သတင်း

တတိယအကြိမ် ကျောက်မျက်ပြပွဲကို ယခုနောက်ဆုံးအပတ် ပြုလုပ်တော့မည်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုးရိမ်ဝေဖန်မူများရှိနေသော်လည်း တတိယအကြိမ် ကျောက်မျက်ပြပွဲကို မြစ်ကြီးနားမြို့တွင် လာမည့်ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ စတင်ကာ ပြုလုပ်သွားမည်ဟု ပြည်နယ်အစိုးရမှ ပြောဆိုထားသည်။

“အဓိကတော့ ကျနော်တို့ကချင်ပြည်နယ်အတွင်းမှာ လုပ်တဲ့ကျောက်မျက်ပြပွဲက ပြည်တွင်းကျောက်မျက်ပြပွဲဖြစ်တယ်။ နိုင်ငံခြားငွေနဲ့ရောင်းလို့ရတဲ့ ပြပွဲမဟုတ်တဲ့အတွက် ဒီကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီးတော့ ဘာမှတော့ ထိရောက်မှု သိပ်ရှိတော့မှာမဟုတ်ဘူး။ ပြီးတော့ ကျောက်စိမ်းဆိုတာ သိုးပုတ်သွားတဲ့အရာမဟုတ်ဘူး။ ကျောက်စိမ်းက တစ်ရက်ထက်တစ်ရက် ပိုရှားပါးလာတဲ့အတွက် ဒီလိုကျောက်မျက်ပြပွဲမှာ ဝယ်အောင်းထားနိင်မယ်ဆိုရင် ကုန်သည်တွေအတွက် ကုန်ကြမ်းရှားပါးလာတဲ့ချိန်ကျရင် ပိုအဆင်ပြေနိုင်တယ်။ အဲကြောင့် ကျနော်တို့ဒီမှာ ကျောက်မျက်လုပ်ငန်းရှင်များအသင်းနဲ့ သက်ဆိုင်ရာဌာနတွေအစည်းဝေးလုပ်ပြီးတော့ ကျောက်မျက်ပြပွဲလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်။” ဟု သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒရှီလဆိုင်း ပြောသည်။

တရုတ်နယ်စပ်မြို့ဖြစ်သော ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုးရိမ်မူများ ဝေဖန်မူများရှိနေသော်လည်း ဖေဖော်ဝါရီလကုန်ပိုင်းတွင်နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်တော့မည်ဖြစ်သည့်အတွက် ကျောက်မျက်ပြပွဲပြုလုပ်ရန် အတည်ပြုခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ထိုကျောက်မျက်ပြပွဲတွင် မြန်မာကျပ်ငွေဖြင့်သာ ရောင်းချခွင့်ရှိပြီး နိုင်ငံခြားသားများကို ဝယ်ယူခွင့်မပြုဘဲ လေ့လာသူများအဖြစ်သာ ခွင့်ပြုထားကြောင်း ၎င်းကဆက်ပြောသည်။

ယခုနှစ် တတိယအကြိမ်မြောက်ကျောက်မျက်ပြပွဲတွင် ကျောက်အမျိုးစားများခွဲခြားပြသရောင်းချမှု A,B,C,D နှင့်ပတ်သက်ပြီး ပြည်ထောင်စုမှလျော့ချပေးထားကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။

“တတိယအကြိမ်ကျောက်မျက်ပြပွဲက စပြီးတော့ ခွဲတဲ့အပိုင်းတွေကို ပြည်ထောင်စုကနေ ဖြည်လျော့ပေးသွားတဲ့သဘောပေါ့နော် ပထမအကြိမ်တုန်းကတော့ Dအဆင့် ဒုတိယအကြိမ်မှာတော့ C, D အဆင့်တွေဘဲပြတဲ့ချိန်ကျတော့ ဝယ်လက်တွေအနေနဲ့ သူတို့အတွက် သိပ်ပြီးမှ အသုံးမတည့်တဲ့ဟာတွေဖြစ်တဲ့ချိန်ကျတော့ ဝယ်တဲ့သူတွေ လျော့နည်းသွားတာမျိုးတွေ့ရတယ်။ ဒါကြောင့် သူတို့အနေနဲ့ တင်လာတဲ့ကျောက်စိမ်းတွေကို ဒီနှစ်မှာတော့ အားလုံးအဆင့်မခွဲဘဲ ရောင်းချခွင့်ပြုထားတယ်။” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒရှီလဆိုင်း ပြောသည်။

ပထမအကြိမ်တွင် ကျောက်မျက်ပြပွဲသည် ၂၀၁၈ခုနှစ်တွင် ကျင်းပခဲ့ပြီး ငွေကျပ်သိန်းပေါင်း ၁သောင်းကျော် ရောင်းချနိုင်ခဲ့သည်ဟုသိရသည်။ ဒုတိယအကြိမ် ကျောက်မျက်ပြပွဲကို ၂၀၁၉ခုနှစ် မေလပြုလုပ်ခဲ့ပြီး ငွေကျပ်သိန်းပေါင်း ၆သောင်းကျော်ရောင်းချနိုင်ခဲ့သည်ဟု ကျောက်မျက်လုပ်ငန်းရှင်များအသင်းပြောသည်။

ယခု တတိယအကြိမ်ကျောက်မျက်ပြပွဲကို ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၈ရက်နေ့ထိ မြစ်ကြီးနားမြို့ စက်မူဇုန်ရပ်ကွက်တွင် ကျင်းပသွားမည်ဖြစ်သည်။

 

Show More

Related Articles

Back to top button