ဆန်းစစ်ချက် ဆောင်းပါးလူ့အခွင့်အရေးချိုးဖောက်မှု

နေအိမ် မီးရှို့မှု၊ အရပ်သားပစ်မှတ်တိုက်ခိုက်ခံရမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ (Jan-April, 2024)

စစ်တပ် အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တွင် ၂၀၂၁ မှ ၂၀၂၃ အထိ တိုက်ပွဲများ ခပ်ကျဲကျဲရှိခဲ့ရာမှ ၂၀၂၄ နှစ်ဆန်းပိုင်း တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲများ ဆင်နွဲခဲ့ချိန် တိုက်ပွဲ ပိုမို ပြင်းထန်လာပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုနှင့် နေအိမ် မီးရှို့မှုများဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။

ထို့နောက် မတ်လ ၇ ရက်နေ့တွင် KIA ၏ စခန်းသိမ်းတိုက်ပွဲများ အရှိန်မြင့် ဆင်နွဲခဲ့ရာ စစ်ကောင်စီတပ်၏ လေယာဉ်ဖြင့် တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု နှင့် မီးရှို့မှုတို့ကြောင့် နေအိမ်အမြောက်အများ လောင်ကျွမ်း ပျက်စီးသွားသည်။

မီးရှို့ဖျက်ဆီးခံရမှုအခြေအနေ

 ၂၀၂၄ ခုနှစ် ဇန်နဝါရီလ မှ ဧပြီလအထိ KNG သတင်းဌာနပြုစုခဲ့သော စာရင်းများအရ နေအိမ်၊ စာသင်ကျောင်းနှင့် ဘာသာရေးကျောင်းများ စုစုပေါင်း ၅၅၅ ကျော် ပျက်စီးခဲ့သည်။ ၄ လအတွင်း နောင်မွန်နဲ့ ခေါင်လန်ဖူးမြို့နယ်မှ လွဲပြီး ကျန်သည့် မြို့နယ် ၁၆ ခုတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ဖားကန့်မြို့နယ်သည် အရပ်သားများ၏ နေအိမ် မီးလောင်၊ ပျက်စီးမှု အများဆုံးဖြစ်ပွားခဲ့သည်။

စဉ် ကျေးရွာ မီးလောင် ၊ ပျက်စီးမှု အရေအတွက် မြို့နယ်

စုစုပေါင်း

တာမခံ ကျေးရွာ မီးရှိုခံရမှု

၃၉၄

ဖားကန့်

၄၉၉

မအူပင် (Maubin)

၂၀

နန့်ယား (Namya)

၂၄

ဆယ်ဇင်း (Sezin)

၂၇

နန့်တိန် (Namting)

ဝှေခါ (Gwihka)

၃၀

စီခမ်းကြီး (Jehkam)+ မန်စီ

၄၂

မံစီမြို့နယ်

၄၂

ဝူယန် (Wuyang)

၁၄

ဝိုင်းမော်မြို့နယ်

၁၄

ဆွမ်ပရာဘွမ် (Sumprabum) မသိရသေး
၁၀ ဆင်ဘို (Sinbo) မသိရသေး

 

၂၀၂၄ ဇန်နဝါရီလမှ ဧပြီလအထိ နေအိမ် မီးရှို့ခံရမှုများ
၂၀၂၄ ဇန်နဝါရီလမှ ဧပြီလအထိ နေအိမ် မီးရှို့ခံရမှုများ

 

မီးရှိုမှု ဖြစ်စဉ်များကို သုံးသပ်ခြင်း

 ဖားကန့်မြို့နယ် မအူပင်ကျေးရွာတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်တပ်ဖွဲ့တပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာပြီး ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးပေးလိုက်သည်။

မအူပင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ KIA နှင့်ဆက်နွယ်နေသည့်ကျေးရွာဖြစ်သည်ဟု စွပ်စွဲကာ အကြောင်းမဲ့ မီးရှို့သွားခဲ့သည့်ဖြစ်စဉ်တွင် နေအိမ် စုစုပေါင်း ၂၀ ခန့် မီးလောင်ခဲ့ရသည်။ ယခုဖြစ်စဉ်မှာ တိုက်ပွဲကြား ပျက်စီးသွားခြင်းမဟုတ်ဘဲ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ နေအိမ်များကို မီးရှို့ခဲ့ခြင်း ဖြစ်သည်။

ဖားကန့်မြို့နယ် တာမခံကျေးရွာသည် နေအိမ်အပျက်အစီးအများဆုံးဖြစ်ပြီး KNG က ဒေသခံများကို မေးမြန်းစုစည်းထားသည့် စာရင်းအရ နေအိမ် စုစုပေါင်း ၇၀၀ ကျော်ရှိသည့်အထဲမှ ၃၉၄ အိမ်မီးလောင်ပျက်စီးခဲ့သည်။

မတ်လ ၄ ရက်နေ့စတင်ခဲ့သည့် တာမခံ တိုက်ပွဲတွင် ကျန်ရှိနေသည့် ခမရ ၁၁၉ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်များ ထိုးစစ်ဆင်နေစဉ် စစ်ကောင်စီ တပ်မ ၃၃ အောက် ခလရ ၄၂ ၊ ခလရ ၁၂ ၊ ခလရ ၇၆ ပူးပေါင်းတပ် စစ်ကြောင်းများ စစ်ကူအဖြစ်ရောက်ရှိလာကြပြီး တာမခံကျေးရွာကို မီးရှိုသည့်အပြင် လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နေအိမ် ၃၉၄ အိမ် မီးလောင်ပျက်စီးခဲ့သည်။

ထိုဖြစ်စဉ်များတွင် မီးငြိမ်းရန်အတွက် မီးသတ်ကားများဝင်ရန် ကြိုးစားသော်လည်း စစ်ကောင်စီတပ်က ကျေးရွာထဲဝင်လာလျှင် သတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

 ထို့ကြောင့် ၄ လအတွင်း ဖားကန့်မြို့နယ်ရှိ မအူပင် ကျေးရွာနှင့် တာမခံကျေးရွာတို့သည့် နေအိမ် မီးရှို့ခံရသည့် စာရင်းတွင် ပါဝင်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှု နဲ့ လက်နက်ကြီးပစ်ခတ်မှုများ

ကချင်ပြည်နယ်တွင် အရပ်သားများ လူ့အခွင့်အရေးချိုးဖောက်ခံရသည့် နောက်ထပ်ဖြစ်ရပ်များမှာ အရပ်သားပစ်မှတ်များကို လက်နက်ကြီးပစ်ခတ်မှုများနှင့် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများဖြစ်သည်။

ဝိုင်းမော်မြို့နယ် ဝူယန်၊ လမြန်၊ မုတ်ကျိတ် ကျေးရွာများတွင် မတ်လ ၅ရက်နေ့ ညနေပိုင်းတွင် ပြည်သူစစ် တာဝန်ခံတစ်ဦး၏ နေအိမ်မီးရှို့ခံရပြီးနောက် ပြည်သူ့စစ်အဖွဲ့က ဒေသခံပြည်သူနေအိမ် ၃ အိမ်ကို KIA နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲကာ တန်ပြန် မီးရှို့ခဲ့သည်။

မတ်လ ၇ ရက်နေ့တွင်လည်း ဝူယန်ပြည်သူစစ်အဖွဲ့ နှင့် KIA ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ထော့ဂေါ့လီဆူကျေးရွာမှ နေအိမ် ၁၀လုံး ထပ်မံ မီးရှို့ခံလိုက်ရသည်။ ထို့အပြင် ဝိုင်းမော်မြို့တွင်းအခြေစိုက် စစ်ကောင်စီ ခလရ ၅၈ တပ်ရင်းမှ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် မုတ်ကျိတ်ကျေးရွာ ခရစ်ယာန်ဓမ္မတက္ကသိုလ် ကျောင်းဝင်းအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည်။ ထို့ကြောင့် ဒေသခံပြည်သူများသည် တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ခဲ့သည်။

ဖားကန့်မြို့နယ် နန့်ယား ကျေးရွာတွင် ဧပြီလ ၉ ရက်နေ့ မှ ၁၁ ရက်နေ့အတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က  လက်နက်ကြီးနဲ့ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ကျေးရွာပတ်ပတ်လည် လာရောက်တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူများ၏ နေအိမ်များနှင့် ခရစ်ယာန်ဘုရားကျောင်းအပါအဝင် နေအိမ် စုစုပေါင်း ၂၄ အိမ် မီးလောင်ပျက်စီးသွားခဲ့သည်။

နန့်ယားကျေးရွာသည် ဖားကန့် လမ်းကြောင်းပေါ် အရေးပါသည့်နေရာတွင် တည်ရှိပြီး စစ်တပ်က ခရီးသွားပြည်သူများအား အတင်းအကြပ် စစ်ဆေးရိုက်နက်မှုများ ရှိခဲ့သည်။

ဖားကန့်မြို့နယ် ဝှေခါကျေးရွာတွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှု များသာမက လက်နက်ကြီးနှင့် မီးလောင်ဗုံးများကြောင့် ဒေသခံပြည်သူများ၏ နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးသွားပြီး လက်နက်ကြီးထိမှန်ပျက်စီးမှုများ ရှိခဲ့သည်။

ဧပြီလ ၁၀ ရက်မှ ၂၃ ရက်အတွင်း ဖားကန့်မြို့နယ် ဆယ်ဇင်းတွင် ရဲစခန်း နှင့် တပ်စခန်းကို KIA က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်စဉ် ဒေသခံပြည်သူများ၏ နေအိမ် ၂၃ လုံး လက်နက်ကြီးထိမှန်ပျက်စီးသွားပြီး တချို့နေအိမ်များကို စစ်ကောင်စီဖက်မှ မီးရှို့ဖျက်စီးလိုက်သည်။

မံစီမြို့နယ် စီခမ်းကြီး (Jehkam) တိုက်ပွဲသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မှ ၁၉ ရက်နေ့အထိ ၃ ရက်ကြာပြင်းထန်သော တိုက်ပွဲတစ်ခုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က စခန်းလက်မလွတ်ရေးအတွက် လေကြောင်းနဲ့ အကြိမ်ပေါင်း ၅၀ ကျော် ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ ဗန်းမော်-မဘိမ်းလမ်းမပေါ် တည်ရှိပြီး နှစ်ပေါင်း ၃၀ ကျော်ကြာသက်တမ်းရှိတဲ့ စီခမ်းကြီးတိုက်ပွဲမှာ နှစ်ဖက် ထိခိုက်သေဆုံးမှု များပြားခဲ့သည်။

ထိုတိုက်ပွဲတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၄၀ ကျော်မှာ နေထိုင်လို့မရအောင် ပျက်စီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။

မတ်လ ၇ ရက်နေ့ စတင်လိုက်သော ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အနီး၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ကုန်းလော စသည့်တိုက်ပွဲများတွင် ထိုဒေသရှိ စစ်ကောင်စီတပ်အားလုံးကို KIA က သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း နေအိမ် ထိခိုက်ပျက်စီးမှုများမှာ အလွန်နည်းပါးသည်ဟု ဒေသခံများပြောသည်။ သို့သော် တိုက်ပွဲတွင် လိုင်ဇာမြို့ရှိ KIO ဥက္ကဋ္ဌ၏ နေအိမ်အပါအဝင် ၃ အိမ် ပျက်စီးသွားသည်ဟု သိရသည်။

ဆွမ်ပရာဘွမ်မြို့တွင်းတိုက်ပွဲသည် မတ်လ ၉ ရက်နေ့ စတင်ခဲ့ပြီး မေလ ၅ ရက်နေ့တွင် မြို့တွင်း ခလရ ၄၆ တပ်ရင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် KIA က ပထမဆုံးမြို့နယ်အဆင့် သိမ်းပိုက်နိုင်သည့် မြို့ဖြစ်လာခဲ့သည်။ ထို နှစ်လနီးပါးတိုက်ပွဲတွင် စစ်ကောင်စီတပ်က Y 12 နှင့် ဂျက်လေယာဉ်များအသုံးပြုကာ အကြိမ်းပေါင်းများစွာ တိုက်ခိုက်ခဲ့သော်လည်း ဆက်သွယ်ရေးပြတ်တောက်မှုကြောင့် အရပ်သားနေအိမ် ထိခိုက်ပျက်စီးမှု စာရင်းများကို မသိရသေးပါ။

အလားတူ ဆင်ဘိုတိုက်ပွဲတွင်လည်း အရပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်မှုရှိခဲ့သော်လည်း နေအိမ်ထိခိုက်မှုများကို မသိရသေးပါ။

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များပျက်စီးမှု သာမက ဒေသခံပြည်သူများ၏ ဆန်စက်များ၊ စိုက်ခင်းများ၊ အိမ်မွေးတရိစ္ဆာန်များ စသည့် ပြည်သူပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရသည်။

နေအိမ်မီးရှိုမှု နှင့် အရပ်သားပစ်မှတ် လေကြောင်းတိုက်ခိုက်မှုများက လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်

မတ်လ ၇ ရက်နေ့တွင် ပြန်လည်စတင်လိုက်သော KIA နှင့် PDF ပူးပေါင်းတပ်တို့၏ စခန်းသိမ်းတိုက်ပွဲတွင် ဧပြီလကုန်ပိုင်းအထိ စခန်းပေါင်း ၇၀ကျော်ကို သိမ်းပိုက်နိုင်ခဲ့သည်။ တိုက်ပွဲများတွင် စစ်ကောင်စီတပ်သည် လေကြောင်းမှ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြင့် လူ့အခွင့်အရေး ချိုးဖောက်နေသည်။

လူ့အခွင့်ရေးတက်ကြွလှုပ်ရှားသူ #Sisters2Sisters အဖွဲ့အစည်းမှ အဖွဲ့ဝင် မသဉ္ဇာရွှန်းလဲ့ရည် က  “UN စစ်အုပ်စုရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ မိသားစုတွေ ၊စစ်တပ်ကပိုင်တဲ့ လုပ်ငန်းတွေကို မသုံးဘူး လေကြာင်း တိုက်ခိုက်မှုက ပိုစိတ်လာတယ်။ မှတ်တမ်းတွေအရ တစ်နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၀၀၀ ကျော်ကို ကြုံခဲ့ရတယ်။ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နိုင်တယ်ဆိုတာကလဲ လေယာဥ်ဆီပံ့ပိုးမှု Jet fuel ထောက်ပံ့မှုတွေ လက်နက်အင်အား ထောက်ပံ့မှုတွေ လုပ်ငန်းရှင်တွေ ဒီလုပ်ငန်းတွေကို မလုပ်ဖို့ အရေးယူပေးဖို့ လိုပါတယ်။ ဒါတွေဟာ နိုင်ငံတကာက လုပ်ဖို့ပျက်ကွက် နေတာကြောင့် တော်လှန်ရေးအင်အားစုတွေဆက်ပြီး တောင်းဆိုနေကြပါတယ်။” ဟု ပြောသည်။

စစ်ကောင်စီတပ်ကို အကျိုးပြုနေသည့်နိုင်ငံများတွင် တရုတ်နိုင်ငံအပါအဝင် ရှရှား ၊ အိန္ဒိယ ၊ ထိုင်းနိုင်ငံ၊ စင်ကာပူ စသည့်နိုင်ငံများ ဖြစ်သည်ဟု သူက ဆက်ဆိုသည်။

ပဋိပက္ခဒေသများတွင် စစ်သည်တော်များ လိုက်နာရမည့် ကျင့်ဝတ်များရှိသလို နိုင်ငံတကာလူသားချင်း စာနာမှု ဥပဒေပြဌာန်းချက် များတွင်လည်း အရပ်သားများကို ကာကွယ်ပေးရမည့် အချက်များပါဝင်သော်လည်း စစ်ကောင်စီတပ်သည် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြင့် ထိုကျင့်ဝတ်စည်းကမ်းများကို ဖောက်ဖျက် ကျူးလွန်ခဲ့သည်။

စစ်ရှောင်များ ကူညီထောက်ပံ့မှု လိုအပ်နေ

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် မတ်လ ၇ ရက်နေ့မှ ဧပြီလဆန်းပိုင်းအထိ စစ်ရှောင် လူဦးရေအသစ် ၁၈၀၀၀ ဦး ထွက်ပေါ်လာသည်ဟု ဆိုသည်။  ဧပြီလကုန်ပိုင်းတွင် မိုးမောက်၊ ဗန်းမော် နဲ့ မံစီမြို့မှ ပြည်သူများသည် မြို့ကို စွန့်ကာ ထွက်ပြေးနေရသည်။ ထိုသို့ နေရပ်အသစ်များတွင် ထွက်ပြေးနေရသော ပြည်သူများအတွက် အစားအသောက်၊ မိုးကာ နဲ့ ကျန်းမာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများ လိုအပ်နေသလို ကျောင်းဖွင့်ရာသီရောက်လာသဖြင့် ကလေးများ၏ ပညာရေးအတွက်ပါ မိဘများက စိုးရိမ်နေကြပါသည်။

တစ်ဖက်တွင်လည်း KIA သိမ်းပိုက်ပြီးစီးသော ကျေးရွာများတွင် ၂၀၁၁ ကတည်းက စစ်ရှောင်နေရသော ပြည်သူများ နေရပ်ပြန်ကာ အခြေချရန် ပြင်ဆင်နေကြသည်။ ထိုသို့ပြင်ဆင်မှုနဲ့အတူ မှိုင်းရှင်းလင်းရေးနှင့် တိုက်ပွဲအတွင်း မီးလောင်သွားသော နေအိမ်များ ပြန်လည် တည်ဆောက်ရန် လိုအပ်နေသည်။

နေအိမ် အများအပြားမီးလောင်သွားသော တာမခံ ကျေးရွာသည် နေရပ်မပြန်နိုင်သေးဘဲ တိမ်းရှောင်နေသည့် နေအိမ်များကို လုပ်ငန်းရှင်များက ကျောက်စိမ်းတူးဖော်ရန်လုပ်ဆောင်နေသဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်။

Show More

Related Articles

Back to top button