သတင်း

လက်ကိုင်စကားပြောစက်အသုံးပြုမှုကြောင့် တရားစွဲဆိုခံရသူ၏အမှုကို စတင်စစ်ဆေးတော့မည်

မြစ်ကြီးနား အောက်မော်ဖောင်းကျေးရွာရှိ လူငယ်စာရိတ္တပြုပြင်ရေးကျောင်းတွင် လက်ကိုင်စကားပြောစက် အသုံးပြုမှုကြောင့် တရားစွဲဆိုခံထားရသော ဆရာဆိုင်းအောင်၏ အမှုကို မေလ ၂၇ရက်တွင် စတင်စစ်ဆေးတော့မည်ဟု သိရသည်။

ယခုအမှုနှင့်ပတ်သက်ပြီး ဆရာဆိုင်းအောင်ဘက်မှ ပြန်ထုချေငြင်းဆိုကာ စစ်ဆေးခံတော့မည်မဟုတ်ဘဲ ပြစ်ဒဏ်အတွက် အသက်သာဆုံးကိုသာမျှော်လင့်ထားကြောင်း ပြောသည်။

“ ကျွန်တော်တို့အနေနဲ့ ရဲပိုင်ရာဇဝတ်အမှုကို ပြန်ထုချေနေလည်း အလကားဘဲဖြစ်တယ်။ စကားပြောစက်က ကျောင်းတွင်း ကျောင်းသားတွေကို စောင့်ကြည့် ကြီးကြပ်တဲ့နေရာမှာ လုပ်ငန်းတာဝန်အဆင်ပြေဖို့အတွက်ဘဲ သုံးတာဆိုတော့ မသုံးဘူးဆိုပြီးတော့လဲ ငြင်းမှာမဟုတ်ပါဘူး။” ဟုစွပ်စွဲခံရသူ ဆရာဆိုင်းအောင်က ပြောသည်။

၎င်းကို မြစ်ကြီးနားမြို့နယ် ဒုရဲအုပ် ညီညီမင်းက တရားလိုပြုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး တရားလိုဘက်မှ သက်သေ ၁၀ ဦးအနက် ၃ဦးကို ပထမရုံးချိန်းတွင် စတင်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် စက်ဘာလ ၁၆ ရက်နေ့ နံနက် မိုးမလင်းမှီအချိန် မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခနှင့် နေရာနီးစပ်သော အဆိုပါအောက်မော်ဖောင်းကျေးရွာရှိ KBC အသင်းတော်အောက်ရှိ လူငယ်စာရိတ္တပြုပြင်ရေးသမ္မာကျမ်းစာသင်ကျောင်းကို အရပ်ဝတ်နှင့် လက်နက်ကိုင်တစ်ဖွဲ့က ဝရမ်းမပါဘဲ ဝင်ရောက်စစ်ဆေးခဲ့သည်။

ထို့နောက် လိုင်စင်မဲ့စကားပြောစက်ကို အကြောင်းပြုပြီး ကျောင်းစည်းကမ်းထိမ်းသိမ်းရေးတာဝန်ခံ ဆရာဆိုင်းအောင်ကို ဆက်သွယ်ရေးပုဒ်မ ၆၇ ဖြင့်အမှုစွပ်စွဲခဲ့ခြင်း ဖြစ်သည်။

စတင်တရားစွဲဆိုခဲ့သည့် လွန်ခဲ့သည့် စက်တင်ဘာလမှစတင်ပြီး ၈ လအကြာ ယခုနှစ်မေလမှသာ တရားရုံးတွင် စတင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ KBC ရဲ့သာသနာလုပ်ငန်းတစ်ခုဖြစ်တဲ့ မူးယစ်တိုက်ဖျက်ရေးနှင့် လူငယ်စာရိတ္တပြုပြင်ရေးကျောင်းတွေ ဖွင့်ထားခြင်းရဲ့အပေါ် အစိုးရကို ဆန့်ကျင်တဲ့လုပ်ငန်းတစ်ရပ်အနေနဲ့ မြင်ပေးတာကို ကျွန်တော့အနေနဲ့ အလွန်ဝမ်းနည်းတယ်။ ပြီးရင်ကျွန်တော်တို့က ကိုယ့်လူမျိူးအတွက်ဘဲဖွင့်ထားတာမဟုတ်ဘဲ လူမျိုးစုံအတွက် မူးယစ်နဲ့ပတ်သက်ပြီး ကယ်တင်ပေးတဲ့အနေနဲ့ဖွင့်ထားတဲ့ကျောင်းတွေဖြစ်တယ်။” ဟုဆိုသည်။

ဆရာဆိုင်းအောင် စွပ်စွဲခံရသောအမှုနှင့်ပတ်သက်ပြီး မြစ်ကြီးနားဇုံနယ် KBC အသင်းတော်အဖွဲ့က ကချင်ပြည်နယ် ဝန်ကြီးချူပ်နှင့်လည်းတွေ့ဆုံခဲ့ပြီဖြစ်ကြောင်း မော်ဖောင်းလူငယ်စာရိတ္တပြုပြင်ရေးကျောင်း တာဝန်ခံ ဆရာ ဆိုင်းဖရာထံမှ သိရသည်။

မော်ဖောင်းလူငယ်စာရိတ္တပြုပြင်ရေးကျောင်းသည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မြစ်ကြီးနားဇုံနယ် လူထုမူးယစ်တိုက်ဖျက်ရေးအဖွဲ့ PJS ၏ စီမံမှုအောက်တွင်ရှိသည်ဟု သိရသည်။ PJS အဖွဲ့ကို ကချင်ပြည်နယ်နှင့် ရှမ်းမြောက်နေရာအနှံတွင် ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

 

Show More

Related Articles

Back to top button