နောင်မွန်မြို့မှာ ခရမ်းချဥ်သီးတစ်လုံး ကျပ်တစ်ထောင်အထိ စံချိန်တင်စျေးမြင့်တက်
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့ပေါ်မှာ ခရမ်းချဥ်သီးတစ်လုံး ကျပ် ၁၀၀၀ (တစ်ထောင်)ပေးဝယ်ရတဲ့အထိ စံချိန်တင်ကုန်စျေးနှုန်း မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပူတာအိုမြို့နဲ့ မိုင် ၆၀ ဝန်းကျင်သာဝေးတဲ့ နောင်မွန်မြို့မှာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှု၊စက်သုံးဆီစျေးမြင့်တက်မှုတွေကြောင့် တန်ဆာခ ဂျက်ဖာအသေးတစ်ဖာ ၅၀၀၀၀ (ငါးသောင်း) အထိ ပေးဆောင်ရတာကြောင့် နောင်မွန်မြို့ပေါ်မှာ အခြေခံစားသောက်ကုန်စျေးနှုန်း စံချိန်တင်မြင့်တက်နေတယ်လို့ နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။
“တန်ဆာခအရမ်းစျေးကြီးလို့တဲ့ ကုန်စျေးနှုန်းကတော့ မကြုံစဖူးပဲ သဇင်မုန်းတစ်ထုပ်တောင် ၈၀၀၀ (ရှစ်ထောင်)ပေးပြီးဝယ်စားနေရတယ်။ ခရမ်းချဥ်သီးက တစ်လုံးကိုတစ်ထောင် နောက်ဆို တစ်လုံးနှစ်ထောင်တောင်ဖြစ်လာမလားပဲ”လို့ နောင်မွန်မြို့အမှတ် ၂ ရပ်ကွက်နေ အမျိုးသမီးတစ်ဦး ပြောပါတယ်။
လတ်တလော နောင်မွန်မြို့ပေါ်မှာ ခရမ်းချဥ်သီးတစ်ပိသာ ကျပ် ၃၅၀၀၀ (သုံးသောင်းငါးထောင်)၊ ကြက်သွန်ဖြူတစ်ပိသာ ကျပ် ၃၀၀၀၀ (သုံးသောင်း)၊ ကြက်သွန်နီတစ်ပိသာကျပ်၀ ၁၅၀၀၀ (တစ်သောင်းငါးထောင်) ၊ ကြက်ဥတစ်လုံးကျပ် ၁၀၀၀(တစ်ထောင်) ၊ ဆန်တစ်အိတ်ကျပ် ၂၇၀၀၀၀ (နှစ်သိန်း ခုနှစ်သောင်း) စသဖြင့် ပေးဝယ်နေရတယ်လို့ ဒေသခံတွေပြောပါတယ်။
နောင်မွန်းမြို့မှာ အခုလိုကုန်စျေးတွေအဆမတန်မြင့်တက်နေတာ ၅ လဝန်းကျင်ကြာမြင့်လာပြီး ခုလို ကုန်စျေးနှုန်းမြင့်တက်နေတာဟာ မြစ်ကြီးနား– ပူတာအိုကနေ အဆင့်ဆင့်သယ်ယူနေရပြီး လမ်းခရီးပိုင်းကြန့်ကြာမှု၊ခက်ခဲမှု၊တန်ဆာခမြင့်တက်မှုတွေကြောင့် ဖြစ်တယ်လို့ နောင်မွန်းမြို့ခံ စျေးသည်တစ်ဦးက ပြောပါတယ်။
“နောင်မွန်းနဲ့ပူတာအိုက မိုင် ၆၀ ကျော်ပဲဝေးတာလေးလမ်းကောင်းရင် နေ့တဝက်ပဲ အခုကလမ်းမကောင်းတာတစ်ကြောင်း ဆီစျေးကြီးတာကတစ်ကြောင်း။ ပြီးတော့ လမ်းကခက်တော့ ကုန်ကားကြီးတွေလည်းမတက်လာနိုင် ကားသေးလေးတွေလည်းခက်ခက်ခဲခဲတက်လာနေရတော့ တန်ဆာခက ဂျက်ဖာသေးသေးလေးကိုတောင် ၅၀၀၀၀ (ငါးသောင်း) လောက်ပေးနေရတယ်။ အဲ့ဒါကြောင့်ရောင်းတဲ့လူလည်းစျေးတင်ရောင်းရတာ”လို့ စျေးသည်အမျိုးသမီးတစ်ဦးကပြောပါတယ်။
မြစ်ကြီးနား–ပူတာအိုလမ်းပိုင်း ပြီးခဲ့တဲ့ဇူလိုင်လ မိုးသည်းထန်စွာရွာပြီးနောက် လမ်းပိုင်းပျက်စီးပြီးနောက် ကားလမ်းပိုင်းရာနှုန်းပြည့်ပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် ကုန်ကားကြီးဝင်ခွင့်မရသေးဘဲ ကုန်ကားအသေးတွေနဲ့သာ သယ်ယူနေရပြီး လမ်းပိုင်းအကောက်အခွန်များတာ၊ တန်ဆာခများတာတွေကြောင့် ပူတာအိုမြို့ပေါ်မှာလည်းကုန်စျေးအဆမတန်မြင့်တက်နေတယ်လို့ သိရပါတယ်။
အလားတူဘဲ ကချင်ပြည်နယ်ထဲကို အဓိက အခြေခံစားသောက်ကုန်ဝင်တဲ့လမ်းကြောင်းတွေဖြစ်တဲ့ မြစ်ကြီးနား– မန္တလေးလမ်းပိုင်းလည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့ နောက်ပိုင်း စစ်ရေးအခြေနေကြောင့် ပုံမှန်သွားလာလို့မရတဲ့အပြင် တရုတ်နယ်စပ်ကနေဝင်လာတဲ့လမ်းကြောင်းလည်း ပန်ဝါမြို့သိမ်းပြီးနောက် တရုတ်ဘက်က ချက်ချင်းပိတ်လိုက်တာကြောင့် ကချင်ပြည်နယ်ထဲမှာ အခြေခံစားသောက်ကုန်ဝင်ရောက်မှု အကန့်သတ်သာရှိနေတဲ့အတွက် မြို့တော်မြစ်ကြီးနားမှာလည်း ကုန်စျေးနှုန်းတွေ မြင့်တက်နေတာလည်းဖြစ်ပါတယ်။
ဒါကြောင့် မြစ်ကြီးနားကနေ အဆင့်ဆင့်သယ်ယူနေရတဲ့ ပူတာအို၊နောင်မွန်မြို့တွေမှာ အခြေခံစားသောက်ကုန်တွေဟာ စံချိန်တင်စျေးမြင့်တက်လာတာလည်းဖြစ်ပါတယ်။
By- Zaw Zaw