Covid-19 Reportingသတင်း

မသန်စွမ်းသူများကို ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပေးသွားမည်

Covid-19 ကပ်ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ်အဖြစ် ကချင်ပြည်နယ်ရှိ မသန်စွမ်းသူဦးရေ ၇၆၀၆ ဦးအား တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေအား လာမည့်သြဂုတ်လ နောက်ဆုံးပတ်ခန့်မှ စတင်ထောက်ပံ့သွားမည်ဖြစ်ပြီး ပြည်နယ်လူမူရေးဝန်ကြီး၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်၊ မိတ်ဖက်အဖွဲ့စည်းများနှင့်ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်လူမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်းထံမှ သိရသည်။

“လာမယ့် တစ်ရက်နှစ်ရက်တွင်းမှာပဲ သက်ဆိုင်ရာခရိုင် ၃ရုံးကနေခွဲပြီးထောက်ပံ့သွားမယ်။ နောက်ဆုံးလက်လှမ်းမမီတဲ့နေရာမှာတွေကျတော့ မြို့နယ်အထွေထွဦးစီးဌာနကတစ်ဆင့် ငွေလွှဲပြီးထောက်ပံ့ပေးမယ်။ ထောက်ပံ့သွားမယ့်ငွေကြေးကတော့ သိန်းပေါင်း ၂၀၀၀ ကျော် ထောက်ပံ့ပေးသွားမှာဖြစ်တယ်။” ဟု ဦးသက်လှိုင်ထွန်းက ပြောသည်။

ယခုအကြိမ်ထောက်ပံ့ခြင်းသည် Covid-19 ကပ်ကာလအတွင်း စီးပွားရေးကုစားမှုအစီစဉ်အဖြစ် ထောက်ပံ့ခြင်းသာဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“Covid-19 ကာလမှာ သက်ကြီးရွယ်အိုတွေကိုထောက်ပံ့တာတွေက ရနေကြပြီဆိုကြားတယ်။ ကျနော်တို့ မသန်စွမ်းသူတွေတော့ ခုထိမရသေးဘူး။ အဲကြောင့်မို့ ဖြစ်နိုင်ရင်တော့ မသန်စွမ်းတွေကိုအမြန်ရစေချင်တယ်။ ခုရတော့မယ်ဆိုတော့ ကောင်းပါတယ်။ တစ်ကယ်လည်း ဒီရောဂါကာလဆိုတော့ သာမန်လူတွေတောင်ခက်ခဲတာ ကျနော်တို့မသန်စွမ်းတွေဆို ပိုဆိုးတယ်လေ။” ဟု ကချင်ပြည်နယ်မသန်စွမ်းအသင်း ဥက္ကဌ ဆရာဦးဇုန်းဆောင်က ပြောသည်။

အဆိုပါထောက်ပံ့သည့်ငွေအား မသန်စွမ်းများအားလုံးရရှိနိုင်ရန်အတွက် ရပ်ကွက်၊ ကျေးရွာ၊ အုပ်ချုပ်ရေးသို့ စာရင်းသွားပေးရန် ၎င်းတို့မသန်စွမ်းအသင်းမှလည်း နိုးဆော် အသိပေးနေကြောင်း ၎င်းကဆက်ပြောသည်။

၂၀၁၇-၂၀၁၈ လူမှုထောက်ပံ့ရေး မဟာဗျူဟာထောက်ပံ့ပေးခဲ့သည့် စာရင်းအရ ကချင်ပြည်နယ်တစ်ပြည်နယ်လုံး မသန်စွမ်းဦးရေ ၃၀၀၀ထောင်ကျော်ရှိခဲ့ပြီး၊ ၂၀၁၉-၂၀၂၀ စာရင်းတွင်မူ မသန်စွမ်းဦးရေ ၇ထောင်ကျော် ရှိလာသည့်အတွက် အရေအတွက်အားဖြင့် ၅၀ ရာခိုင်နှုန်းပိုများလာကြောင်း သိရသည်။

ကချင်ပြည်နယ်တွင်းရှိ မသန်စွမ်းသူများထောက်ပံ့ပေးသည့် စာရင်းများကျန်နေခြင်းမဖြစ်စေရန်အတွက် ကျေးရွာ၊ ရပ်ကွက်၊ သက်ဆိုင်ရာအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ပြုစုထားခြင်းဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်းကပြောသည်။

“ကျနော်တို့ ၂၀၁၇-၂၀၁၈ တုန်းကတစ်ခါထောက်ပံ့ပေးပြီးသားဖြစ်တဲ့အတွက် အဲစာရင်းမှာအခြေခံတယ်။ အဲတုန်းက ကျန်ခဲ့တဲ့ပုဂ္ဂိုလ်တွေလည်းရှိမယ်။ နောက်တစ်ခါထပ်မံပြီးတော့ မပါရှိသေးတဲ့မြို့တွေက တက်လာတာလည်းရှိမယ်။ နောက်ပြီးတော့ မသန်စွမ်းထပ်မံဖြစ်ပွားတဲ့ လူတွေထပ်တိုးလာတာဖြစ်မယ်။ ယခင်တုန်းကထက် ယခုတစ်ကြိမ် ပိုများလာတဲ့အတွက် လုံးဝမကျန်တော့ဘူးလို့တောင်ပြောလို့ရပါတယ်။” ဟု ညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်းကပြောသည်။

Show More

Related Articles

Back to top button