ရွှေကူမှာ နောင်ကုပ်ရွာ ဗုံးကျဲခံရပြီး အရပ်သား ၄ ဦးသေဆုံး
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်ထဲက နောင်ကုပ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ရွှေကူမြို့ရဲ့ အရှေ့တောင်ဘက် မြို့နဲ့ ၁၀ မိုင်ကျော်အကွာမှာရှိတဲ့ နောင်ကုပ်ကျေးရွာကို စစ်ကောင်စီတပ်က မနေ့ စက်တင်ဘာ ၁၇ ရက် ညပိုင်းမှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ ရွှေကူမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။
“နောင်ကုပ်ရွာကို မနေ့ကညနေမှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးသီး ၂ လုံး ကျဲသွားတယ်။ ရွာထဲကျတယ်။ သေဆုံးတာက ၄ ဦး။ တစ်ဦးကတော့ ဘာမှရစရာမရှိအောင် ထိသွားတယ်” လို့ သူက ပြောပါတယ်။
ဗုံးသီး ၂ လုံး ရွာထဲကျရောက်ခဲ့တာကြောင့် အရပ်သား ၄ ဦးသေဆုံးခဲ့သလို နေအိမ်တွေပျက်စီးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
“ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ ဘယ်လောက်ရသွားလဲတော့ မသိရသေးဘူး၊ အတည်ပြုနေတုန်း။ အိမ်က ၃၊ ၄ အိမ်ထိသွားတယ်တဲ့။ ပွင့်ထွက်သွားတယ်၊ အိမ်တွေကောပါပဲ” လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ဆက်ပြောပါတယ်။
သေဆုံးသူတွေထဲမှာ အမျိုးသမီးတစ်ဦး ပါဝင်တယ်လို့ ကနဦးသိရပြီး သေဆုံးသူတွေရဲ့ အမည်နဲ့ ဒဏ်ရာရရှိသူ အရေအတွက်ကိုတော့ KNG အနေနဲ့ ဆက်လက်အတည်ပြုနေဆဲ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ နောင်ကုပ်ကျေးရွာဟာ ရွှေကူမြို့နဲ့ အလှမ်းဝေးတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး ဗုံးကျဲခံရချိန်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ သိရပါတယ်။
ရွှေကူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာတွေ ယခုနောက်ပိုင်း ပိုမိုလုပ်ဆောင်လာပြီး တစ်လကျော်အတွင်း ကျေးရွာ ၁၈ ရွာအထိ ဗုံးကျဲခံခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ရွှေကူမြို့နယ်အတွင်း KIA ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ဒီနှစ် ဇွန်လက ထိုးစစ်ဆင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့တာကြောင့် တပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကျဲတိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၁၈ ရွာက အိမ်ခြေထောင်ချီ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ စာသင်ကျောင်းတွေ အများအပြားပျက်စီးခဲ့သလို ကျွဲ၊ နွားလို အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာလည်း ရွှေကူမြို့နယ်အတွင်းက စီသာ၊ စီသောင်၊ မံနား၊ မံခါး၊ ငှက်တံတား၊ နန့်လန်၊ နောင်လတ်ကြီး၊ စီမူလေး၊ စီမူကြီး၊ မံဝင်းနဲ့ ဝင်ဝ စတဲ့ ကျေးရွာတွေ အပါအဝင် ကျေးရွာ ၃၀ နီးပါးကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
By – အမိုး



