ရွေးကောက်ပွဲဆိုင်ရာသတင်း

လူထုဆန့်ကျင်နေတဲ့ ရွေးကောက်ပွဲအတွက် ဆုံးဖြတ်ချက် ချမှတ်ရေး ကချင်ပါတီများ အခက်အခဲ ဖြစ်နေ

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ကချင်ပြည်နယ်အတွင်းက နိုင်ငံရေးပါတီတစ်ချို့ ဟာ ဆုံးဖြတ်ချက်တစ်စုံတစ်ရာချမှတ်ဖို့အထိ အခက်ခဲဖြစ်နေပါတယ်။

ကချင်ပြည်နယ်မှာ အခုနှစ်ဆန်းကစပြီးတော့ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့် နဲ့ ဗန်းမော် စရှိတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီက လူဦးရေစာရင်း လိုက်လံကောက်ခံခဲ့ပြီးတော့ မြို့နယ်တစ်ချို့မှာတော့ လက်နက်အင်အားအသုံးပြုပြီးတော့ ကောက်ခံခဲ့တာပါ။

အခုလို စစ်ကောင်စီဘက်က ရွေးကောက်ပွဲကျင်းပအရေးအတွက် ကြိုးစားလုပ်ဆောင်နေတဲ့အပေါ်မှာ ကချင်နိုင်ငံရေးပါတီတစ်ချို့က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ သဘောထားဆန္ဒတစ်စုံတစ်ရာ ချမှတ်ဖို့ ခက်ခဲနေသေးသလို တိတိကျကျက ပြောဆိုဖို့လည်း ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်ပေါင်းစည်းပါတီကြီးတစ်ခုဖြစ်တဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP အနေနဲ့ကတော့ လက်ရှိအချိန်အထိ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ဆုံးဖြတ်ချက် မချရသေးဘူးလို့ KSPP ပါတီရဲ့ တာဝန်ရှိသူတစ်ဦးပြောပါတယ်။

ရွေးကောက်ပွဲဝင်ဖို့အတွက် ကျနော်တို့မစဉ်းစားရသေးသလို ဆွေးနွေးတာတွေလည်းမရှိသေးဘူး။ ဒါပေမယ့် ပါတီတစ်ခုထူထောင်တယ်ဆို တာက ငွေကုန်ကျခံပြီး ထူထောင်ထားတာဖြစ်တဲ့အတွက် အားလုံးစဉ်းစားရတဲ့ အပိုင်တွေဖြစ်လာတယ်။ အဲ့လိုဖြစ်ဖို့ကလည်း ကိုယ့်အဖွဲ့အစည်းလည်း တရားဝင်ဖြစ်နေဖို့လိုအပ်တယ်။ တစ်ချို့က ပြန်အသက်မသွင်းချင်တဲ့ သူတွေရှိသလို တစ်ချို့က ဒီတိုင်းဆက်သွားချင်တဲ့ သူတွေရှိတယ်။ အဲ့ကြောင့် ကျနော်တို့ဘက်ကလည်း အခက်အခဲတွေအများကြီးရင်ဆိုင်နေရတယ်လို့ပြောတယ်။

KSPP ပါတီဟာ နိုင်ငံရေးအကူးအပြောင်းကာလမှာ ပါတီသက်တမ်းကုန်းဆုံးသွားပြီဖြစ်တဲ့အတွက် တရားဝင်ပါတီအဖြစ် ဆက်လက်ရပ်တည်ရှိနေဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံသို့ ပြန်လည်ပြီး မှတ်ပုံတင် သွားဖို့တော့ရှိနေတယ်လို့ သူက ဆက်ဆိုပါတယ်။

ကျနော်တို့မှာ ကော်မရှင်အသစ်ပြောင်းလဲတိုင်း ပါတီတက်တမ်းပြန်တိုးရတာဖြစ်တယ်။ သူတို့ဘက်ကနေ ဘယ်အချိန်မှာ စာရင်းပြန်သွင်းမှ ပါတီက တရားဝင်ဖြစ်နေမယ် အသိပေးထားတာရှိတယ်။ ဒါမဟုတ်ရင် ပါတီရုတ်သိမ်းဖို့ဖြစ်တယ်။ အဲ့ကြောင့် ပါတီရုတ်သိမ်းခံရမှာစိုးရိမ်တဲ့အတွက် မှတ်ပုံတင်ထားဖို့တော့ ဆုံးဖြတ်ခဲ့ကြတာဟုတ်တယ်။ အဖွဲ့ဝင်တွေက ပါတီဖျက်တဲ့အထိက ဘယ်သူမှအားမပေးကြဘူးလို့ ဆက်ပြောပါတယ်။

စစ်ကောင်စီထံ ပါတီမှတ်ပုံတင်သွားဖို့အတွက် ဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီလဆန်းပိုင်း ပြုလုပ်ကျင်းပခဲ့တဲ့ KSPP ပါတီရဲ့ ဒုတိယအကြိမ် ပါတီညီလာခံမှာ ဆုံးဖြတ်ခဲ့ကြကြောင်း သူက ဆက်ပြောပါတယ်။

အလားတူ ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC အနေနဲ့လည်း စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့ ကျင်းပသွားမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လက်ရှိအချိန်အထိ ပြောဆိုဖို့ ခက်ခဲနေသေးတယ်လို့ ပါတီတာဝန်ခံတွေက ပြောပါတယ်။

ကျနော်တို့မှာ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေ ဘာမှချထားတာမရှိသေးလို ပါတီအစည်းအဝေးလည်း မလုပ်ရသေးပါဘူး။ ဒါပေမယ့် ဒီချိန်မှာ ရွေးကောက်ပွဲဝင်ဖို့ဆိုတာက ပြည်သူလူထုရဲ့ အမြင်တွေလည်း လိုအပ်ပါတယ်။ တစ်ချို့ ပြည်သူတွေကတော့ ရွေးကောက်ပွဲဝင်ဖို့ ငြင်းဆိုနေတဲ့ အပိုင်းတွေတွေ့ရတယ်။ ရွေးကောက်ပွဲ မဝင်ရင်တော့ ပါတီက ပျက်စီးသွားမယ်။ အဲ့ကြောင့် ကျနော်တို့ ပါတီကော်မတီဝင်တွေ အစည်းအဝေးလုပ်ပြီးမှပဲ အားလုံးကို အသိပေးမှာပါလို့ KNC ပါတီရဲ့ ပြောဆိုခွင့်ရှိသူ ဦးအင်ဂျိုင်းနော်ဂျာက ပြောပါတယ်။

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တာမျိုးမပြုလုပ်ဖို့ ပြည်သူတွေဘက်က တိုက်တွန်းနေသလို၊ မပြိုင်ရင်လည်း ပါတီပျက်စီးသွားမှာဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်တစ်ခုခု ချမှတ်ဖို့ အကြပ်အတည်းကြုံတွေ့နေရတယ်လို့ သူက ဆက်ဆိုပါတယ်။

စစ်ကောင်စီ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ကြောင်းနဲ့ ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတိပေးပြောဆိုထားတာတွေလည်း ရှိနေပါတယ်။

၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီသည် ၎င်းတို့ တရားဝင်မှုဖြစ်တည်ရေးအတွက် ရွေးကောက်ပွဲကျင်းပနိုင်ရန် အစွမ်းကုန်ကြိုးစားနေပြီး စစ်တပ်ကို ဆန့်ကျင်နေသောအဖွဲ့အစည်းများသည်လည်း စစ်တပ်၏ အစီစဉ် ပျက်စီးသွားအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း (၆၂) နှစ်ပြည့် ကချင်တော်လှန်ရေးနေ့တွင် KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ မိန့်ခွန်းတွင် ဖော်ပြထားသည်။

 ၂၀၂၀ ခုနှစ် အနိုင်ရပါတီကို အာဏာမလွှဲပြောင်းပဲ မတရားအာဏာသိမ်းယူထားတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီများအနေနဲ့ ကိုယ့်ပါတီတစ်ခုအတွက်သာ ရှေးရှု့ပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်စရာမလိုအပ်ကြောင်းနဲ့ အများပြည်သူရဲ့ ဆန္ဒကိုသာ ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ ကချင်နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက အခုလိုပြောပါတယ်။

ဒီအချိန်မှာက အများပြည်သူဘက်ကို မျက်နှာမူရမယ့်အချိန်ဖြစ်တယ်။ ကိုယ့်ပါတီတစ်ခုတည်းကိုသာ ကြည့်ရမယ့် အချိန်မဟုတ်တော့ဘူး။ ကျနော်တို့ထင်တယ် ကတယ်ပဲ ပြည်သူအတွက် နိုင်ငံရေးလုပ်နေတဲ့ ပါတီဆိုရင် စစ်ကောင်စီ ရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာမဟုတ်ဘူး။ ဒီချိန်မှာ ကမ္ဘာကလည်း ဒါကိုလက်မခံဘူး အဲ့ကြောင့် ပြောချင်တာက တခြားနိုင်ငံရဲ့ အရွေ့အပြောင်းကိုလည်း ကြည့်ရမယ်။ ဒါကိုလက်မခံပဲ ပါတီတွေကလည်း ဆက်ပြိုင်မယ်ဆိုရင် အဲ့ပြိုင်တဲ့ ပါတီတွေက မြောင်းထဲရောက်သွားမှာ သေချာတယ်လို့ ပြောတယ်။

လက်ရှိ စစ်ကောင်စီကနေ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲရဲ့ ပါတီမှတ်ပုံတင်ဆိုင်ရာ ဥပဒေအထဲမှာ ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးကြမယ့် ပါတီများဖြစ်ပါက ပါတီရံပုံငွေ အနည်းဆုံး သိန်းတစ်ထောင် ငွေစားရင်းပြရမည် ဖြစ်ကြောင်းနဲ့ ရက်ပေါင်း ၉၀ အတွင်းမှာ ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်း၊ ပြည်နယ်ဒေသတစ်ခုအတွက်သာ စည်းရုံးကြမယ့် ပါတီများက ပါတီရံပုံငွေ သိန်း တစ်ရာနဲ့ ပါတီဦးရေ တစ်ထောင်အထိ စည်းရုံးနိုင်ရမယ် လို့ ထုတ်ပြန်ထားတဲ့ အပေါ်မှာတော့ ကချင်ပါတီတစ်ချို့အတွက်အခက်အခဲဖြစ်နေတာကိုတွေ့ရပါတယ်။

စစ်ကောင်စီရဲ့ ပါတီမှတ်ပုံတင်ဆိုင်ရာ ဥပဒေမှာ ယခင်နှစ်တွေထက် ပါတီရံပုံငွေနဲ့ စည်းရုံးရမယ့် လူဦးရေတိုးမြင့်ထား တဲ့အတွက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ရာခိုင်နှုန်းအလွန်နည်းနေတယ်လို့ကချင်ပြည်နယ်ထဲမှ နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ LNUDP မှ တာဝန်ရှိသူတစ်ဦးက KNG ကိုယခုလိုပြောပါတယ်။

ကျနော်တို့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကော်မတီအဖွဲ့ဝင်တွေ အစည်းအဝေးတစ်ရပ်လုပ်ဖို့တော့ စီစဉ်နေပါတယ်။ ဒါပေမယ့် ကျနော်တို့အထဲမှာ ရွေးကောက်ပွဲဝင်ဖို့ မဝင်ဖို့နဲ့ အပေါ်ယံသဘောတရားပြောနေတာတော့ရှိတယ်။ ဒီနှစ်ရွေးကောက်ပွဲဝင်ဖို့အတွက် ငွေပမာဏ များနေတယ်။ ပြီးရင် လူဦးရေစားရင်းလည်းများတယ်။ ဒီလောက်ငွေနဲ့ လူဦးရေ ဒီလောက်ရဖို့က သိပ်မလွယ်ကူလောက်ဘူးလို့ထင်တယ်။ အဲ့ကြောင့် ဒီတစ်ခေါက်ရွေးကောက်ပွဲဝင်ပြိုင်ဖို့က သိပ်မသေချာတဲ့ အနေအထားမှာရှိနေတယ်လို့ပြောပါတယ်။

နောက်ထပ် ကချင်ပါတီတစ်ခုဖြစ်တဲ့ ဒီမိုကရေစီသစ်ပါတီ (ကချင်) NDPK ကိုတော့ KNG အနေနဲ့ ဆက်သွယ်ပေမယ့် မရရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ စစ်ကောင်စီဟာ ပါတီမှတ်ပုံတင်ဆိုင်ရာ ဥပေဒကို ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပြီး အဲ့ဒီ ထုတ်ပြန်ချက်ကြေညာလိုက်တဲ့ရက်ကနေ ရက်ပေါင်း ၆၀ အတွင်းပါတီများအနေဖြင့် သတ်မှတ်ထားတဲ့ ဥပဒေနဲ့အညီ ပါတီမှတ်ပုံတင်ဖို့ ပြန်လည်လျှောက်ထားရမည်ဖြစ်တယ်လို့ သိရတယ်။

နိုင်ငံရေးပါတီများအနေနဲ့ သတ်မှတ်ထားတဲ့ ရက်အတွင်း ရွေးကောက်ပွဲကော်မရှင်ထံသို့ ပါတီမှတ်ပုံတင်ဖို့ ပြန်လည်လျှောက်ထားခြင်းမရှိခဲ့ပါက နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်သွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ပါတီမှတ်ပုံတင်ဆိုင်ရာ ဥပဒေမှာ ဖော်ပြထားတယ်။

ပြည်သူ့အာဏာကို သိမ်းယူထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်မှူးကြီးမင်းအောင်လှိုင်ဟာ ယခုနှစ်အတွင်း ရွေးကောက်ပွဲတစ်ခုကို မဖြစ်မနေ ကျင်းပပေးဖို့ ဆောင်ရွက်နေတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားတာကိုလည်း တွေ့ရပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရပါတီရဲ့ မဲရလဒ်ဟာ မဲ မသမာမှုတွေရှိနေတယ်လို့ပြောဆိုပြီး စစ်တပ်က အာဏာသိမ်းလိုက်တာ ဖြစ်တဲ့အတွက် ယခုနှစ်လဆန်း ဇန်နဝါရီလမှာ မြန်မာနိုင်ငံရဲ့ ပြည်သူအာဏာကို လုယူခံထားရတဲ့ ၂ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

Show More

Related Articles

Back to top button