ဖားကန့်မှာ အချဥ်ပေါင်းသည်တစ်ဦး ပစ်သတ်ခံရ
ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာအပိုင် ရပ်ကွက်(၁)ရှိ ဒေသအခေါ် ရေတွင်းပျက်နေရာမှာ အချဥ်ပေါင်းရောင်းသူတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။
အောက်တိုဘာလ ၃ ရက်နေ့ ဒီကနေ့ နေ့လည် ၂နာရီလောက်မှာ အချဉ်ပေါင်းလှည့်ရောင်းချိန် နားထင်မှာပစ်သတ်ခံရတာဖြစ်တယ်လို့ ကုဋေကျေးရွာသားတစ်ဦးက ပြောပါတယ်။
“အခုက သူ့မိသားစုဝင်တွေနဲ့ ဆက်သွယ်လို့ရပြီ၊အလောင်းကို လုံးခင်းသချိုင်းကုန် ယူသွားတယ်”ဟု ကုဋေကျေးရွာသားတစ်ဦးက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၄၀ အရွယ်ခန့်ရှိ ကိုသန်းမင်းထိုက် ဆိုသူဖြစ်ပြီး၊ငြိမ်းချမ်းသာယာ(ခွန်ဆာကုန်း) မှာနေထိုင်သူလို့ ဆိုပါတယ်။
ကိုသန်းမင်းထိုက်ကို သေနတ်နဲ့ ပစ်သတ်သွားသူဟာ ဘယ်အဖွဲ့အစည်းက ဘယ်သူဘယ်ဝါ ပစ်သတ်သွားလဲဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။
အလားတူပဲ အောက်တိုဘာလ ၁ရက်နေ့ကလည်း လုံးခင်းကျေးရွာအုပ်စု၊ကထန်ကျေးရွာသွား စွန့်ပစ်မြေစာပုံမှာ ရေခဲချောင်းရောင်းသူတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
“ဖားကန့်မှာက လူဆိုး လူကောင်းမခွဲခြားနိုင်တော့ဘူး နေ့တိုင်းပစ်သတ်ခံရတာတွေက ရှိနေမြဲ”လို့ လုံးခင်းဒေသခံတစ်ဦးကပြောပါတယ်။
ဒါ့အပြင် ဖားကန့်မှာ ဒီနေ့တစ်ရက်လုံး နေရာအနှံ့လက်နက်ကြီး၊လက်နက်ငယ်သံတွေကြားနေရပြီး ဆိုင်းတောင်ကျေးရွာမှာ စစ်တပ်နဲ့ KIA, PDF တို့အကြား စစ်းရေးတင်းမာနေဆဲဖြစ်ပါတယ်။



