သတင်းသတင်းဆောင်းပါး

စစ်ရှောင်စခန်းက ပန်းကလေးတွေရဲ့ ဘဝ

မျက်နှာခပ်ဝိုင်းဝိုင်းနဲ့ အမျိုးသမီးငယ်လေးတစ်ဦး ခြေတန်ရှည်အိမ်လေးရဲ့အောက်မှာ ရွယ်တူအဖော် သုံးယောက်နဲ့အတူ ကစားနေပါတယ်။ ကစားနေတယ်ဆိုရင် ပျော်နေရမှာ ဖြစ်နိုင်ပေမယ့် သူ့မျက်နှာပေါ်မှာတော့အပြုံးတွေ ကင်းမဲ့လို့ နေတယ်။ သူတို့ ကစားနေတဲ့ ခြေတန်ရှည်အိမ်လေးက ကချင်ပြည်နယ်က စစ်ရှောင်စခန်း တစ်ခုထဲမှာ တည်ရှိနေတာပါ။

သူ့ရဲ့အရပ်အမောင်းက ၅ ပေ ကျော်လောက် မြင့်ပြီး ခန္ဓာကိုယ်ကတော့ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ပါ။ သူဟာ ပ.လ.န အထက်တန်းကျောင်းမှာ ၆ တန်း ပညာ သင်ယူနေတဲ့ အသက် ၁၄ နှစ် အရွယ် ကျောင်းသူလေး ဖြစ်ပါတယ်။ သူ့နာမည်ကတော့ မဂျာရတ် ပါ။

သူ့မျက်နှာပေါ် အပြုံးမဲ့နေရခြင်း အကြောင်းကတော့ စစ်ရှောင်စခန်းက ၁၀ ပေ ပတ်လည် အခန်းကျဉ်းထဲမှာ နေရတဲ့အခါ သူ့အတွက် လွတ်လပ်တဲ့ နေထိုင်ခွင့်တွေ ဆုံးရှုံးနေတာကြောင့် လို့ဆိုပါတယ်။ စစ်ရှောင်စခန်းတွေ ဖြစ်တည်လာတာ ရှစ်နှစ်ကျော်ရှိတဲ့ ကာလအတွင်းမှာ စခန်းကို ရောက်စက ကလေးအရွယ်တွေဟာ အခုဆို အရွယ်ရောက်လို့ နေပါပြီ။ ဒါကြောင့် မဂျာရတ်လိုပဲ စစ်ရှောင်စခန်းက အရွယ်ရောက်လာတဲ့ အမျိုးသမီးငယ်လေးတွေအတွက် လွတ်လွတ်လပ်လပ် နေထိုင်ခွင့် မရတာတွေ ရှိနေပါတယ်။

မဂျာရတ်ဟာ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တို့ကြား တိုက်ပွဲတွေကြောင့် မြစ်ဆုံအနီး တန်ဖရယ် စစ်ရှောင်စခန်းကို ရောက်ရှိခဲ့ရာကနေ ၂၀၁၈ ခုနှစ်မှာတော့ မြစ်ကြီးနားမြို့နယ်၊ ပ.လ.န တြီနီတီ စိန်ဂျိူးဇက် (RC) စစ်ရှောင်စခန်းကို မိသားစု လေးယောက်နဲ့ အတူ ပြောင်းရွှေ့လာခဲ့တာပါ။

သူနေတဲ့ အခန်းကျဉ်းထဲမှာ အိပ်ခန်း သီးသန့် မပါတဲ့အတွက် အစ်ကိုတွေနဲ့ ရောပြီး နေထိုင်ရတဲ့အခါ လွတ်လပ်မှု မရတဲ့အပြင် ရွယ်တူ သူငယ်ချင်းအိမ်မှာ သွားအိပ်ရတဲ့ အခက်အခဲတွေလည်း ရှိနေပါတယ်။
မိသားစုများတဲ့ အမျိုးသမီးငယ်လေးတွေက အဝတ်အစားလဲဖို့တောင် အခက်အခဲရှိတဲ့အတွက် အိမ်သာထဲမှာ သွားလဲရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတယ်လို့ ဆိုကြပါတယ်။

မဂျာရတ်ကတော့ “အစ်ကိုက ဖားကန့်မှာ နေတာများတယ်။ ဒါပေမယ့် ဖားကန့်မှာ မိုးတွင်းဆို အလုပ်နားတာတွေ ရှိတယ်။ အစ်ကို ဒီမှာ နေတဲ့ အချိန်ဆို သမီးက သူငယ်ချင်းအိမ်မှာ သွားပြီး အဝတ်အစား သွားလဲတယ်။ အခန်းက ၁၀ ပေ တစ်ခန်းမှာ တူတူနေရတယ်ဆိုတော့ မလွတ်လပ်ဘူး။…..” လို့ ခေါင်းကို ငုံ့ပြီး တိမ်ဝင်နေတဲ့အသံနဲ့ သူ့အခက်အခဲကို ပြောပါတယ်။

မဂျာရတ် နေတဲ့ လက်ရှိ ပ.လ.န တြီနီတီ စစ်ရှောင်စခန်းမှာ အိမ်ထောင်စုပေါင်း ၂၅၅ စု ရှိနေပြီး လူဦးရေ ၁၃၆၄ ဦး နေထိုင်နေပါတယ်။ လူအများစု နေရတဲ့အတွက် ရေချိုးခန်း မလုံခြုံတာ၊ အခန်း တစ်ခန်းထဲမှာ မိသားစု ကျား၊ မ မခွဲဘဲ အားလုံးပေါင်းနေရတာက အမျိုးသမီးတွေအတွက် အခက်ခဲဆုံးဖြစ်နေတာပါ။

အသက် ၅၀ နှစ် ရှိပြီ ဖြစ်တဲ့ ဂျာရတ်ရဲ့ မိခင် ဒေါ်ထုရိန်ကတော့ “အခုမှ ရာသီ စလာတော့ မိခင်အနေနဲ့ ဆေးကြောသန့်စင်တာ ဘယ်လို လုပ်ရမယ်ဆိုပြီး သင်ပေးရတယ်။ သမီးက ကပ်ခွာ ဝယ်ရမှာ ရှက်လို့ ကျမကပဲ ဝယ်ပြီး ပြပေးရတယ်။ ငယ်သေးတော့ သူများတွေ ခေါ်တဲ့ နောက် မလိုက်ဖို့နဲ့ စကားနားမယောင်ဖို့ အမြဲ သတိပေးနေတယ်။ WFP က ပေးတဲ့ ထောက်ပံ့ကြေး ၁၅၀၀၀ ကျပ်နဲ့ ဘယ်လိုမှ မလုံလောက်ဘူး။ အိမ်ပြန်ချင်တယ်။ စစ်ပွဲတွေ မရှိဘဲ ငြိမ်းချမ်းသွားတဲ့ တစ်နေ့ လုံခြုံတဲ့ အိမ်လေးမှာ ပြန်နေချင်တယ်” လို့ စိုးရိမ်တဲ့ မျက်နှာနဲ့ ပြောပါတယ်။

အမျိုးသမီးသဘာ၀ ဓမ္မတာလာတဲ့ အချိန်တွေဆိုရင် လစဉ်သုံးပစ္စည်းဝယ်ဖို့ ရှက်ကြောက် နေတဲ့အတွက် လူကြုံမှာ သုံးရတဲ့ မဂျာရတ်လို အမျိုးသမီးငယ်လေးများစွာလည်း စစ်ရှောင်စခန်းအတွင်းမှာ ရှိနေပါတယ်။

အဲဒီလို အမျိုးသမီးတွေအတွက် တစ်ဖက်တစ်လမ်းက ကူညီစောင့်ရှောက်ပေးနေတဲ့ ဘာသာရေး အဖွဲ့အစည်း လူမှု အဖွဲ့အစည်းတွေလည်း ရှိနေပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်KBC က ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်း ၆၈ ကို ကူညီစောင့်ရှောက်ပေးနေပြီး အဲဒီစခန်းတွေမှာ ကချင်နဲ့ ရှမ်းလူမျိုး အများစု နေထိုင်ကြပါတယ်။

“ကျမတို့ စစ်ရှောင်စခန်းက အမျိုးသမီးတွေအတွက် အရင်ကတော့ အမျိုးသမီး လစဉ်သုံးတွေပေးတယ်။ အခုနောက်ပိုင်းမှာတော့ ထောက်ပံ့မှုတွေ နည်းသွားတဲ့အတွက် ပေးနိုင်တဲ့ အတိုင်းအတာ လျော့နည်းသွားပြီ” လို့ KBCလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးရေးဌာနမှ တွဲဖက်တာဝန်ခံ ဒေါ်ထုဆမ်က ပြောပါတယ်။

Kachin Women Union (KWU) ကတော့ စစ်ရှောင်စခန်းတွေမှာ ရှိတဲ့ ဆယ်ကျော်သက်မိန်းကလေးများ၏ အသံကို နားထောင်ခြင်းနှင့် ယုံကြည်မှု တည်ဆောက်ခြင်း ဆိုတဲ့ သင်တန်းပေးတာတွေကိုလည်း လုပ်ဆောင်ပေးတာတွေ ရှိနေပါတယ်။

၂၀၁၁ ဇူလိုင်လ ၁၉ ရက်က တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)တို့အကြား တိုက်ပွဲတွေကြောင့် ဝိုင်းမော်မြို့နယ်၊ ကစူ့ဒဘတ်ရွာဘက်ကနေ မိုင်းနား KBC စစ်ရှောင်စခန်းကို တိမ်းရှောင်လာတဲ့အမျိုးသမီးငယ်တစ်ဦးဟာ စစ်ပြေးခဲ့ချိန်က အသက် ၁၄ နှစ်သာ ရှိပါသေးတယ်။ သူကတော့ ကော့မိုင်ပါ။

တစ်လသားအရွယ် သားဦးလေးကို ပေါင်ပေါ် တင်ပြီး နို့တိုက်နေရင်းက “၂၀၁၁ ခုနှစ်မှာ စစ်ဖြစ်တုန်းက ကျမ ငယ်သေးတော့ အရမ်း အခက်အခဲနဲ့ ကြုံတွေ့ခဲ့ရတယ်။ ရာသီလာတဲ့ အချိန်ဆို အရမ်း စိတ်ညစ်တယ်။ ငယ်သေးတော့ ဘာမှ မလုပ်တတ် မကိုင်တတ် ဖြစ်ခဲ့ရတယ်။ ကျောင်းစိမ်းကျောင်းဖြူတွေမခြောက်ဘူး..စိုနေတဲ့ အတွင်းခံတွေကို ဝတ်သွားရတယ်။ အရမ်း ခက်ခဲတယ် ပိုက်ဆံကမရှိ ကျောင်းလည်း ဆက်မတတ်နိုင်ခဲ့ဘူး” လို့ ညည်းညူပြီး ဆိုပါတယ်။

စစ်ရှောင်စခန်းမှာ အရွယ်ရလာတဲ့ အမျိုးသမီးလေးတွေဟာ ပတ်ဝန်းကျင်နဲ့ ရောရောထွေးထွေး နေတဲ့အခါ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျတဲ့ ပြဿနာတွေလည်း ပိုများလာတယ် လို့ စစ်ရှောင်ပြည်သူတွေက ဆိုပါတယ်။

Kachin Women Union(KWU) မှ ဆရာမ ဆိုင်းခေါန်ကတော့ “ စစ်ရှောင်ကလေးတွေက အသက် ငါးနှစ်မှာ Camp ရောက်ရင် အခုဆို ၁၃ နှစ် အပျိုလေးတွေ ဖြစ်လာပြီလေ။ သူတို့လေးတွေရဲ့ လစဉ်သုံး လဲတာတွေကအစ ခိုးကြောင်ခိုးဝှက်နဲ့ လဲရတယ်။ အတွင်းခံတွေဆိုရင် သန့်ရှင်းရမယ်။ နေပူလှန်းရမှာကို ထုတ်မလှန်းရဲဘူး။ ရှက်ကြတယ်။ လစဉ် သုံး သွားလဲဖို့လည်း ခိုးကြောင်ခိုးဝှက်နဲ့ သွားရတယ်။ ဒါတွေကို သူတို့ တအား ပြောလာတယ်။ မြစ်ကြီးနားမြို့က Camp ရှစ်ခုက ကလေးတွေရဲ့အသံတွေက အဲဒါ ဖြစ်တယ်” လို့ ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းမှာရှိနေတဲ့ စစ်ရှောင်စခန်း ၁၃၀ ကျော်တွင် ခုံလုံနေသူ စစ်ဘေးသင့်ဒေသခံ တစ်သိန်းနီးပါး ရှိနေပါတယ်။ ထက်ဝက်ကျော်ကတော့ အမျိုးသမီးတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာရေးရာ ညှိနှိုင်းရေးမှူးရံုံး UNOCHA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်း ခြောက်ခုမှ အမျိုးသမီးအများစုကို မေးကြည့်ရာမှာတော့ ငြိမ်းချမ်းရေး ရခဲ့ရင် လုံလုံခြုံခြုံဖြစ်ပြီး မိသားစုကိုယ်ပိုင် အခန်းလေးနဲ့ အိမ်လေး တစ်လုံး လိုချင်တယ်လို့ အများစုက ဖြေကြပါတယ်။

Show More

Related Articles

Back to top button