လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဝိုင်းမော်မှာ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးထပ်မံသေဆုံး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အမှတ် ၁ ရပ်ကွက် သိမ်ကြီးစုရွာမှာ ဒီကနေ့ နေ့လည် ၁၂ နာရီဝန်းကျင်လောက်က လက်နက်ကြီးကျလို့ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးထပ်မံသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

သိမ်ကြီးစုရွာ လမ်းသွယ် ၁၃ လမ်းမပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ဝိုင်းမော်မြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်း မြစ်ကြီးနားမြို့ကလာတဲ့လက်နက်ကြီးဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

သေဆုံးသွားတဲ့အမျိုးသမီးဟာ သိမ်ကြီးစုရွာကသူမရဲ့နေအိမ်မှာ သရက်သီးစားနေတဲ့အချိန် အိမ်ရှေ့လမ်းမပေါ်လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာကနေ လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့တာလို့ အခြေနေသိရှိသူဒေသခံတစ်ယောက်က ပြောပါတယ်။

ခုနကပဲ ၁၂ နာရီကျော်လောက်ပဲ လက်နက်ကြီးတစ်လုံးကျပေါက်ကွဲသွားတာ အဲ့မှာ လူတစ်ယောက် လက်နက်ကြီးထိမှန်ပြီးသေဆုံးသွားတာ သူက တစ်နေကုန်အိပ်နေတာတဲ့ အိပ်နေရင်းထလာတဲ့အချိန် အိပ်ချင်ပြေအောင် အိမ်ရှေ့ကထိုင်ခုံအရှည်မှာထိုင်ပြီးတော့ သရက်သီးစားနေတာ လက်နက်ကြီးကျတာက သူ့အိမ်ရှေ့လမ်းပေါ်ပေါ့လို့ပြောပါတယ်။

လက်နက်ကြီးကျည်စတွေက ရင်ဘတ်မှာထိမှန်ကာ ဒဏ်ရာပြင်းထန်ခဲ့ပြီး နေရာမှာတင်ပွဲချင်းပြီးသေဆုံး ခဲ့ရတာလို့သိရပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ ဝိုင်းမော်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကတည်းက KIA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပါတယ်။  

တိုက်ပွဲကြောင့် အရပ်သားတွေအများစု ထွက်ပြေးတိမ်းရှောင်နေကြသလို မတိမ်းရှောင်ဘဲ တိုက်ပွဲအခြေနေ နားစွင့်နေထိုင်သူတွေလည်းများစွာ ကျန်ရစ်နေတာဖြစ်ပါတယ်။

ဒီအခြေနေမှာတော့ ဘေးလွှတ်ရာထွက်ပြေးတိမ်းရှောင်သူတွေများလာသလို နောက်ထပ်ကျန်နေတဲ့ အရပ်သားတွေပါအမြန်ဆုံးတိမ်းရှောင်ဖို့ပြင်ဆင်နေကြရပြီလို့ စစ်ဘေးရှောင်ကူညီနေသူ တစ်ယောက် ကပြောပါတယ်။

အခုကခေါင်းစားနေတာ ဒီမြို့နယ်ထဲမှာပဲရှောင်နေတဲ့ပြည်သူက ၂ ထောင် ၃ထောင်ဝန်းကျင်ရှိတာလေ အဲ့တာကို ဘယ်လိုပြောင်းရွှေ့ရမလဲဆိုတာလည်း တစ်ရက်နှစ်ရက်စောင့်ကြည့်ပြီးဘာပဲဖြစ်ဖြစ်ရွှေ့ရတော့ မယ့်အခြေနေပေါ့လို့ပြောပါတယ်။

ဇွန်လ ၁၀ ရက် မနေ့ကညပိုင်း ၈ နာရီလောက်မှာလည်း ခတ်ချိုရွာ အထက်တန်းကျောင်းအနီး လမ်းသွယ် ၁၂ မှာရှိတဲ့ နေအိမ်တစ်အိမ်ပေါ်လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အရပ်သား၇ ဦးကျည်ထိမှန်ခဲ့ပြီး အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရပါသေးတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ၁၈ရက်နေ့ကတည်းက ဝိုင်းမော်မြို့နဲ့ အနီးတစ်ဝှိုက်ကစစ်ကောင်စီရဲ့တပ်စခန်းတွေကို သိမ်းပိုက်ဖို့ စစ်ရေးအရှိန်မြင့်ခဲ့ရာကနေ ဒီရက်ပိုင်းမှာ ထိုးစစ်အရှိန်လျှော့ထားပေမဲ့ ဘယ်အဖွဲ့ကပစ်မှန်းမသိတဲ့လက်နက်ကြီးတွေကျရောက်ပေါက်ကွဲလို့ အရပ်သား သေဆုံးမှုတွေမြင့်တက်နေပါတယ်။

By – အမိုး

Show More

Related Articles

Back to top button