သတင်း

မော်တိတ်စစ်ဘေးရှောင်တွေ ရာသီတုပ်ကွေးအဖြစ်များနေ

စစ်ကိုင်းဒေသကြီး အင်းတော်နယ် မော်တိတ်ဒေသ တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြရတဲ့ပြည်သူတွေ ရာသီတုပ်ကွေးအဖြစ်များနေလာနေတယ်  မော်တိတ်ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီစစ်ဘေးရှောင်ပြည်သူတွေဟာ ဒီနှစ် မတ်လကတည်းက စစ်ကောင်စီစစ်ကြောင်းတွေ မော်တိတ်ဒေသထဲမှာ ဝင်ရောက်တပ်စွဲလာတာကြောင့် တောတောင်တွေနဲ့ လယ်ခင်း၊ယာခင်းတဲတွေမှာ ထွက်ပြေးတိမ်းရှောင်နေတာ ၆ လကြာမြင့်လာပြီဖြစ်တယ်လို့ မော်တိတ်ဒေသ အောင်ကုန်းရွာက ဒေသခံအမျိုးသားတစ်ယောက် KNG သတင်းဌာနကို ခုလိုပြောပါတယ်။

ဖြစ်တာက ကလေးလူကြီးမရွေးအားလုံး ဖြစ်နေကြတာ စဖြစ်တဲ့ချိန်က ဒီသြဂုတ်လ ကုန်ပိုင်းလောက်က စဖြစ်ကြတာ မိုးရွာလိုက် နေပူလိုက်ရာသီဥတုကမမှန်တော တောင်တွေထဲဆိုတော့ဖြစ်ကြတာတစ်ယောက်ပြီးတစ်ယောက်ပါ့ ကလေးတွေနဲ့ အသက်ကြီးပိုင်းတွေကပိုပြီးခံနေရတာပါ့တုပ်ကွေးဖြစ်တော့လို့ ပြောပါတယ်။

 စစ်ရှောင်နေကြရတဲ့ မော်တိတ်ဒေသထဲက ရွာတွေဟာ အောင်းကုန်း၊ အင်ပင်၊ နန့်သာ၊ မော်တိတ်၊ ကျွန်းတော၊ ရွာသာရွာ၊ တုံးပုကျေးရွာ စတဲ့ကျေးရွာတွေက ပြည်သူတွေဖြစ်ပြီး စစ်ရှောင်ပြည်သူ စုစုပေါင်းအယောက် ၁၀၀၀ ကျော်လောက်မှာ လူ ၂၀၀ ကျော် တုပ်ကွေးဖြစ်နေကြတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ဆေးကတော့အလုံအလောက်ရယ်တော့မရှိဘူး ဟိုတလောဒေသကအဖွဲ့တစ်ဖွဲ့လာကုတယ်။ ပြီးတော့ ကျောင်းသားတပ်က ဆေး တပ်သားတွေတစ်ခေါက်လာပြီး ကုတယ် ဆေးပဲပေးတယ် ဆေးတော့မထိုးပေးဘူးလို့ မော်တိတ်ရွာက ဒေသခံကပြောပါတယ်။

ရာသီတုပ်ကွေးဖြစ်နေတဲ့အထဲမှာ ကုခံအားနည်းသူတွေနဲ့ အသက်ကြီးပိုင်း၊ ကလေးသူငယ်အရွယ်တွေ ပြင်းပြင်းထန်ထန် ခံစားနေရတာကြောင့် ထိုးဆေးနဲ့ စားဆေးတွေလည်း အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ရွာပေါင်း ၇ရွာထဲက သုံးပုံ နှစ်ပုံလောက်ဟာ တောတောင်တွေနဲ့ အခင်းတဲတွေထဲမှာခက်ခက်ခဲခဲ စစ်ရှောင်နေရကြတယ်လို့ အင်ပင်ဒေသခံအမျိုးသား တစ်ဦးကအခုလိုပြောပါတယ်။

တစ်ချို့ကတော့ နီးစပ်ရာဆွေမျိုးရှိတဲ့ရွာတွေဆီသွားကြတယ်။ အများစုကတော့ ဒီဘက်က အောင်ကုန်းတော၊ သက်ကယ်ကျင်းတော၊နန့်သာတောနဲ့မော်တိတ်တောတွေထဲမှာရှိကြတယ် အဲ့မှာအခင်းတဲတို့ တောထဲတဲဆောက်ပြီးနေကြတယ်လို့ပြောပါတယ်။

၂၀၂၃ နှစ်ဆန်းပိုင်းလောက်ကတည်းက မော်တိတ်ဒေသထဲဝင်လာတဲ့စစ်ကြောင်းတွေဟာ လက်ရှိ မော်တိတ်ကျေးရွာမှာတစ်ကြောင်း၊ နန့်သာကျေးရွာမှာတစ်ကြောင်းတပ်စွဲနေပြီး အင်းတော်မြို့ထဲက လှုပ်ရှားတပ်ကလည်း မော်တိတ်ဒေသထဲမကြာခန စစ်ရေးလှုပ်ရှားမှုတွေရှိနေတာကြောင့် ဒေသခံတွေရွာထဲပြန်မဝင်နိုင်ပဲ ၆ လ ကျော်စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ အင်းတော်နယ်ဟာ စစ်ကိုင်းကချင်အစပ်မှာရှိတဲ့မြို့နယ်ဖြစ်ပြီး စစ်တပ်က ဒီနှစ်အစောပိုင်းကနေ သိသိသာသာ အစစ်ဆေးကြမ်းနေတဲ့အပြင် အရပ်သားပြည်သူဖမ်းဆီးခံရတာတွေလည်း ဆက်တိုက်ရှိနေရုံသာမကဘဲ စစ်တပ်က စစ်ခုံရုံးကနေ သေဒဏ်ချမှတ်တဲ့ ပြည်သူတွေလည်းရှိနေပါတယ်။

Show More

Related Articles

Back to top button