မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

အင်းတော်ကြီးဒေသအတွင်း ရွှေတူးဖော်မှုများ ရပ်နားခိုင်းကြောင်းဆို

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတစ်ဝိုက် တရားမဝင်ရွှေတူးဖော်နေမှုများကို စစ်ကောင်စီမှ အပြီးတိုင်ရပ်နားခိုင်းကြောင်း ညွှန်ကြားထားသည်ဟု ဒေသခံများထံမှသိရသည်။

မိုင်းနောင်၊ လုံးတုံနှင့် မမံကိုင်ကျေးရွာနေရာများတွင် စက်ယန္တရားကြီးဖြင့် ရွှေတူးဖော်နေသည့်အပေါ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစကာ စစ်ကောင်စီအဖွဲ့က အရပ်ဝတ်များဖြင့် လာရောက်ပြောဆိုသွားသည်ဟု မိုင်းနောင်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောသည်။

၁၁ ရက်နေ့ကတည်းက အားလုံးရပ်နားခိုင်းထားတယ်။ စက်ကြီးတွေနဲ့ကော လက်လုပ်လက်စားတွေနဲ့ကော တူးနေတဲ့သူတွေအားလုံးကို ဆက်မတူးကြဖို့ လာပြောသွားတယ်။ စစ်ကောင်စီဘက်က အရပ်ဝတ်တွေနဲ့ သေနတ်တွေကိုင်ပြီး လုပ်နေတဲ့နေရာအထိ ရွှေမတူးကြဖို့ လာပြောသွားတယ်ဟုပြောသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့နောက်ပိုင်း အင်တော်နယ်အတွင်းမှ  လုပ်ငန်းရှင်အများစုက ၎င်းတို့၏ စက်ဆိုင်းများသယ်ယူကာ ထွက်ခွာမှုများလည်းရှိနေကြောင်းသိရသည်။

အရင်ကတော့ ရွှေတူးဖော်တဲ့စက်တွေဆိုရင် သိမ်းလိုက် ပြန်ရွေးခိုက်လိုက်နဲ့ လုပ်ပေးတယ်။ ဒီတစ်ခေါက်ကတော့ ပထမဆုံးအကြိမ် လုပ်ကွက်တွေကို ရပ်နားခိုင်းလိုက်တာဟုတ်တယ်ဟုဆက်ဆိုသည်။

ယခုလို အင်းတော်ကြီးဒေသအတွင်း စက်ယန္တရားကြီးဖြင့် တွင်ကျယ်စွာ ရွှေတူးဖော်နေသည့်အခြေအနေတွင်  သဘာဝပတ်ဝန်းကျင် ပျက်စီးစေကြောင်း၊ ရွှေလုပ်ကွက်များမှ အဆမတန်ငွေကောက်ခံခြင်းနှင့် စစ်တပ်မှ ခွင့်ပြုထားသည်ဟု သတင်းမီဒီယာများက ရေးသေားဖော်ပြနေသည့်အတွက်ကြောင့် ယခုလို ရွှေလုပ်ကွက်များရပ်နားရန် လာရောက်ညွှန်ကြားခြင်းဖြစ်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

ထိုဒေသများတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အကြီးစားရွှေတူးဖော်မှုများ ပြန်လည်းလုပ်ဆောင်လာသည်ဟု ဒေသခံများပြောဆိုချက်အရသိရသည်။

အင်းတော်ဒေသတွင် ယခင်အစိုးရ ခေတ်အဆက်ဆက် ရွှေတူးဖော်မှုရှိခဲ့သည့် နေရာဒေသတစ်ခုဖြစ်နေသည့်အပြင် စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်အတွင်းမှာ ပိိုမိုဆိုးရွာစွာ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေမှုသောကြောင့် ဒေသအတွင်းရှိ  ခေါင်းတုန်ခ၊ နမ့်တန်ခနှင့် အင်မြန်ခ စသည့်ချောင်းများသည် ရေလမ်းကြောင်းများပျက်စီးခြင်း၊ အိမ်မွေးတိရစ္ဆာန်များ၏ စားကျက်မြေများပျောက်ကွယ်ခြင်း စရှိသဖြင့် ဒေသခံပြည်သူများက အခက်အခဲကြုံတွေ့နေရခြင်းဖြစ်သည်။

Show More

Related Articles

Back to top button