ဖမ်းဆီးထားသူ ၅၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ကြောင်း ENDA ပြော
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်မှာ ENDA က တပ်သားသစ်စုဆောင်းဖို့ ဖမ်းဆီးထားတဲ့သူတွေထဲက ၅၀ ကျော်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ENDA တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။
အရှေ့နာဂကာကွယ်ရေးတပ် ( ENDA) က ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်မှာ ခန္တီးမြို့နယ်က မှန်ပင်ရွာ၊ ရွှေမြင့်မိုရ်ကျေးရွာနဲ့ အနီးတဝိုက်ကျေးရွာတွေက အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၂၀ ခန့်ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီထဲက လွတ်သင့်လွတ်ထိုက်သူ ၅၀ ကျော်ကို စိစစ်ပြီး ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။
“ပြန်လွတ်ပေးသင့်တဲ့သူတွေ၊ လွတ်သင့်လွတ်ထိုက်တဲ့သူတွေအားလုံးကိုတော့ ပြန်လွတ်ပေးလိုက်တာကြာပြီဗျ။ ဘယ်လိုလူတွေလဲဆိုတော့ ကျန်းမာရေးမကောင်းတဲ့သူတွေ၊ မိဘကို အမှန်တကယ် လုပ်ကျွေးနေတဲ့သူတွေကို သေချာစိစစ်ပြီး ပြန်လွတ်ပေးလိုက်ပါပြီ” လို့ ENNO တာဝန်ရှိသူက ပြောပါတယ်။
ပြန်လွှတ်ပေးထားသူတွေထဲမှာ ကျန်းမာရေးမကောင်းသူတွေနဲ့ မိဘကို အမှန်တကယ် ပြန်လည်စောင့်ရှောက်နေရသူတွေ ပါဝင်ပြီး ကျန်ရှိနေသူတွေကိုတော့ ENNO ရဲ့ မူဝါဒအတိုင်း ဆက်လက်ထိန်းသိမ်းထားကာ ပြန်လွှတ်ပေးမှာမဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။
“ကျန်းမာရေးကောင်းမွန်တဲ့သူတွေ၊ အိမ်မှာလည်း ကိုယ့်မိသားစု၊ မိဘနှစ်ပါးကို ကြည့်ရှုစောင့်ရှောက်တဲ့သူတွေရှိတဲ့သူတွေကိုတော့ ပြန်မလွတ်ပေးဘူးဗျ။ ဘာလို့ဆို နိုင်ငံရဲ့ သမိုင်းပေးတာကိုတော့ အားလုံးက ပခုံးပြောင်းတာဝန် ထမ်းဆောင်ရမှာပဲ။ အခုကျန်တဲ့သူတွေကိုတော့ ပြန်မလွတ်ဘူးဗျ” လို့ သူက ဆက်ပြောပါတယ်။
လက်ရှိ ENDA က ဖမ်းဆီးထားသူတချို့ကို ငွေကျပ်သိန်းရာချီနဲ့ ပြန်လည်ရွေးယူခိုင်းနေတယ်လို့ သတင်းဌာနတချို့က ရေးသားဖော်ပြနေတဲ့အပေါ်လည်း ENDA တာဝန်ရှိသူက ငြင်းဆိုပါတယ်။
မြေပြင်အခြေအနေကို အသေးစိတ်အတည်မပြုဘဲ ရေးသားနေကြတာဖြစ်ပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာမျိုး လုံးဝမရှိဘူးလို့ ဆိုပါတယ်။
“ကျနော်တို့ ENDA က ဒါမျိုး ငွေနဲ့ပြန်ရွေးခိုင်းတာမျိုး လုံးဝမရှိပါဘူး။ ကျနော်တို့ ပြန်လွတ်ပေးသင့်လို့ လွတ်ပေးလိုက်တဲ့သူတွေကိုတောင် လမ်းစရိတ်ထည့်ပေးပြီး ပြန်လွတ်ပေးတာပါ” လို့ အထက်ဖော်ပြပါ တာဝန်ရှိသူက ပြောပါတယ်။
ခန္တီးမြို့ခံ နာဂအမျိုးသားရေးလှုပ်ရှားနေတဲ့ နာဂလူငယ်တစ်ဦးကလည်း ဖမ်းဆီးထားသူတချို့ ပြန်လွတ်လာတယ်လို့ လွန်ခဲ့တဲ့ တစ်ပတ်၊ နှစ်ပတ်လောက်ကတည်းက ကြားသိရပေမယ့် ငွေကြေးနဲ့ ပြန်ရွေးယူခိုင်းတာကိုတော့ မကြားမိဘူးလို့ KNG ကို ပြောပါတယ်။
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ခန္တီးဒေသမှာတော့ ENDA တပ်ဖွဲ့တွေသွားလာလှုပ်ရှားမှုရှိနေသလို လက်ရှိစစ်ကောင်စီတပ်နဲ့ နားလည်မှုယူထားတဲ့ NSCN-K (အန်းမိုင်း)တပ်ဖွဲ့တွေလည်း စစ်ရေးလှုပ်ရှားတာတွေရှိကြောင်းသိရပါတယ်။
NSCN-K (အန်းမိုင်း)တပ်ဖွဲ့ကတော့ လူငယ်တွေကို တပ်သားသစ်အတွက်ဖမ်းဆီးတာမျိုးမရှိသေးပေမယ့် စစ်ကောင်စီတပ်ကတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ကတည်းကနေ စပြီး လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေရှိနေကြောင်း ဒေသခံတွေကဆိုပါတယ်။
“ENDA ဘက်ကတော့ ဟိုတလောတစ်ခေါက်ဝင်ဖမ်းတယ်အဲ့တာပဲကြားမိသေးတယ် အဆိုးဆုံးကတော့ စကစတွေပဲသူတို့ကတော့ ၂၀၂၅ ကတည်းက ဖမ်းနေတာ လူငယ်တွေဘယ်မှသွားလာလို့မရဘူး အခုနောက်ပိုင်းလူငယ်တွေခရီးသွားလို့ခက်လာတယ် တောတောင်တွေထဲ တိမ်းရှောင်တာတွေလည်းရှိတယ် ”လို့ ခန္တီး ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ENNO တပ်ဖွဲ့ဟာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ အရှေ့နာဂပြည်သူတွေအားလုံး လွတ်မြောက်ရေး ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ ENNO/ENDA ဟာ လက်ရှိ ကချင်ပြည်နယ် တနိုင်း၊ ဖားကန့်နဲ့ စစ်ကိုင်းတိုင်း ခန္တီးဘက်တွေမှာလည်း လှုပ်ရှားမှုရှိတယ်လို့ သိရပါတယ်။
By – Zaw Zaw




