ပူတာအိုမှာ ကျောက်ဂျပိုးတစ်ပိဿာ ၁၀ သိန်းဝန်းကျင်ထိ စျေးကောင်းရပေမယ့် အထွက်ပိုနည်းလာ
ပူတာအိုမြို့မှာ ကျောက်ဂျပိုးတစ်ပိဿာ ၁၀ သိန်းဝန်းကျင်ထိစျေးကောင်းရနေပေမဲ့ အထွက်နည်းသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဂျပိုးဟာ အောက်တိုဘာလကုန် နိုဝင်ဘာလ ဆောင်းအဝင်မှာ မြစ်ချောင်းတစ်လျှောက်ထွက်တာဖြစ်ပြီး ဒေသခံတွေက ကျောက်ဂျပိုးထွက်ချိန် အသက်မွေးဝမ်းကျောင်းအတွက် စီးပွားဖြစ်ဖမ်းကြသလို ဟင်းစားအဖြစ်လည်း ဖမ်းကြတာဖြစ်ပါတယ်။
ဒါပေမယ့် ဒီနှစ်မှာတော့ မြစ်ချောင်းတစ်လျှောက် နှစ်တိုင်းပုံမှန်ဖမ်းနေတဲ့နေရာတွေမှာ အထွက်နည်းလာတယ်လို့ ပူတာအိုဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။
“ပူတာအိုအနီးပတ်ဝန်းကျင်မှာ အရင်လို ကျောက်ဂျပိုးတွေ မထွက်တော့ဘူး။ အခုစျေးတော့ တော်တော်ရနေတယ်။ လက်ရှိ တစ်ပိဿာမှာ ၈ သိန်းခွဲကနေ ၁၀ သိန်းဝန်းကျင်ထိ ရနေတယ်။ ရှာဖို့လည်း သိပ်မလွယ်တော့ဘူး။ အရင်လို များများမရတော့ဘူး။ အခုက တော်တော်ကို တောဘက်ကသွားပြီးမှ ရှာနေရတယ်။ အရင်နှစ်တွေကလို မူလာရှီးဒီတံတားတွေ၊ ချောင်းတွေနားမှာ စောင့်ပြီးဖမ်းလို့ မရတော့ဘူး။ မရှိတော့ဘူး။ တောထဲတော်တော်သွားမှ သွားဖမ်းကြတော့တယ်။ ဒါကြောင့်စျေးလည်း ပိုရနေသလိုပဲ”လို့ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ – ၂၀၂၃ ခုနှစ်အထိ ကျောက်ဂျပိုးတွေကို ပူတာအိုမြို့တွင်းက မူလာရှီးဒီတံတားနဲ့ချောင်းတစ်လျှောက်မှာ ဖမ်းကြပြီး ကျောက်ဂျပိုးစျေးလည်း နို့ဆီခွက်တစ်ခွက်ကို သုံးသောင်းကနေ ငါးသောင်းအထိသာ စျေးရခဲ့သလို ဒီနှစ်မှာလည်း တစ်ဗူးကို ကျပ် ငါးသောင်းအနည်းဆုံးစျေးရတယ်လို့ ဆိုပါတယ်။
ကျောက်ဂျပိုးဟာ ဆူးရှတဲ့အနံ့ရှိပြီး ဒေသခံပြည်သူတွေကတော့ ငရုပ်သီးနဲ့ထောင်းစားကြသလိုဟင်းရည်တွေမှာလည်း ထည့်စားတတ်ကြကာ ဒေသအစားအစာတစ်မျိုးဖြစ်ပါတယ်။
လက်ရှိမှာတော့ ကျောက်ဂျပိုးတွေ ဖမ်းနေကျနေရာမှာ မထွက်တော့တာကြောင့် ဒေသခံတွေဟာ မလိခမြစ်ဖျားပိုင်းနဲ့မူလာမြစ်ဖျားပိုင်း ဇီယာဒမ်းနဲ့ခလန်းကျေး ရွာတွေဘက်အထိ တောတောင်တွေထဲ ရိက္ခာယူပြီး တစ်ပတ်နေတစ်လအထိ ကျောက်ဂျပိုးရှာထွက်ကြပေမယ့် နို့ဆီဗူး တစ်ဗူးခန့်သာရခဲ့တဲ့သူတွေရှိတယ်လို့ သိရပါတယ်။
“ဒီမှာရှိတဲ့ လီဆူလောပန်းတွေက ဒီကနေတစ်ခါတည်း ဖောက်သည်စျေးနဲ့ဝယ်လိုက်ပြီးတရုတ်ပြည်ဘက်ကို ရောင်းတယ်။ အခု အများပိုင်းက ဒီမှာ လီဆူလောပန်းတွေဒိုင်လုပ်ပြီး လိုက်ဝယ်တယ်။ တချို့ တရုတ်လောပန်းတွေ ကိုယ်တိုင်လည်း ရောက်နေပြီး လိုက်ဝယ်နေတာတွေရှိတယ်။ အခုတော့ နို့ဆီခွက်စျေးနှုန်းနဲ့ ယူတော့ယူတယ်။ ဒါပေမဲ့ ဖောက်သည်သွင်းတဲ့နေရာမှာ ပိဿာစျေးနဲ့ ပိုဝယ်နေကြတယ်”လို့ ပူတာအိုဒေသခံအမျိုးသားတစ်ဦး ကဆက်ပြောပါတယ်။
ကျောက်ဂျပိုးထွက်ချိန် ပူတာအိုဒေသမှာ ဓလေ့တစ်ခုလို ဖမ်းဆီးကြတာဖြစ်ပါတယ်။
ခုလိုစီးပွားရေးတစ်ခုလို လူအုပ်ကြီးတွေနဲ့ ဖမ်းဆီးလာခဲ့ကြတာကြောင့် ဒီနှစ်မှာတော့ အခုလိုကျောက်ဂျပိုးကောင်တွေ မထွက်တော့ဘဲ ရှားပါးလာတာဖြစ်တယ်လို့ သိရပါတယ်။
By – ဂျာဘောက်ရာ