ပူတာအိုမှာ စက်သုံးဆီတွေကို သတ်မှတ်ထားတဲ့ စျေးနှုန်းထက်ပိုပြီး လုပ်ငန်းရှင်တွေက ဝယ်ယူနေ
ကချင်ပြည်နယ် ပူတာအိုမြို့နယ်ကိုရောက်လာတဲ့ စက်သုံးဆီတွေကို တစ်ပေပါ ၁၈ သိန်းဝန်းကျင်နဲ့ရောင်းချဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကသတ်မှတ်ထားပေမယ့် လုပ်ငန်းရှင်တစ်ချို့က သတ်မှတ်စျေးထက်ပိုပေးပြီး ဝယ်ယူနေတာကြောင့် စျေးထပ်ပြီးတက်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ပူတာအိုမြို့ထဲ ဇွန်လ ၁၉ ရက်နေ့ ပထမဆုံးအကြိမ်ရောက်ရှိလာတဲ့ စက်သုံးဆီ ပေပါအလုံး ၃၀၀ ကို တစ်ပေပါ ၁၈ သိန်းအထိသာရောင်းချဖို့ သက်ဆိုင်တဲ့အဖွဲ့စည်းတွေက သတ်မှတ်ထားပေမယ့် လက်ရှိမြေပြင်မှာ တစ်ပေပါ သိန်း ၂၀ ကနေ ၂၅ သိန်း ပတ်ဝန်းကျင်အထိပေးဝယ်နေရသလို တစ်ချို့လုပ်ငန်းရှင်တွေက ၃၅ သိန်းအထိပေးပြီး ဝယ်ယူတာတွေရှိနေတယ်လို့ သိရပါတယ်။
“အမှန်တကယ် ပြည်သူလူထုတွေဆီရောက်လာတာက စက်သုံးဆီ သုံးပုံမှာ တစ်ပုံပဲ။ ကျန်တဲ့ဆီတွေက သက်ဆိုင်ရာဆီကနေတစ်ဆင့် လုပ်ငန်းရှင်တွေဆီပဲရောက်သွားတယ်။ ကျန်တဲ့ တစ်ချို့တောင်သူတွေက တစ်ဧကကို ဆီ ၃ ပုလင်းလောက်ပဲရသွားတယ်။ ဒီ ၃ ပုလင်းနဲ့ လယ်တစ်ဧက ထွန်ဖို့မဖြစ်နိုင်ဘူးလေ။ နာမည်ခံတာက ဒေသခံလူထုတွေခက်ခဲ ခေါင်းစဥ်နဲ့ ခွင့်ပြုချက်ကိုယူပြီး တကယ်ရောက်လာတော့ သူတို့ ကိုယ်ကျိုးစီးပွားအတွက်ပဲ အသုံးပြုသွားတယ်”လို့ပြောပါတယ်။
ပူတာအိုမှာနေထိုင်တဲ့ပြည်သူတွေရဲ့ လိုအပ်ချက်ခေါင်းစဉ်နဲ့ရောက်လာတဲ့ အဲဒီစက်သုံးဆီတွေဟာ ဒီကနေ့ထိ လယ်ယာလုပ်ကိုင်သူတွေ နဲ့ ဒေသခံတွေဆီလိုသလောက်မရောက်ဘဲ အနည်းအကျဉ်းသာရောက်ရှိနေတာလို့ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။
သုံးလကျော်ကြာလမ်းပိတ်ထားတဲ့ ပူတာအိုမြို့နယ်ကို ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ ညပိုင်း အရပ်ဘက်အဖွဲ့အစည်းတစ်ခုက တင်ပို့လိုက်တဲ့ စက်သုံးဆီ ပေပါ အလုံး ၃၀၀ ရောက်ရှိခဲ့တာဖြစ်ပါတယ်။
စက်သုံးဆီတွေ မြစ်ကြီးနားကနေ ပူတာအိုကိုရောက်လာရင် လိုအပ်တဲ့ဒေသခံတွေဆီ တိုက်ရိုက်ရောင်းချပေးမယ်လို့ဆိုရာကနေ မြေပြင်ကိုရောက်လာတော့ လုပ်ငန်းရှင်တွေကသာ ဝယ်ယူလိုက်တဲ့အတွက် ဈေးကစားမှာကို ဒေသခံတွေစိုးရိမ်နေကြတာဖြစ်ပါတယ်။
“ပူတာအို ခရိုင်တစ်ခုလုံးမှာ လူဦးရေ ၁သိန်းလောက်ပဲရှိတယ်။ လမ်းမပိတ်ခင် ပူတာအိုမှာ ဆီဆိုင် ၁၄ ဆိုင်ရှိတယ်။ လမ်းပိတ်ပြီး တစ်ပတ်ကျော်လောက်မှာ ဆီကကုန်ပြီဆိုပြီးဖြစ်တော့ အဲ့ကနေ ဈေးကတက် သွားတယ်။ ဆီကမရှိဘူးလားဆိုတော့လည်း ရှိတယ် မှောင်ခိုဈေးဆီပဲရောက်သွားတာပေါ့ အခုလည်း အဲ့လို ထပ်ဖြစ်မှာကိုစိုးရိမ်ကြတယ်။ လုပ်ငန်းရှင်တွေက ဆီတွေကိုဝယ်ပြီး ဈေးကစားတော့မှာ”လို့ဒေသခံတစ်ဥိးကပြောပါတယ်။
ပူတာအိုမြို့နယ်ကို ပြီးခဲ့တဲ့ မတ်လ ဒုတိယအပတ်လောက်က မြစ်ကြီးနား–ပူတာအိုလမ်းပိုင်းမှာရှိတဲ့ ဆွမ်ပရာဘွမ် မြို့နယ်ကို သိမ်းပိုက်ဖို့ KIA နဲ့ ပူပေါင်းအဖွဲ့တွေတိုက်ပွဲစတင်ရာကနေ အဲ့ဒီလမ်းပိုင်းကို စစ်ကောင်စီကရက်အကန့်အသတ်မရှိပိတ်ထားခဲ့တာဖြစ်ပါတယ်။
ပူတာအိုမြို့နယ်ကို ဝင်ရောက်နိုင်တဲ့ တစ်ခုတည်းသော လမ်းကြောင်းကို ပိတ်လိုက်တဲ့အတွက် ပူတာအိုမြို့နယ်မှာ စက်သုံးဆီ တစ်ပုလင်းကို ကျပ်၈သောင်းအထိဈေးနှုန်းတွေမြှင့်တက်သွားခဲ့တာကြောင့် ဒေသခံပြညသူတွေနဲ့လယ်ယာလုပ်ကိုင်သူတွေဟာ အစစအရာရာခက်ခဲနေကြတာလည်းဖြစ်ပါတယ်။
ဒ့ါအပြင် နေ့အထိလည်း အဲ့ဒီလမ်းပိုင်းကို စစ်ကောင်စီကတရားဝင်ဖွင့်ပေးတာမျိုးမဟုတ်ပဲ ကုန်ကားနဲ့ စက်သုံးဆီတင်ကားတစ်ချို့သာ အကန့်အသတ်တွေနဲ့ သွားလာခွင့်ရနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
By – အမိုး