သတင်းဆောင်းပါး

တအောင်း(ပလောင်) နဲ့ အတူတကွ ယှဉ်တွဲနေထိုင်ရေးအတွက် သည်းခံဖို့လိုတယ်လို့ KIO ပြော

တအာင်း (ပလောင်) နဲ့ ကချင်မျိုးနွယ်စုဆိုတာ ရှေးယခင်က အတူယှဉ်တွဲနေထိုင်လာပြီးတော့ တော်လှန်ရေးခရီးကို အတူလက်တွဲ လုပ်ဆောင်ခဲ့ကြတာကြောင့် မျိုးနွယ်စုအချင်းချင်း ပဋိပက္ခတွေ ဒီထက် မကြီးထွားလာစေဖို့ သည်းခံခြင်းနဲ့ သွားရမယ်လို့ KIO ဘက်က ပြောဆိုပါတယ်။

ရှမ်းမြောက်၊ ကချင်ဆပ်စတိတ် ( Kachin Substate) မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် TNLA တို့ကြား နယ်မြေအငြင်းပွားမှု ပြဿနာဆက်တိုက် ဖြစ်ပွားလာပြီး ပြဿနာကို ဒီထက်မကြီးပွား အောင် KIO ဘက်ကတော့ အောက်ခြေကိုသည်းခံဖို့ အမြဲညွှန်ကြားထားလျက်ရှိတယ်လို့ ဆိုပါတယ်။

သည်းခံရမယ်ဆိုတဲ့ အဓိကအကြောင်းရင်းဟာ ပလောင် နဲ့ ကချင်ဟာ ရှေးယခင်ကတည်းက အတူယှဉ်တွဲနေလာပြီး တော်လှန်ရေးခရီးကို အတူလျှောက်လှမ်းခဲ့ကြတယ်။ အခုလည်း သည်းခံမှုမရှိပဲ ဒီလိုအခြေအတင် ရိုက်နှက်မှုတွေကနေ ပြဿနာကြီးလာရင် ပလောင်နဲ့ ကချင်ကြား လူမျိုးရေးပဋိပက္ခအထိ ဖြစ်လာမှာ စိုးရတယ်။ အမျိုးသားရေးပြဿနာဖြစ်လာမှာ စိုးရိမ်တယ်။ သမိုင်းမလှမှာ စိုးတယ်၊ နောင်လာနောက်သားတွေအတွက် မလှတဲ့သမိုင်းချန်ရစ်မှာကို KIO ကအရမ်းစိုးရိမ်တယ်။ ဒါကြောင့် ဒီလိုပြဿနာကို လူအင်အား၊ လက်နက်အင်အားနဲ့ဖြေရှင်းတဲ့ နည်းနဲ့မဟုတ်ပဲ အချင်းချင်း ပြေလည်အောင် ညှိနှိုင်းဖြေရှင်းတဲ့နည်းနဲ့ အဓိကအားစိုက်ရအောင်ဆိုတဲ့ဟာဖြစ်တယ်။ ကြီးတဲ့ပြဿနာကို သေးအောင်၊ သေးတဲ့ပြဿနာကို ပျောက်အောင်ဆိုတဲ့ နည်းကိုသုံးနေတာဖြစ်တယ်။ သည်းခံရမယ်ဆိုတာ ဒါကြောင့်ပါ။” လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KNG ကို ပြောပါတယ်။

ရှမ်းမြောက်၊ မိုးမိတ်နဲ့ မန်တုံမြို့နယ်ဘက်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA နဲ့ တအာင်းလွတ်မြောက်ရေးအဖွဲ့ TNLA တို့ကြား နယ်မြေအငြင်းပွားမှု ပြဿနာတွေကို လက်ရှိချိန်ထိ ပြေလည်အောင် မညိနှိုင်းနိုင်သေးပဲ မဖြေရှင်းနိုင်သေးဘူးလို့ သိရပါတယ်။

KIO ဘက်ကလည်း PSLF/TNLA အထက်လူကြီးတွေ နဲ့ အချင်းချင်းတွေ့ဆုံညှိနှိုင်းနိုင်ဖို့ လမ်းကြောင်းရှာနေဆဲဖြစ်တယ်လို့ KIO ဘက်က ပြောဆိုပါတယ်။

KIA တပ်မဟာ ၄၊ တပ်ရင်း ၃၆ နယ်မြေ မန်တုံမြို့နဲ့ မိုးမိတ်ကြားမှာရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIOKIA တိုက်နယ်ရုံးတွေနဲ့ တပ်စခန်းတွေကို ဖယ်ရှားဖို့ တအာင်းလွတ်မြောက်ရေးအဖွဲ့ PSLF/TNLA ဘက်က အင်အားအလုံးအရင်းသုံးပြီး လုပ်ဆောင်နေတာကြောင့် ဖေဖော်ဝါရီလအတွင်း တပ်ဖွဲ့နှစ်ခုကြား ရိုက်နှက်မှု၊ ဖမ်းဆီးမှုတွေအထိ ဖြစ်ပွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့က မန်တုံမြို့ကနေ ၅ မိုင်လောက်အကွာမှာရှိတဲ့ မန်မောက်ရွာက KIA တပ်ဖွဲ့တွေကို TNLA က အင်အားသုံး ဖယ်ရှားဖို့ ကြိုးစားရာမှာ နှစ်ဖက်တပ်ဖွဲ့ ထိုးကြိတ် ရိုက်နှက်ခဲ့ကြရာ KIA ဘက်က တပ်ဖွဲ့ဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာ ပြင်းထန်တဲ့ KIA တပ်ဖွဲ့ဝင်တွေကို TNLA က မန်တုံဆေးရုံကိုခေါ်ဆောင်သွားပြီး ဆေးကုသပေးနေပေမဲ့ သက်ဆိုင်ရာ KIO/KIA ဘက်ကလူကြီးတွေနဲ့ ၃ ရက်ခန့် တွေ့ခွင့်၊ဆက်သွယ်ခွင့်မပေးခဲ့သလို ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့မှ ဆေးရုံဆင်း လွတ်ပေးလိုက်တယ်လို့ သိရပါတယ်။  

မတ်လ ၁ ရက်နေ့မှာလည်း KIA တပ်ရင်း ၃၄ အောက် အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၄ ဦးကို TNLA ဘက်က ဖမ်းဆီးလိုက်ပြီး လက်နက်တွေပါ သိမ်းဆည်းလိုက်တဲ့ဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီလို လုပ်ရပ်မျိုးတွေက တော်လှန်ရေးအချင်းချင်း မသင့်တော်ဘူး။ ဗဟိုဘက်ကတော့ သည်းခံရအောင်အမြဲပြောတယ်။ ပြည်သူတွေကိုလည်း ပြည်သူပါလာရင် လူမျိုးရေးပြဿနာဖြစ်ပွားလာရင် ဖြေရှင်းရခက်လာမယ်။ ဒါကြောင့် ပြည်သူတွေလည်း ကြည့်ပြီး သည်းခံနေကြရတဲ့အနေအထားဖြစ်တယ်။ ဒီ ကချင်ဆပ်စတိတ်ဒေသမှာရှိတဲ့ ကျနော်တို့အရပ်သားတွေလည်း TNLA ရဲ့လုပ်ရပ်ကိုတော့ တကယ်မနှစ်သက်ဘူး။ ဒီဒေသမှာ သူတို့ပဲနေချင်တာ ဘယ်သူတွေ ဘယ်ခေတ်ကတည်းကပဲ နေခဲ့နေခဲ့ သူတို့က လုံး၀မနေနဲ့ ဖယ်ပါ၊ သွားပါ ဆိုတဲ့ပုံစံနဲ့ လိုက်လုပ်နေတာလေ။ လို့ နမ္မတူဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိ KIA နဲ့ TNLA တို့ လက်နက်ကိုင်အချင်းချင်းကြားဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြားမှာ ဒေသခံ တအောင်း နဲ့ ကချင် အရပ်သားတွေလည်း ပါဝင်လာတာမျိုးရှိတယ်လို့ သိရပါတယ်။

မန်တုံဘက်မှာ TNLA ဘက်က KIA တပ်စခန်းတွေကို လိုက်လံဖယ်ရှားချိန် အင်အား တစ်ဝက်ခန့်က တအောင်း (ပလောင်) ကျေးရွာတွေထဲက ပလောင်ဒေသခံအမျိုးသား၊ လူငယ် လူလတ်ပိုင်းတွေအမြောက်အများ ပါဝင်ကြတာကို တွေ့ရတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဒါကြောင့် အခုလို လက်နက်ကိုင်အချင်းချင်းကြား ဖြစ်နေတဲ့ ပြဿနာကနေ လူမျိုးရေး ပြဿနာအထိ မဖြစ်ပွားလာနိုင်အောင် သက်ဆိုင်ရာ အရာရှိတွေက အလေးနက်ထားတားမြစ်ပေးနိုင်ဖို့ ရှမ်းမြောက် ဒေသခံလူထုတွေက တောင်းဆိုချက်တွေ များစွာရှိနေပါတယ်။

လက်ရှိ KIA နဲ့ TNLA နှစ်ဖက်ကြား ပြဿနာတွေ မပြေလည်နိုင်ပဲ တစ်နေ့တစ်ခြား ပိုမိုဖြစ်ပွားလာတဲ့အပေါ် တအာင်း လူ့အခွင့်အရေးဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းတစ်ခုက တက်ကြွလှုပ်ရှားသူ တအာင်းအမျိုးသမီးတစ်ဦးကတော့ လူမျိုးနှစ်ခုကြားမှာ လူမျိုးရေးပဋိပက္ခအသွင်ကူးပြောင်းလာမှာ မလိုလားတာကြောင့် ဒါဟာ အမြန်ဆုံးဖြေရှင်းသင့်တဲ့ အရာဖြစ်တယ်လို့ အခုလိုပြောဆိုပါတယ်။ 

ဒီလိုပြဿနာကို အမြန်ဆုံးပြေလည်အောင် ဖြေရှင်းသင့်တယ်။ ပြဿနာသေးသေးလေးကနေ ပြဿနာပိုကြီးလာမှာ စိုးရိမ်တယ်။ လက်နက်ကိုင်အချင်းချင်း ပြဿနာတွေက လူမျိုးရေးပဋိပက္ခဘက် အသွင်ပြောင်းပြီး မကူးစက်လာဖို့ အရမ်းအရေးကြီးတယ်။ လက်နက်ကိုင်နှစ်ခုကြားမှာ ဖြစ်နေတဲ့ပြဿနာက လူမျိုးနှစ်ခုကြားမှာ လူမျိုးပဋိပက္ခ အကြီးကြီးဖြစ်လာမှာ ကျမတို့ မလိုလားဘူး။ အောက်ခြေ၊မြေပြင်မှာရှိနေတဲ့ တပ်သားတွေအချင်းချင်း ပြေပြေလည်လည်နဲ့ ညှိညှိနှိုင်းနိုင်းနဲ့ အဖြေရှာဖို့ လိုအပ်တယ်။ ပဋိပက္ခ မကြီးထွားလာဖို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ပိုပြီးနေသင့်တယ်။” လို့ သူမက ပြောပါတယ်။

 ရှမ်းမြောက်မှာ လက်နက်ကိုင် အချင်းချင်းဖြစ်ဖြစ်၊ ဒေသခံလူမျိုးတွေကြားမှာပဲဖြစ်ဖြစ် ပြဿနာ တစ်ရပ်ရပ်ဖြစ်ပေါ်လာတိုင်း သတင်းမီဒီယာတွေအနေနဲ့လည်း သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ အသံဘက်မျှစွာဖြင့် ဖော်ပြပေးစေလိုတယ်လို့ သူမ က ဆက်ပြောပါတယ်။

သတင်းမီဒီယာတွေအနေနဲ့လည်း နှစ်ဦးနှစ်ဖက် ပြဿနာဖြစ်လာပြီဆိုရင် နှစ်ဖက်စလုံးရဲ့အသံကို ယှဉ်ပြီး သတင်းရင်းမြစ်သေချာစုံစမ်းပြီး တင်ရင်ပိုကောင်းမယ်။ သတင်းမီဒီယာအနေနဲ့လည်း သတင်းတင်ရင် ပိုပြီး အမုန်းပွားလာစေတာမျိုး၊ ပြဿနာ တက်လာမဲ့ ပုံစံလူမျိုး မဟုတ်ပဲ ပြဿနာကို အကောင်းဘက်ဖြစ်လာစေဖို့ ရည်ရွယ်ချက်မျိုးနဲ့ လုပ်စေချင်တယ်။ ဒီလိုမျိုးကနေ တစ်ဆင့်ကူးစက်လာနိုင်မဲ့ လူမျိုးရေး ပဋိပက္ခတွေ ကျမတို့ မလိုလားဘူး။ သက်ဆိုင်ရာ ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့တွေကတော့ အပြန်အလှန် ညှိနှိုင်းဖို့ လိုအပ်တယ်။ ကျမတို့ အမြဲတမ်း ကျမတို့ရဲ့ ရပ်တည်ချက်၊ ဦးတည်ချက်ဖြစ်နေတဲ့ အတူတကွ ယှဉ်တွဲနေထိုင်ရေးကိုလည်း အလေးထားဆောင်ရွက်စေလိုတယ်။” လို့ လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ တအာင်းအမျိုးသမီးတစ်ဦးက ပြောဆိုပါတယ်။

မိုးမိတ်ဒေသရှိ KIO အရာရှိတချို့ပြောဆိုချက်အရ လက်ရှိ မြေပြင်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေအပေါ် အချင်းချင်း ညှိညှိနှိုင်းနှိုင်းနဲ့ ဖြေရှင်းကြဖို့ တစ်ဖက်က မြေပြင်က TNLA အရာရှိတွေကို ကမ်းလှမ်းတာတွေ ရှိပေမဲ့ အတွေ့မခံ၊ ညှိနှိုင်းမခံပဲ အင်အားနဲ့သာ တိုက်ရိုက်ဝင်ရောက်စီးနင်းတာမျိုးတာတွေ လုပ်ဆောင်လာတယ်လို့ ပြောဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ဗဟိုပြောရေးဆိုခွင့်အဖွဲ့ကို ကချင်သတင်းဌာန KNG က ဆက်သွယ်နေပေမဲ့ အကြောင်းပြန်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက မန်တုံ – နမ့်ခမ်းကြား မိုင်းဝီး(Mungwi)ဒေသမှာ KIO တိုက်နယ်ရုံးကို TNLA ဖယ်ရှားဖို့ ကြိုးစားခဲ့ပြီး KIA တပ်တွေကိုလည်း အဲဒီနေရာမှာ မနေဖို့ အင်အားနဲ့ သွားရောက်မောင်းထုတ်ခဲ့တာကြောင့် ၃ ရက်ခန့်ကြာ အချင်းချင်း ထိုးကြိတ်မှု၊ တင်းမာမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မိုင်းဝီးဒေသက ပြဿနာကို သက်ဆိုင်ရာ KIA တောင်ပိုင်းတိုင်းစစ်ဌာနချူပ်နဲ့ တပ်မဟာအဖွဲ့တွေဟာ တစ်ဖက်က PSLF/TNLA အထက်အရာရှိတွေနဲ့ တွေ့ဆုံဖို့ ကြိုးစားခဲ့ပြီး ပြေလည်နိုင်အောင် ညှိနှိုင်းဖြေရှင်းဖို့ တာဝန်ယူထားတာကြောင့် အောက်ခြေ မြေပြင်မှာ အချင်းချင်း ပြဿနာ ဆက်မဖြစ်တော့ဖို့ တားမြစ်နိုင်ခဲ့တာ လက်ရှိထိ ငြိမ်နေတယ်လို့ ဒေသ KIO အရာရှိတွေ ပြောပါတယ်။

ဒါပေမဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာတော့ မန်တုံ – မိုးမိတ်ကြား မန်ဖန် (Manhpang) ကျေးရွာ၊ ရောကျန်း (Rawchyan) ရွာနဲ့ မန်ဘွန်း(Manbun) စတဲ့ ကျေးရွာတွေမှာရှိတဲ့ KIO တိုက်နယ်ရုံးနဲ့ KIA တပ်ခွဲစခန်းဂိတ်  နေရာခန့်ကို TNLA တပ်ဖွ အင်အားနဲ့ ဝင်စီးခဲ့ပြီး KIA တပ်သားတွေကို ဖမ်းဆီးရိုက်နှက်ခဲ့ပြီး လက်နက် ပစ္စည်းအားလုံး သိမ်းဆည်းလိုက်တဲ့ ဖြစ်စဥ် ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

နမ္မတူ – မိုးမိတ်– မန်တုံ – မိုင်းဝီး စတဲ့ဒေသဟာ ၂၀၁၁ ခုနှစ် ကချင်နှင့်မြန်မာစစ်တပ်အကြား တစ်ကြော့ပြန်စစ်ပွဲစတင်ချိန် အသစ်ထပ်မံ ဖွင့်လှစ်ထားတဲ့ KIA တပ်မဟာ ၄ အောက် တပ်ရင်း ၃၄ နယ်မြေ ဖြစ်ပါတယ်။

အဲဒီ အချိန်ကတည်းက ကချင် ကိုးဒေါင်ဆပ်စတိတ် နယ်မြေတစ်ကြော ကချင်လွတ်လပ်ရေးတပ်မတော် KIA က လှုပ်ရှားနေရာယူပြီး နေခဲ့စဉ် TNLA နဲ့ အခုလိုမျိုး ဖြစ်စဉ် မကြုံခဲ့ဖူးဘူးလို့ အဲဒီဒေသ KIO အရာရှိတွေက ပြောပါတယ်။

၁၉၉၂ ခုနှစ်တွေ ယခင် PSLA မူလတအာင်းတပ်ဖွဲ့နဲ့လည်း KIA ဟာ မဟာမိတ်အဖြစ် အတူယှဉ်တွဲနေထိုင်ခဲ့ကာ PSLA က စစ်တပ်နဲ့ အပစ်ရပ်ပြီး ၂၀၀၅ ခုနှစ်မှာ လက်နက်အပ်ခဲ့ပြီးနောက် ၄ နှစ်အကြာ ၂၀၀၉ ခုနှစ်က TNLA ကို ထပ်မံဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ပြန်လည်ပေါ်ပေါက်လာတဲ့ TNLA တပ်ဖွဲ့ဟာလည်း KIA ရဲ့ကူညီထောက်ပံ့မှုနဲ့ တော်လှန်ရေးခရီးကို အစပြုခဲ့ကာ နှစ်ဖက်တပ်တွေ အကြား ကာလရှည် မဟာမိတ်တွေအဖြစ် တော်လှန်ရေးခရီးကို အတူလျှောက်လှမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအပြီး ရှမ်းမြောက်အနောက်ဘက်ခြမ်း မိုးမိတ်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ် စတဲ့မြို့ ၁၂ မြို့ကို သိမ်းပိုက်ထား ပါတယ်။

တစ်ဆက်တည်းမှာပဲ ၎င်းတို့သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပလောင်ပြည်နယ်ဆိုပြီး အဲဒီဒေသတွေထဲမှာ ယခင် TNLA နေရာ မရှိခင်ကတည်းက ရှိနှင့်နေပြီးသော ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ဖယ်ရှားဖို့ ဆက်တိုက်ကြိုးစားလာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

လက်ရှိ အဓိက KIA/KIO နဲ့ TNLA တို့အကြား နှစ်ဖက်ပြဿနာ ဆက်တိုက်ဖြစ်ပွားနေတဲ့ နမ္မတူ – မန်တုံ – မိုးမိတ်ဒေသတွေမှာ ကချင်ရွာတွေနဲ့ ပလောင်၊ ရှမ်း အပါအဝင် အခြားမျိုးနွယ်စုတွေလည်း အတူယှဉ်တွဲနေထိုင်ရာ ဒေသဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button