ်စီးပါဝင်ပြီး ချောက်ထဲကျသွားတဲ့အပြင် နောက်ထပ်ခရီးသွားကားတစ်စီးလည်း လုံးဝပျက်စီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူဒေသခံတွေ ပြောပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့ ဆင်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မြစ်ကြီးနား – ဆွမ်ပရာဘွမ်ဘက်ကနေ တက်လာတဲ့ကားတွေလည်း ပြန်လှည့်သွားသူတွေရှိသလို ပူတာအိုကနေဆင်းတဲ့ ကား၊ဆိုင်ကယ်တွေ မဆင်းရဲဘဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။ “အဲဒီဆင်ကြီး လမ်းမှာတင်စောင့်နေပြီး ခရီးသွားကားတွေလာပြီဆိုရင် တိုက်ခိုက်တယ်။ အဲဒီညနေက အဲလိုဖြစ်ကတည်းက ပူတာအိုကနေ ကားတွေမဆင်းရဲတော့ဘူး။ မနှစ်တုန်းကလည်း အဲဒီဆင်ပဲ။ အဲဒီလို လမ်းသွားလမ်းလာတွေကို တိုက်ခိုက်တာ။ မနှစ်ကလည်းလူသေဆုံးမှုရှိတယ်။ ဒီနှစ်လည်း အခုလို ထိခိုက်သေဆုံးမှုပြန်ဖြစ်တယ်။ ဒီလိုဖြစ်လည်း အရေးပေါ် ကယ်ဆယ်ရေးကားတွေ မရောက်လာနိုင်ဘူး။ ဒီလိုကိစ္စအပေါ် သက်ဆိုင်ရာ အစိုးရက တာဝန်ယူဖြေရှင်းပေးသင့်တယ်လို့တော့ မြင်တယ်”လို့ နောက်ထပ်ပူတာအိုဒေသခံအမျိုသားတစ်ဦးကလည်း ပြောပါတယ်။ ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာလည်း ပူတာအိုမရောက်ခင် ဆွမ်ပီယန်ကျေးရွာ နှင့် ဖုန်ချန်ကျေးရွာကြားရှိ ဆွမ်ပီယန်ချောင်း (ဒေသအခေါ် အခေးချောင်း) ထဲမှာ လူငယ်သုံးဦး ငါးရှာထွက်စဥ် တောဆင်ရိုင်းတစ်ကောင် ရောက်လာပြီး လိုက်လံတိုက်ခိုက်မှုကြောင့် လူငယ် ၃ ဦးထဲက တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
1 Novemberသတင်း
ပူတာအိုမြို့နဲ့နီးတဲ့ကျေးရွာတွေမှာ အိမ်မွေးတိရစ္ဆာန်ပါမကျန် ခိုးယူခံနေရ
ကချင်ပြည်နယ် ပူတာအိုမြို့နဲ့နီးတဲ့ကျေးရွာတွေမှာ အိမ်မွေးတိိိရိစ္ဆာန်ပါမကျန် ခိုးယူခံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့အနီးတစ်ဝိုက် ကျေးရွာတွေဖြစ်တဲ့ လယ်မော်ဝါကျီ၊နမ်ရှယ်၊နာမ်ရှယ်ကော့၊ခင်ဖန်စတဲ့ကျေးရွာတွေမှာ အိမ်ဖောက်ထွင်းခိုးခံရတဲ့အပြင် အိမ်မွေးတိရိစ္ဆာန်မကျန် ခိုးယူခံနေရတယ်လို့ နာမ်ရှယ်ကော့ကျေးရွာနေအမျိုးသားတစ်ဦးက ပြောပါတယ်။ “ကျနော်တို့ရွာထဲမှာဆိုခနခနပဲ ကြက်ခိုးခံရတာနဲ့ဆိုင်ကယ်ပျောက်တာနဲ့ကြက်ဆိုခနခနခိုးခံရတယ်ပြီးခဲ့တဲ့အပတ်ကဆို ကြက်ခြံတစ်ခုမှာဝင်ခိုးတာ sunday နေ့မှာဟုတ်တယ် ကြက်မတစ်ကောင်ပဲ…
Read More » -
Oct- 2024 -28 Octoberသတင်း
လုံရှာယန်နဲ့ဆွမ်ပီယန်ကြား စစ်တပ်က အင်အားဖြည့်ပြီး စစ်ရေးလှုပ်ရှားနေ
ပူတာအိုမြို့နယ် လုံရှာယန်နဲ့ ဆွမ်ပီယန်ကြားမှာ စစ်ကောင်စီအင်အားဖြည့်စစ်ရေးလှုပ်ရှားနေပြီး လမ်းသွားလမ်းလာအရပ်သားတွေကို စစ်ဆေးရေးတင်းကြပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ ၂၀၂၃ ခုနှစ် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြားတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ လုံရှာယန်၊ဆွမ်ပီယာန် ဒေသခံတွေ ၂၀၂၄ နှစ်ဆန်းပိုင်း ပြည်သူတစ်ချို့နေရပ်ပြနလာပြီး အသက်မွေးဝမ်းကျောင်းပြုဖို့ လယ်ယာ၊တောင်ယာ လာရောက်လုပ်ကိုင်ရင်း နေထိုင်နေကြတာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်တွေဟာ အရပ်သားပြည်သူတွေ လွတ်လပ်စွာသွားလာခွင့်မရအောင် ရွာအဝင်အထွက် စစ်ဆေးတင်းကြပ်တာ၊ အချိန်အကန့်အသတ်နဲ့ သွားလာခွင့်ပြုပြီး တားဆီးပိတ်ပင်တာတွေလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ သွားလာရေးခက်ခဲပြီးအခက်တွေ့နေတယ်လို့ ပြောပါတယ်။ “အပြင်တွေဘာတွေသွားတာတို့၊ တောင်ယာ အခင်းတွေဆီ သွားလာရေးမှာ အရမ်းတားမြစ်ပိတ်ပင်မှုဖြစ်တယ်။ အချိန်တွေကန့်သတ်ပေးတာတွေပေါ့။ တန်ဂျာယန်မှာလည်း စစ်တပ်စခန်းလည်းရှိနေတော့ အဲမှာလည်း အင်အားက ၅၀ လောက်ရှိမယ်။ ပြည်သူတွေက အခုချိန်က လယ်ယာစပါးတွေလည်း မှည့်တဲ့အချိန်ဆိုတော့ အလုပ်များတဲ့အချိန်ဖြစ်တယ်။ ဒီလိုအခြေအနေမှာ အားလုံးက သတိဝီရိယနဲ့ပဲ စိုးရိမ်ပြီး သွားလာလုပ်ကိုင်နေကြရတာပေါ့။” လို့ လုံရှာယာန်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဆွမ်ပီယန့်နဲ့လုံရှာယန်ပြည်သူတွေဟာ လယ်ယာ၊တောင်ယာလုပ်ကိုင်ဖို့ တစ်ချို့တစ်ဝက်သာဝင်ရောက်လာတာဖြစ်ပြီး အများပိုင်း ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ အင်အား ၆၀ ခန့်နဲ့ လုံရှာယန်ကျေးရွာထဲ ဝင်ရောက်တပ်စွဲ စခန်းတည်ဆောက်လာတာဖြစ်ပြီး လတ်တလော စစ်အင်အားထပ်ဖြည့်ကာ တန်ဂျာကျေးရွာတွေထိ တပ်စခန်းတိုးချဲ့ပြီး ကတုတ်ကျင်းတွေ အခိုင်အမာတည်ဆောက်ကာ လုံခြုံရေးအပြည့်နဲ့ လှုပ်ရှားနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ “တန်ဂျာရွာမှာလည်း ဆောက်လုပ်ရေးရှိတဲ့နေရာတွေ၊ တံတားအောက်မှာတွေ တပ်စခန်းအကုန်ချထားတယ်။ အရင်စခန်းမရှိတဲ့နေရာတွေမှာ အကုန်တပ်စွဲပြီး ရွာပြင်၊ရွာထဲ အကုန်လုံခြုံရေးပြုထားတယ်။ လုံရှာယန်မှာက ခိုင်ခိုင်မာမာ ကတုတ်ကျင်းတွေ တူးဖော်ဆောက်လုပ်ပြီး လူအင်အားထပ်ဖြည့်၊ လက်နက်ကြီးလည်း ၃ ခုလောက်ထောင်ပြီး နေနေတယ်။ ဒီဒေသက ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီတပ်တွေ အားလုံးတပ်ပေါင်းစုပြီး ဆွမ်ပီယန်ဘက်အထိ ရောရောနှောနှော လှုပ်ရှားနေကြတယ်။”လို့ လုံရှာယာန်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဒါ့အပြင် ဆွမ်ပီယန်ဘက်မှာတော့ ၂၀၂၄ ခုနှစ် မေလလောက်ကစပြီး စစ်ကောင်စီတပ်တွေ ကျေးရွာအတွင်း ဝင်ရောက်လာပြီး ရွာသားတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ကာ နေအိမ်တွေကို ဖောက်ထွင်းခံရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ လတ်တလော ဆွမ်ပီယန်၊ ၀ဒတ်ရွာနဲ့ အင်စီးယန် စတဲ့ကျေးရွာ ၃ ခုက ရွာသား ၁၅၀၀ ကျော်ဟာ လတ်တလော တောထဲ မိုးကာတဲတွေထိုးပြီး စစ်ဘေးရှောင်နေကြရလလောက်ကြာလာပြီဖြစ်ကာ ဖျားနသူတွေလည်း များပြားနေပြီး ဆေးဝါးလည်းမရှိ၊ အစားအသောက်လည်း မလုံလောက်ကာ ဒုက္ခရောက်နေကြရတယ်လို့ သိရပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
7 Octoberသတင်း
ကချင်ပြည်နယ် မြို့နယ် ၃ ခုမှာ သန်ခေါင်စာရင်းစာတင်ကောက်ယူနေ
ကချင်ပြည်နယ် မြို့နယ် ၃ ခုမှာ စစ်ကောင်စီတပ်က အောက်တိုဘာလဆန်းပိုင်းကစပြီး သန်ခေါင်စာင်းကောက်ယူနေပြီလို့ သိရပါတယ်။ တစ်နိုင်ငံလုံး စစ်ရေးပြင်းထန်နေချိန် စစ်ကောင်စီက ရွေးကောက်ပွဲအတွက် မဲစာရင်းတိကျဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သန်းခေါင်စာရင်း စတင်ကောက်ယူနေပြီး ကချင်ပြည်နယ်မှာတော့ မြစ်ကြီးနား၊ တနိုင်း၊ပူတာအိုစတဲ့မြို့တွေမှာ စတင်ကောက်ယူနေပြီလို့ သိရပါတယ်။ “ခု မြစ်ကြီးနား တစ်ချို့ရပ်ကွက်တွေတော့ကောက်နေပြီဗျ ရမ်ပူတို့ သီတာတို့မှာစပြီ။ တပ်ကုန်းမှာလည်းလာမယ်လို့တော့အကြောင်းကြားထားပြီအိမ်တွေမှာလာတော့မကောက်သေးဘူး”လို့ ရမ်ပူဒေသခံတစ်ဦး ပြောပါတယ်။ ပူတာအိုမြို့ပေါ်ရပ်ကွက်တွေမှာတော့ အောက်တိုဘာ ၂ ရက်နေ့ကနေစပြီး စတင်ကောက်ယူနေပြီလို့ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။ “ပူတာအိုမှာလည်းစပြီမနေ့ကနေစကောက်နေတယ် တစ်အိမ်ဝင်တစ်အိမ်ထွက် ညမှာတော့မဟုတ်ဘူးနေ့ခင်းမှာကောက်နေတာ ဘယ်မှမသွားရဘူးတစ်အိမ်တစ်ယောက်စောင့်ရမယ်ဆိုလို့တစ်နေကုန်သူတို့ကိုစောင့်နေရတာ”လို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။ စစ်ကောင်စီကအခုလိုသန်ခေါင်စာရင်းကောက်ယူရာမှာတော့ အိမ်ထောင်စုစာရင်းမှာပါဝင်တဲ့လူတစ်ဦးချင်းစီရဲ့အသက်၊ပညာအရေအချင်း၊ ကျန်းမာရေးအခြေအနေ၊ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုရှိမရှိ၊ အိမ်အသုံးအဆာင်ပစ္စည်းစတဲ့အချက်အလက်တွေပါတဲ့ မေးခွန်း ၆၀ ကျော်ပါတဲ့စာတမ်းနဲ့ကောက်ယူတာအပြင် Digital စနစ်နဲ့ကောက်ယူနေတာလို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “ဘာတွေမေးမှန်းမသိဘူး ကျောင်းဘယ်နှစ်တန်းအထိတက်ခဲ့လဲ၊ အကြားအာရုံကောင်းလားအမြင်အာရုံကောင်းလား အဲ့တာကအစမေးတယ် အိမ်မှာအမျိုးသားဘယ်နှစ်ယောက်ရှိလဲ မေးတယ်။ ပြီးရင်သူတို့မေးတဲ့အချက်တွေကိုဖုန်းထဲမှာဖြည့်ပြီးတခါတည်းသိမ်းသွားတယ် သူတို့က ဆော့ဝဲထဲသိမ်းတာ။ ဖုန်းဆော့ဝဲထဲအချက်အလက်အကုန်သိမ်းသွားတယ်”လို့ အသက် ၄၀ ကျော်အရွယ်မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင်စစ်ကောင်စီက အိမ်ထောင်စုထဲကနေ ပြည်ပထွက်ခွာသူရှိပါက ပြည်ပမှာနေထိုင်နေသူရဲ့အချက်လက်အသေးစိတ်အချက်အလက်တွေကိုလည်းကောက်ယူသွားတယ်လို့ သိရပါတယ်။ စစ်ကောင်စီက လက်ရှိကောက်ယူနေတဲ့ သန်ခေါင်စာရင်းတွေကို စစ်ကောင်စီပြင်ဆင်နေတဲ့ လာမယ့်ရွေးကောက်ပွဲအတွက်အသုံးချဖို့ဖြစ်သလို ၎င်းတို့ပြဌာန်းထားတဲ့စစ်မှုထမ်း ဥပဒေအတွက် အသုံးချဖို့လည်းဖြစ်နိုင်တယ်လို့ ပြည်သူတွေက သုံးသပ်နေကြပါတယ်။ By – Zaw Zaw
Read More »









