သတင်း

မြစ်ကြီးနားရှိ FQ များကို အစားအသောက်ထောက်ပံ့နေသည့် ပရဟိတအဖွဲ့များ ခေတ္တရပ်နားမည်ဟုဆို

မြစ်ကြီးနားမြို့ရှိ Covid-19 ရောဂါကြောင့် FQ ဝင်နေသူများကို ပရဟိတအဖွဲ့မှ အစားအသောက်ထောက်ပံ့နေမှုကို မေလ ၁၁ရက်နေ့မှစကာ ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း Covid-19 ကူညီပေးရေး မြစ်ကြီးနားအခြေပြုပရဟိတအဖွဲ့မှ စာရင်းစစ် အထက်တန်းရှေ့နေ ဦးခွန်မြတ်မင်းအောင် ကပြောသည်။

လက်ရှိအချိန်ထိ မြစ်ကြီးနားမြို့ပေါ် FQ ဝင်နေသူများကို အစိုးရမဟုတ်သော ပရိဟိတအဖွဲ့များက အစားအသောက် ကူညီမှုပေးနေသည်။

မေလ ၁ရက်နေ့ ကချင်ပြည်နယ်အစိုးရအဖွ့ဲနှင့် ပရိဟိတအဖွဲ့တို့ တွ့ဆုံခဲ့ကြပြီးနောက် မေလ ၁ရက်နေ့မှစကာ F Q ဝင်နေကြသူများအား ပြည်နယ်အစိုးရက အစားသောက်ထောက်ပံ့မည်ဟု နှုတ်ကတိဖြင့်ပြောဆိုခဲ့သော်လည်း ယနေ့ချိန်ထိ တာဝန်ယူထောက်ပံ့ခြင်းမျိုး မရှိသည့်တွက် ရပ်နားခြင်းဖြစ်ကြောင်း ဦးခွန်မြတ်မင်းအောင်က ပြောသည်။

“ကျနော်တို့အဖွဲ့က အဖွဲ့ငယ်လေးတစ်ဖွဲ့ဖြစ်တယ်။ မိတ်ဆွေအပေါင်းသင်းတွေပံ့ပိုးပေးနေတဲ့ငွေနဲ့ ကြားခံကူညီနေတဲ့ဖွဲ့ဖြစ်တယ်။ အဲတော့ ကျနော်တို့မှာရှိတဲ့ငွေနဲ့ တောက်လျှောက်သုံးမယ်ဆိုလို့ရှိရင် တစ်လလောက်ဘဲ သူတို့ကိုပံ့ပိုးနိုင်မယ်။ ဒါကြောင့် ကျနော်တို့ကနေပြီးအစိုးရကို အကူညီတောင်းကြည့်တယ်။ အစိုးရအနေနဲ့ ခုလိုကျွေးမွေးရေးအစီစဉ်မှာ ဘာများပံ့ပိုးနိုင်မလဲဆိုတာကို သွားပြီးတော့ ညှိနိူင်းတဲ့အချိန်မှာ အစိုးရအဖွဲ့ကနေပြီးမှ သူတို့အနေနဲ့ ၅လပိုင်း ၁ရက်နေ့ကနေစပြီး တစ်လလုံးသူတို့အနေနဲ့တာဝန်ယူမယ်လို့ အဲနေ့ကပြောခဲ့တယ်။ ဒါပေမယ့်ခုနောက်ပိုင်းမှာကျတော့ ၁၁ရက်နေ့မှဘဲ စကျွေးမယ်လို့ထပ်ပြောတယ်။ နောက်ဆုံးကြားတဲ့သတင်းအရဆိုရင် မကျွေးတော့ဘူးဆိုတဲ့သတင်းပြန်ရတယ်။ အဲကြောင့်မို့ ကျနော်တို့အနေနဲ့ ၁၀ရက်နောက်ပိုင်း အားလုံးရပ်ထားမယ်ဆိုပြီး အားလုံးဆန္ဒအတိုင်း သဘောတူဆုံးဖြတ်ထားခြင်းဖြစ်တယ်” ဟု ဦးခွန်မြတ်မင်းအောင်က ဆိုသည်။

လက်ရှိ Covid-19 ကူညီပေးရေး မြစ်ကြီးနားအခြေပြုပရဟိတအဖွဲ့မှ သားဖွားသင်တန်းကျောင်းနှင့် သူနာပြုသင်တန်းကျောင်းတွင်ရှိသည့် FQ လူဦးရေ ၈၀ အတွက် တစ်ရက်လျှင် ထမင်းသုံးနှပ် ထောက်ပံ့ပေးနေခြင်းဖြစ်ပြီး ပျှမ်းမျှတစ်ရက်လျှင် ငွေကျပ်၂သိန်းကျော် ကုန်ကျကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးဇော်ဇော်အား သွားရောက်မေးမြန်းရာမှာ အစိုးရအနေဖြင့် Q ဝင်နေသူများအား အစားသောက်ထောက်ပံ့မည့်အစီစဉ်ရှိနေသော်လည်း အလှူရှင်များရှိနေသည့်တွက် ပြည်နယ်အစိုးရအနေနဲ့ထောက်ပံ့မှု ရပ်ထားခြင်းဖြစ်ကြောင်း ပြောသည်။

“လကုန်တဲ့ထိကျွေးနိုင်မယ့်အလှူရှင်ရှိပါတယ်။ Q ထားတဲ့သူတွေကို လကုန်တဲ့ထိက ကျနော်တို့အစိုးရအဖွဲ့က ကျွေးစရာပိုက်ဆံ ပေးစရာမလိုတော့ဘူး။ သို့သော်နောက်ပိုင်းဝင်လာလို့ နောက်ပိုင်းထားရမယ့်သူတွေတွက် အလှူရှင်မရှိရင်တော့ ကျနော်တို့ကျွေးမှာဖြစ်တယ်။ မကျွေးတာမဟုတ်ဘူး။ ကျွေးရဲ့သားနဲ့အလှူရှင် သူတို့တာဝန်ယူမှာဖြစ်တယ်။ ကုသိုလ်ယူမယ်ဆိုရင်တော့ ကျနော်တို့က မငြင်းပယ်နိုင်ဘူး။ ဒါကြောင့် ဒီနေ့ (မေလ ၇) နောက်ဆုံး ၁၁ နာရီလောက်မှာ ပေါ်လာတဲ့ နောက်ထပ်အလှူရှင် ၃ ဦးပေါ်လာတော့ ကျွေးမှာဖြစ်တယ်။ လကုန်နောက်ပိုင်း အလှူရှင်မရှိရင်တော့ အစိုးရအဖွဲ့အနေနဲ့ကျွေးမှာဖြစ်တယ်။” ဟု ကချင်ပြည်နယ်ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။

လက်ရှိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်တွင် အစိုးရကသတ်မှတ်ထားသည့် FQ Center များသည် ပညာရေးကောလိပ်၊ သားဖွားသင်တန်းကျောင်း၊ သူနာပြုကျောင်း၊ မြစ်ကြီးနားတက္ကသိုလ် စုစုပေါင်း ၄ နေရာ သတ်မှတ်ထားပြီး Q ဝင်နေသူ စုစုပေါင်း ၂၅၀ ကျော်ရှိကြောင်း သက်ဆိုင်ရာမှ သိရသည်။

Show More

Related Articles

Back to top button