စစ်ပြေးဒုက္ခသည်များသတင်း

ကန့်ဘလူမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ဘက်ကခြမ်းကို စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးနေလို့ ဒေသခံ ၅၀၀၀ကျော်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်း ၅နာရီလောက်မှာ စစ်ကောင်စီတပ်သားနဲ့ပျူစောထီး အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကြောင်းဟာ စစ်ကြောင်း  ကြောင်းခွဲပြီး ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်အတွင်း စစ်ကြောင်းထိုးနေတာလို့ထန်းကုန်းတိုက်နယ်တာဝန်ခံတစ်ယောက်ကပြောပါတယ်။

သူတို့ကတော့ နယ်မြေရှင်းလင်းရေးဆိုတဲ့ခေါင်းစဥ်နဲ့ စစ်ကြောင်းထိုးတာပဲ အခုက ရွာပေါင်း၈ရွာလောက် က ဒီနေ့တော့ ဒေသခံ၅၀၀၀ကျော်လောက်ထွက်ပြေးနေရပါတယ်လို့ပြောပါတယ်။

လက်ရှိ ကန့်ဘလူနယ်တောင်ဘက်ခြမ်းကိုစစ်ကြောင်းထိုးနေတဲ့ တပ်ဖွဲ့တွေဟာ ကန့်ဘလူ ၆၀၀၆ တပ်နဲ့ပျူစောထီး ပူးပေါင်းအဖွဲ့တွေဖြစ်ပြီးတော့ စစ်ကြောင်း  ကြောင်းခွဲပြီး ဝင်ရောက်နေတာလို့ သိရပါတယ်။

ဒါ့အပြင် ကန့်ဘလူတောင်ဘက်ခြမ်းကို ပြီးခဲ့တဲ့ဩဂုတ်လ နောက်ဆုံးအပတ်လောက်ကလည်း ခမရ ၃၆၁ စစ်ကြောင်းက ဝင်ရောက်စစ်ကြောင်းထိုးခဲ့သလို ကန့်ဘလူနယ်အတွင်း ရွာပေါင်း ၁၆ ရွာက ဒေသခံတွေ စစ်ဘေးရှောင်နေကြရတယ်လို့ထန်းကုန်းတိုက်နယ်တာဝန်ခံတစ်ယောက်က အခုလိုဆက် ပြောပါတယ်။

အခုက စစ်ဘေးရှောင် ၁၆ ရွာလောက်ရှိတယ် ရွာနီးခြောက်စပ်တွေပဲ လက်ရှိအခက်ခဲဆုံးကတော့ ဆေးဝါး ပြတ်လပ်နေတယ် စစ်ဘေးရှောင်တွေ တုပ်ကွေးဖြစ်နေကြတာ ပြီးခဲ့တဲ့ စနေနေ့လောက်ကတည်းက ဆေးဝါး ပြတ်လပ်နေတာပါ မိုးတွင်းကာလဆိုတော့ အဓိကကတော့ ဆေးဝါးအကူညီပါပဲလို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့ကလည်း ခင်ဦးမှာရောက်နေတဲ့ စစ်ကြောင်း ခမရ ၃၆၁ က ထန်းကုန်းတိုက်နယ်ကို စစ်ကြောင်းထိုးရင်း အင်တောပေါက်ရွာက တဲတိုက်က အသက် ၆၀ အရွယ် ဦးကံထွန်း ၊ဖလံချိုင်ရွာက အသက်၂၅နှစ်အရွယ် ကိုကောင်းမြတ် နဲ့ ရင်ခတ်ကုန်းရွာက အသက် ၁၉ နှစ်အရွယ် ကိုရဲမင်း တို့ကို သတ်ဖြတ်ခံခဲ့ပါသေးတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း ဒီမိုကရေစီအရေးလှုပ်ရှားသူ နဲ့ ပြည်သူ ၄ ထောင်ကျော် သတ်ဖြတ်ခံခဲ့ရပြီး ၂သောင်းနီးပါးဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက် ရေးအသင်း AAPP က စက်တင်ဘာလ၁ရက်နေ့က နောက်ဆုံးထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button