Covid-19 Reportingသတင်း

မြစ်ကြီးနားအကျဉ်းထောင်တွင် အကျဉ်းသားအသစ်များကို သီးသန့်ခွဲထား

Covid-19 ကာလအတွင်း ဝင်ရောက်လာသည့် မြစ်ကြီးနားအကျဉ်းထောင်သို့ဝင်လာသူများကို သီးသန့်ဆောင်တွင် ထားကာ စောင့်ကြည့်နေကြာင်း မြစ်ကြီးနားအကျဉ်းဦးစီးမှ ထောင်ပိုင်ဦးကျော်ထွန်းဦး က ပြောသည်။

“ကျနော်တို့ ခုနောက်ပိုင်းဝင်လာတဲ့သူတွေကို Covid-19 နဲ့ပတ်သက်ပြီး စောင့်ကြည့်ဖို့ သီးသန့်အပြင်ဆောင်မှာဘဲထားတယ်။ အမျိုးသမီးတစ်ဆောင်၊ အမျိုးသားတစ်ဆောင်ဆိုပြီးထားတယ်၊ ရက်ပေါင်း ၂၈ရက်ထားပါတယ်။ လောလောဆယ်အပြင်အဆောင်မှာတော့ နောက်ထပ်ရောက်လာတဲ့ အကျဉ်းသား ၄၀ကျော်လောက်ရှိပါတယ်။ အမျိုးသမီးတော့ ၁၀ဦးလောက်ဘဲပါတယ်။ ကျန်တာအမျိုးသားတွေပေါ့။ သူတို့ကိုလည်း နေ့တိုင်းအပူချိန်တိုင်းတာတွေ လုပ်ပေးနေပါတယ်။” လို့ အကျဉ်းဦးစီးထောင်ပိုင် ဦးကျော်ထွန်းဦးကပြောသည်။

Covid-19 ကာလတွင်း လူစုလူဝေးရှောင်နိုင်ဖို့ရန်အတွက် လက်ရှိချိန်တွင် ဧည့်တွေ့ခွင့်ပိတ်ထားသော်လည်း ပါဆယ်များပို့လို့ရကြောင်း ၎င်းကဆက်ပြောသည်။

“ရုံးချိန်းတော့ပုံမှန်သွားနေပါတယ်။ အဟောင်းနဲ့အသစ်မရောအောင်သီးခြားခွဲထုတ်ပြီးတော့ လုပ်ဆောင်နေပါတယ်။ ဧည့်တွေ့ခွင့်ကိုတော့ လူစုလူဝေးရှောင်တဲ့အနေနဲ့ လောေလောဆယ်ပိတ်ထားပါတယ်။ ပါဆယ်လေးတွေတော့ ဖွင့်ထားပါတယ်။ သူတို့ပစ္စည်းတွေ အိမ်ကလာပို့တဲ့ပစ္စည်းတွေကိုတော့အထဲရောက်အောင်ဆောင်ရွက်ပေးနေပါတယ်။ လိုအပ်ရင် ကျန်းမာရေးဌာနနဲ့ ချိတ်ဆက်ထားပြီး ဆေးရုံကြီးပို့ဖို့ရန်စီစဉ်ထားတယ်။ ဒီမှာ လာတဲ့ ကျန်းမာရေးဆရာဝန်ကလည်း မြစ်ကြီးနားဆေးရုံကြီးကလာတာဆိုတော့ အားလုံးအဆင်ပြေပါတယ်။ ကျန်းမာရေးစစ်ဆေးတာတွေနေ့တိုင်းလုပ်ပါတယ်။ ပြန်ထွက်သွားတဲ့သူတွေကိုလည်း ကျန်းမာရေးစစ်တယ် အပူချိန်တိုင်းတယ် ကျန်းမာကောင်းကြောင်းထောက်ခံစာပေးလိုက်တယ်။” ဟု ထောင်ပိုင် ဦးကျော်ထွန်းဦးက ဆိုသည်။

မြစ်ကြီးနား အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသူများ စုစုပေါင်း ၁ထောင်ကျော်ခန့်ရှိပြီး Covid-19 ကာလအတွင်း ဝင်ရောက်လာသည့် အကျဉ်းသားများ ၄၀ကျော်ရှိကြောင်း ပြောသည်။

 

Show More

Related Articles

Back to top button