တိုက်ပွဲသတင်း

ကသာမှာ တိုက်ပွဲဖြစ်

စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ ဒီကနေ့မနက်ပိုင်း ၇ နာရီလောက်ကစလို့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

ကသာမြို့ရဲ့ မြို့အစွန်ရပ်ကွက်၊ မြို့ပြင်ကရွာတွေကို စစ်ကြောင်းပတ်ထိုးနေတဲ့ အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား မြို့ပြင်က ပေါမမြိုင်ရွာမှာ တိုက်ပွဲဖြစ်ခဲ့ တာလို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ပေါမမြိုင်ဆိုတဲ့ရွာဘက်ကိုထွက်လာလို့တိုက်ပွဲဖြစ်တာ အဓိကတော့စစ်ကြောင်းထိုးလာလို့ ထိပ်တိုက်တွေ့ ပြီးဖြစ်ကြတာပဲ တိုက်ပွဲကပြင်းထန်ပုံပေါ်ပါတယ် လက်နက်ကြီးတွေနဲ့လည်းပစ်ကြ ဒရုန်းတွေလည်းပါတာကိုလို့ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့ ပေါမမြိုင်ရွာကဒေသခံတွေကတော့ စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးလာတဲ့သတင်းကြား တာနဲ့ ဘေးလွှတ်ရာကိုထွက်ပြေးနေကြတယ်လို့ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်မှုဟာ မနက်ပိုင်း ၇နာရီကနေ ၉ နာရီကျော်လောက်အထိဖြစ်ခဲ့ကြပြီး စစ်ကောင်စီဘက် က ထိခိုက်မှုတွေရှိနိုင်ပေမဲ့ ကာကွယ်ရေးတပ်ဘက်ကတော့ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘူးလို့ပြောပါတယ်။

သူတို့ဘက်က ဒဏ်ရာရတဲ့သူတွေကို ရဲတွေကလာသယ်ပြီး ဆေးရုံကိုခေါ်သွားတယ် အဲ့လိုလာခေါ်ရင်းနဲ့ သူတို့ကတစ်ခါတည်းဆုတ်သွားတာ သူကမြို့တွင်းတပ်ကစစ်ကြောင်းပဲ မြို့ပြင်ကိုထွက်လာတာပေါ့ အပစ်အခတ်ကများတယ် လက်နက်ကြီးပိုများတယ်လို့ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကဆက်ပြောပါတယ်။

အဲ့ဒီထိတွေ့တိုက်ပွဲနဲ့ စစ်ကောင်စီစစ်ကြောင်းထိုးလာတဲ့အတွက် ပေါမမြိုင်ရွာအပါအဝင် ကပ္ပလိပ်ရွာ၊ သာစည်၊ ငလယ်အင်း၊ နံ့သာစတဲ့ကျေးရွာကဒေသခံတွေ ဘေးလွှတ်ရာကိုထွက်ပြေးခဲ့ကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က ဧရာဝတီမြစ်ရဲ့အနောက်ဘက် တစ်ဖက်ကမ်းမှာရှိတဲ့ ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေကသိမ်းပိုက်ပြီးတဲ့နောက်ပိုင်း ကသာမြို့ပြင်နဲ့မြို့အစွန်ရပ်ကွက်တွေကို စစ်ကောင်စီကအင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းတွေ ထိုးနေတာလို့ ဒေသခံတွေကပြောပါတယ်။

ကသာမြို့နယ်ဟာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်အစပ်မှာရှိတဲ့ မြို့နယ်ရုံးတွေအခြေစိုက်ရာ မြို့ဖြစ်သလို ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းတွေအရ လူဦးရေ ၁သိန်း၆သောင်းကျော်ရှိတဲ့မြို့ကြီးဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button