မိုးကောင်းမှာ စက်သုံးဆီပြတ်လပ်လာလို့ဆီအကန့်အသတ်နဲ့သာရောင်းချနေ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ စက်သုံးဆီတွေပြတ်လပ်လာလို့ဆိုကာ ဆိုင်တစ်ချို့ပိတ်ထားပြီး ဖွင့်တဲ့ဆီဆိုင်တွေကလည်း အကန့်အသတ်နဲ့သာရောင်းချနေတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။
ဇွန်လ ၁၆ ရက်နေ့ မနေ့ကစပြီးတော့ စက်သုံးဆီဆိုင်တွေအတော်များများပိတ်သွားတာဖြစ်ပြီး ဖွင့်တဲ့ ဆီဆိုင်တွေကလည်း ပါဆယ်မရောင်းချတော့ပဲအကန့်အသတ်တွေနဲ့သာဝယ်ယူနေရတယ်လို့ မိုးကောင်းမြို့ က ဒေသခံတစ်ယောက်ကပြောပါတယ်။
“မိုးကောင်းတစ်မြို့လုံးမှာ ဆိုင်က ၃ ဆိုင်ပဲဖွင့်တယ်တဲ့ တစ်ချို့ဆိုင်တွေကတော့ ဆီကုန်ပြီလို့ပဲရေးထား တယ်။ ဖွင့်တဲ့ဆိုင်ကလည်း ဆိုင်ကယ်နဲ့သွားရင်ဆိုင်ကယ်ထဲပဲထည့်လို့ရတယ်။ ပါဆယ်ဆွဲလို့မရဘူး။ တစ်ချို့ဆိုင်တွေကတော့ ၅ သောင်းကစပြီး ပါဆယ်ယူလို့ရတယ်တဲ့”လို့ပြောပါတယ်။
လက်ရှိတော့ မိုးကောင်းမြို့နယ်မှာ ဓာတ်ဆီ ၁ဂါလံကို ကျပ် ၂၀,၁၀၀ ပေးဝယ်ရပြီး မိုးကောင်းမြို့ထဲ စူပါဂိတ်၊ ဆွေသဟာ နဲ့ ရွှေတောင်စတဲ့ စက်သုံးဆီအရောင်းဆိုင် ၃ ဆိုင်ပဲဖွင့်ထားတယ်လို့ သိရပါတယ်။
မိုးကောင်းမြို့အပါအဝင် ကချင်ပြည်နယ်က မြို့တော်တော်များများကို စက်သုံးဆီက ပုံမှန်ဆိုရင် တရုတ်နိုင်ငံ ဘက်ကနေလည်း ဝင်ရောက်တာရှိသလို မန္တလေး–မြစ်ကြီးနားလမ်းကြောင်းကနေလည်း ဓာတ်ဆီကားတွေ ပုံမှန်ဝင်လေ့ရှိတာဖြစ်ပါတယ်။
လက်ရှိအခြေနေမှာ တရုတ်နိုင်ငံနဲ့နယ်စပ် လိုင်ဇာနဲ့ကန်ပိုင်တည် မြို့နှစ်မြို့ကတော့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေအကြားတိုက်ပွဲတွေကြောင့် လမ်းတွေပိတ်ထား တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် တစ်ခုတည်းသောစက်သုံးဆီဝင်ရာလမ်းကြောင်းဖြစ်တဲ့ မန္တလေး–ကချင်ပြည်နယ် လမ်းကြောင်း ကအခြေနေကို မန္တလေး–မြစ်ကြီးနား ကားပြေးဆွဲတဲ့ ကားသမားတစ်ယောက်ကအခုလိုပြောပါတယ်။
“ကားလမ်းတွေကတော့အခုထိတော့ဖွင့်ပါတယ်။ ဒါပေမဲ့သွားတဲ့အခါ လမ်းပိတ်လားဖွင့်လားတော့ ပြောလို့ မရဘူးပေါ့ လောလောဆယ်တော့ဖွင့်ပါတယ်။ ဆီကားတွေလည်းသွားတာတွေ့ပါတယ်။ လမ်းတွေကလည်း ဖွင့်ပါတယ်”လို့ပြောပါတယ်။
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ မန္တလေး–မြစ်ကြီးနား လမ်းပိုင်းက ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေကြောင့် လမ်းပိုင်းမကြာခဏပိတ် လေ့ရှိပြီး အဲ့ဒီလမ်းပိုင်းတွေပိတ်တိုင်းကချင်ပြည်နယ်အတွင်းက မြို့တွေကမှာ စက်သုံးဆီကပြတ်လပ်လေ့ ရှိပါတယ်။
တစ်ဖက်မှာ ကချင်ပြည်နယ် ပူတာအိုမြို့မှာလည်း နှစ်ဖက်တပ်တွေရဲ့တိုက်ပွဲတွေကြောင့် မြစ်ကြီးနား– ပူတာအိုလမ်းပိုင်းပိတ်ဆို့ထားလို့ စက်သုံးဆီပြတ်လပ်နေတာ ဒီနေ့အထိဖြစ်ပြီး အခြေခံစားသောက်ကုန် တစ်ချို့တော့ ပူတာအိုကိုပြီးခဲ့တဲ့ ဇွန်လ ပထမအပတ်ကပဲ ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။
By – အမိုး