ဆောင်းပါးသတင်းဆောင်းပါး

ကျောင်းမတက်တော့တဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဘဝတစ်ဆစ်ချိုး

စစ်အာဏာရှင်လက်အောက်မှာ ကျောင်းမတက်ပဲ သပိတ်မှောက်ခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသား/သူတွေဟာ နဂိုရည်မှန်းချက်ကို စွန့်ပြီး အသက်မွေးဝမ်းကြောင်းတစ်ခုကို ပြန်လည်စတင်နေရပါတယ်။

မြန်မာပြည်မှာ ၂၀၂၀ မတ်လလောက်ကစလို့ ကိုဗစ်ရောဂါကြောင့် အခြေခံပညာကျောင်းအပါအဝင် တက္ကသိုလ်ကျောင်းတွေ ရပ်နားခဲ့ရပါတယ်။ အဲဒီနောက် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အတွက် အာဏာရှင်ကို မလိုလားတဲ့ပြည်သူတွေဟာ တစ်ပြည်လုံးအနှံ့ အာဏာရှင်ကို ဆန့်ကျင်သပိတ်မှောက်ခဲ့ကြပါတယ်။

စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကြောင့် နိုင်ငံတစ်ဝှမ်း ကျောင်းသား/သူတွေဟာ နစ်နာခဲ့ရသူတွေပါ။

အခုလိုအခြေအနေကြောင့် ကျနော့ရဲ့ရည်မှန်းချက်က ၁၀၀ ရာခိုင်နှုန်းမှာ သုညအထိဖြစ်သွားတယ်” လို့ ရေကြောင်းတက္ကသိုလ် တက်ရောက်ခဲ့တဲ့ ကိုညီထက် ပြောသွားတာပါ။

စစ်ကောင်စီ လက်အောက်က ပညာရေးစနစ်ကိုဆန့်ကျင်ပြီး စာသင်ခန်းကိုပြန်ဖို့ ငြင်းဆန်ခဲ့ကြသူတွေထဲ ကိုညီထက်တစ်ယောက် အပါအဝင်ပါ။

သူဟာ ၂၀၁၈၂၀၁၉ ပညာသင်နှစ်မှာ ၁၀ တန်းကို ဂုဏ်ထူး ၅ ဘာသာနဲ့ အောင်မြင်ပြီး မြန်မာနိုင်ငံရေကြောင်း တက္ကသိုလ်မှာ ဒုတိယနှစ်အထိ တက်ရောက်ကာ ရည်မှန်းချက်ကြီးခဲ့တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။

ကျနော့ရဲ့ ရည်မှန်းချက်က သင်္ဘောသားပေါ့ ကျနော်တက်တဲ့ကျောင်းကလည်း ဘွဲ့ရပြီးတာနဲ့ အခွင့်အလမ်းများတယ်။ သင်္ဘောသားဖြစ်ပြီ ဆိုတာနဲ့ မိသားစုကိုပြန်ပြီး ထောက်ပံ့မယ်ပေါ့။ မိသားစုကလည်း ချမ်းသာတဲ့ထဲက မပါတော့ ရည်မှန်းချက်ကြီးတယ်။ ဒီအရာကိုလည်းဖြစ်ချင်သလို ၁၀ တန်းမှာလည်း အကောင်းဆုံးကြိုးစားခဲ့တယ် လို့ သူက ဆိုပါတယ်။

အခွင့်အလမ်းကောင်းတွေများစွာရှိခဲ့တဲ့ ကိုညီထက်တစ်ယောက် အာဏာသိမ်းစစ်တပ်ရဲ့ပညာရေးစနစ်ကို ဆန့်ကျင်ကာ လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ပြီး သူရဲ့ မူလရည်မှန်းချက်ကို စွန့်လွှတ်ခဲ့ပါတယ်။

အခုတော့ သူဟာ သူဖြစ်ချင်တဲ့ သင်္ဘောသားအိပ်မက်ကို စွန့်လွှတ်ပြီး ဂျပန်ကိုသွားဖို့ပြင်ဆင်နေပါတယ်။

ဘဝတစ်လျှောက်လုံး ရည်ရွယ်ချက်တွေ ရည်မှန်းချက်တွေအပြည့်ထားပြီး ကြိုးစားခဲ့ကြတဲ့ လူငယ်တွေ အဲ့ရည်မှန်းချက်တွေရဖို့ လက်တစ်ကမ်းအလိုမှာပဲ အာဏာသိမ်းမှုက သူတို့ရည်မှန်း ချက်တွေကို ရိုက်ချိုး ခဲ့ပါတယ်။

ငယ်စဥ်ကတည်းက စိုက်ပျိုးရေးမိသားစုကကြီးလာတာမို့ အစ္စရေးက စိုက်ပျိုးရေးကျောင်းတွေအထိသွားပြီး တက်ဖို့ ရည်မှန်းချက်ကြီးခဲ့သူကတော့ မနွေးနွေးပါ။

ကျမ ၁၀ တန်းတုန်းကဆိုရင် အခက်အခဲအများကြီးရှိတယ်။ မတတ်နိုင်တဲ့မိသားစုကလည်းဖြစ်တယ်။ ဆရာမတွေဆို ကျူရှင်လခတောင် အလကားထောက်ပံ့ပေးခဲ့တယ် အဲ့လိုမျိုးကြားကနေ ကျမကြိုးစား လာရတာ” လို့ မနွေးနွေးက ပြောပါတယ်။

မနွေးနွေးဟာ အဲ့လိုအခက်အခဲတွေကြားကပဲ ၂၀၁၈၂၀၁၉ ပညာသင်နှစ်မှာ ဇီဝဗေဒ ဘာသာရပ်ကိုဂုဏ်ထူးနဲ့ အောင်မြင်ခဲ့သူ ကရင်နီပြည် ဒီမော့ဆိုမြို့က ဒေသခံတစ်ဦးပါ။

ဒီမော့ဆိုမြို့ဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေဒုနဲ့ဒေးနေထိုင်တဲ့မြို့ဖြစ်သလို အာဏာသိမ်းစစ်တပ် နဲ့ ကာကွယ်ရေးတပ်တွေအကြား ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲမြို့ဖြစ်ပါတယ်။

အဲ့ဒီ ဒီမော့ဆိုမြို့က ပြည်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ မနွေးနွေးဟာ ငယ်စဥ်တည်းက ရည်မှန်းထားတဲ့အတိုင်း စိုက်ပျိုးရေးပညာရှင် အိပ်မက်ကို အကောင်အထည်ဖော်ဖို့ စိုက်ပျိုးရေးတက္ကသိုလ်တစ်ခုမှာ တက်ရောက်ပညာသင်ခဲ့ပါတယ်။

ရည်မှန်းချက်ကြီးခဲ့တဲ့ မနွေးနွေးရဲ့ အနာဂတ်ဟာ အာဏာသိမ်းပြီးချိန်က စလို့ တစ်ဆစ်ချိုးပြောင်းလဲသွားခဲ့ရပြီး ကိုညီထက် နည်းတူ သူမလည်း ရည်မှန်းချက်ကိုစွန့်လွှတ်ပြီး စစ်ကောင်စီကို ဆန့်ကျင်သပိတ်မှောက်ခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးအားကောင်းတဲ့ သူမနေထိုင်ရာ ကရင်နီပြည် ဒီမော့ဆိုမှာ အာဏာသိမ်းပြီးချိန်ကစလို့ စစ်တပ်က အင်အားသုံးပြီး စစ်ကြောင်းထိုးမှုတွေဆက်တိုက်လုပ်ခဲ့တဲ့အတွက် စစ်ဘေးရှောင်ရတဲ့အခြေနေထိ ရင်ဆိုင်ခဲ့ရပါတယ်။

ကျောင်းတက်ဖို့လည်းအစီအစဥ်မရှိတော့ဘူး ထိခိုက်မှုကတော့များတယ်။ ကျမရွေးချယ်ခဲ့တဲ့ လမ်းကလည်း ဖြောင့်ဖြူးတယ်လေ။ ဒါပေမဲ့ ဒီရွေးချယ်တဲ့လမ်းအတွက်တော့ နောင်တမရဘူး” လို့ သူမက ခပ်ပြတ်ပြတ်ဆိုပါတယ်။

မနွေးနွေးဟာ အာဏာသိမ်းစစ်တပ်ကို ကျောင်းမတက်ပဲ သပိတ်မှောက်ရုံတင်မက လက်နက်ကိုင်ပြီးခုခံဖို့အထိ ဆုံးဖြတ်ချက်ချခဲ့ သူပါ။

သူမကြီးပြင်းခဲ့တဲ့ ကရင်နီပြည် ဒီမော့ဆို မြို့ထဲ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ စစ်ဘေးရှောင်ရပြီးတဲ့နောက်မှာပဲ သူမဟာ စစ်ပညာသင်ဖို့ သင်တန်းတွေ တက်ခဲ့ပါတယ်။

အသက်ငယ်ပြီး အခွင့်အလမ်းရှိတဲ့သူမအတွက် အရပ်ဘက်အဖွဲ့အစည်းတွေပူးပေါင်းပြီး ဖွင့်လှစ်ထားတဲ့ ကျောင်းတစ်ခုမှာ ဒေသ ဖွံ့ဖြိုးရေး ဒီပလိုသင်တန်းတက်ရင်း သူမအနာဂတ်အတွက် လမ်းစအသစ်ကိုရှာဖွေနေပါတယ်။

ကိုညီထက် နဲ့ မနွေးနွေးတို့လို ရည်းမှန်ချက်တွေအတွက် လမ်းစအသစ်ရှာဖွေနေသူ နောက်တစ်ယောက်ကတော့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က စီးပွားရှာချင်သူ၊ ပညာရှာချင်သူအဖို့ အစပြုခြေလှမ်းရတဲ့မြို့ကြီး ရန်ကုန်သားလေး ကိုဇော်ထိုက်ပါ။

ကိုဇော်ထိုက်ဟာ ကိုဗစ်ကာလအသွားအလာကန့်သတ်မှုအလွန် ခေတ်စားလာတဲ့ အွန်လိုင်းစီးပွားရေး တစ်ခုလုပ်ရင်း အသက်မွေးသူတစ်ယောက်ပါ။

ကျနော်ကအရင်ကတည်းက ဖက်ရှင်အဝတ်အစားတွေနဲ့ပတ်သက်လို့ဝါသနာတော့ပါပြီးသား အာဏာသိမ်းပြီး ကျောင်းမတက်ဖို့ ဆုံးဖြတ်ထားတော့ ကျနော်ဝါသနာပါတာလေးလုပ်ရင်း အသက်မွေးဖို့ ဆုံးဖြတ်လိုက်တာ” လို့ အွန်လိုင်းကနေ ဘေထုပ်လို့ခေါ်တဲ့ အဝတ်အထည်တွေကိုရောင်းနေသူ ကိုဇော်ထိုက်က ပြောပါတယ်။

အဲ့ဒီ စီးပွားရေးမလုပ်ခင် ကိုဇော်ထိုက်တစ်ယောက် ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်မှာ အင်္ဂလိပ်စာမေဂျာသင်ယူနေတဲ့ ကျောင်းသား လူငယ်တစ်ယောက် ဖြစ်ပါတယ်။

မြို့ပြမှာကြီးပြင်လာပေမဲ့လို့ ဝမ်းရေးအတွက် ရုန်းကန်နေရတဲ့မိသားစုအတွက်ရင်းမှန်းချက်ကြီးကြီးထားပြီး စီးပွားရေးလောကထဲမှာ အောင်မြင်သူတစ်ယောက်ဖြစ်ချင်တာက ကိုဇော်ထိုက်ရဲ့ အိပ်မက်ပါ။

ကိုဇော်ထိုက်ဟာ ငယ်စဥ်ကတည်းက အင်္ဂလိပ်စာ အားကောင်းသူတစ်ယောက်ဖြစ်တာမို့ ၁၀ တန်း အောင်မြင်တော့လည်း အင်္ဂလိပ်စာမေဂျာနဲ့ အသက်မွေးပြီး နိုင်ငံတကာအထိ စီးပွားရေးနဲ့ထိုးဖော်နိုင်ဖို့ အခွင့်အလမ်း တွေလည်းရှိခဲ့သူပါ။

အာဏာသိမ်းလိုက်တဲ့နေ့ကစလို့ အဲ့ဒီအခွင့်အလမ်းကောင်းတွေကိုစွန့်လွှတ် ရည်မှန်းချက်တွေကိုဘေးချပြီး စစ်တပ်ရဲ့ပညာရေးကို လက်မခံပဲ သပိတ်မှောက်ခဲ့တာ ယနေ့ ထိတိုင်ပါပဲ။ အာဏာသိမ်းမှုကြောင့် မူလရည်မှန်းချက်တွေအကောင်အထည် မဖော်နိုင်ခဲ့ပေမဲ့လို့ ကိုဇော်ထိုက်တစ်ယောက် ဇွဲမလျော့ခဲ့ပါဘူး။

လူငယ်တစ်ယောက်လည်းဖြစ်တာမို့ လူငယ်တွေအကြိုက်က ဘယ်လိုလဲဆိုတာသိတယ်။ ငယ်ကတည်းက ဖက်ရှင်တွေ ဘာတွေလည်း စိတ်ဝင်စားလို့ ဒီလိုလုပ်ဖြစ်ခဲ့တာ“ ကိုဇော်ထိုက်ရဲ့ ဘေထုပ်ဆိုင်ဟာ တစ်လကို သိန်း ၂၀ လောက်အထိကို ဝင်ငွေရှိနေပြီ ဖြစ်ပါတယ်။

အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲကြောင့် အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်ခံကျောင်းတွေမှာ ကျောင်းမတက် သပိတ်မှောက်ပြီးဆန့်ကျင့်ခဲပြီး ပညာသင်ယူခွင့်တွေကိုစွန့်လွှတ်ခဲ့ကြပေမဲ့ အာဏာသိမ်းစစ်တပ် ကို ခုခံရင်း နောက်ထပ် အသက်မွေးပညာကို ရှာဖွေကြဖို့ ဒီလူငယ်သုံးဦးက အကြံပြုပါတယ်။

By – အမိုး

Show More

Related Articles

Back to top button