ဖမ်းဆီးခံရမှုသတင်း

TNLA ဖမ်းဆီးထာ:တဲ့ ပန်ရှော်အုပ်ချုပ်ရေးမှူး နဲ့  မိသားစုတွေ အဆက်သွယ်မရသေး

လားရှိုးမြို့နယ်က ပန်ရှော်(Bangshau) ကချင်ကျေးရွာအုပ်ချူပ်ရေးမှူးကို TNLA တပ် ဖမ်းဆီးထားတာ နှစ်ပတ်‌ကျော်ကြာလာပေမယ့် မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

ရှမ်းမြောက် လားရှိုးမြို့အရှေ့ဘက် KIO ရဲ့တိုက်နယ်တာဝန်ရှိသူတစ်််ဦးလည်းဖြစ်သူ မိုင်းယော်တိုက်နယ် ပန်ရှော်(Baushau) ကျေးရွာအုပ်ချူပ်ရေးမှူး ဦးရှလောလွမ်းဒိုင်ကို TNLA ကဖမ်းဆီးသွားတာ ခုဆိုရင် ရက်ပေါင်း ၁၆ ရက်ရှိလာပြီဖြစ်ပါတယ်။

ဒါပေမယ့် TNLA တပ်ဟာ ဘာကြောင့်ဖမ်းတယ်ဆိုတာ အသိပေးခြင်းမရှိသေးသလို ဒီနေ့ထိ မိသားစုများနဲ့လည်း ဆက်သွယ်ခွင့်မပေးဘူးလို့ ပန်ရှော်ကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။

ခုထိ မလွတ်သေးဘူး ဘာအကျိုးအကြောင်းမှ သူတို့မပြောပြဘူး။ ဘာကြောင့်ဖမ်းတယ် ကျမတို့မေးလည်း သူတို့မဖြေဘူး။ ကျမတို့ သူနဲ့တွေ့ရဖို့ ကြိုးစားလည်း ပေးမတွေ့ခိုင်းဘူး။ ဒီက TNLA အရာရှိတွေကို ရွာသားတွေက မေးလည်း အဆင်သင့်မဖြစ်သေးဘူးပဲပြောတယ်။ ဘာမှ မပြောပြဘူး။ မိသားစုတွေနဲ့လည်း အဆက်အသွယ်မရဘူးလို့ ပန်ရှော်(Bangshau)ကျေးရွာ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ညက ပန်ရှော်ကျေးရွာဥက္ကဌ ဦးရှလောလွမ်းဒိုင်ကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က သူရဲ့နေအိမ်ကနေ လာရောက်ဖမ်းခေါ်သွားပြီး မိုင်းကျက်စခန်းမှာ ဖမ်းဆီးထားတာဖြစ်ပါတယ်။

ပန်ရှော်ကျေးရွာဒေသခံတွေနဲ့ မိသားစုတွေက ကျေးရွာဥက္ကဌ ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ TNLA တွေဆီ အကျိုးအကြောင်းမေးမြန်းပေမဲ့ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ မပြောပြသလို တွေ့ခွင့်၊ဆက်သွယ်ခွင့်တွေလည်းမပေးဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ဒေသခံတွေလည်း အဲဒီဒေသက သက်ဆိုင်ရာ KIO အရာရှိတွေကို ထပ်မံတောင်းဆိုထားပြီးနောက် TNLA ဘက်က မိသားစုတွေထံဖုန်းနဲ့ဆက်သွယ်ပြီး ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့သာ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

ပန်ရှော်ကျေးရွာ အုပ်ချူပ်ရေးမှူး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး မိုင်းကျက်မြို့ TNLA တာဝန်ရှိသူတစ်ဦးကို ကချင်သတင်းဌာနက ဆက်သွယ်မေးမြန်းရာ အခုလို ပြောပါတယ်။

သူ့ကို ဖမ်းဆီးရတဲ့ အကြောင်းရင်းက သူ စစ်ကောင်စီအောက် ဥက္ကဌလည်းလုပ်တယ်။ အစိုးရလစာလည်းပုံမှန်စားတယ် ရုံးလည်းပုံမှန်သွားတယ်။ ပြည်သူ့စစ်လည်း လုပ်တယ် ဒါကြောင့်ပါ။ သူ့ကို ပြန်လွှတ်ပေးဖို့ အစီအစဉ်တော့ ရှိပါတယ်။ ဒါပေမဲ့ လောလောဆယ် ကျနော်တို့ ပြောခွင့်မရတဲ့ အလုပ်ကိစ္စတွေ မလုပ်ရသေးတာကြောင့် သူ့ကို ပြန်မလွှတ်သေးတာပဲရှိတယ်။ အလုပ်ကိစ္စတွေပြီးသွားရင်တော့ ပြန်လွှတ်ပေးဖို့ အစီအစဉ်ရှိတယ် လို့ TNLA ခန့်ထားတဲ့ မိုင်းကျက်မြို့ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောပါတယ်။

ပန်ရှော်ဥက္ကဌ ဦးရှလောလွမ်းဒိုင်ဖမ်းဆီးခံရစဉ် ကျေးရွာမှာ KIO အစိုးရအောက် ဖွင့်လှစ်နေတဲ့ စာသင်ကျောင်းနဲ့ပတ်သက်ပြီး လိုအပ်တာတွေကို ဆွေးနွေးစည်းဝေးပွဲ ပြုလုပ်မှုအပြီး ဖမ်းဆီးခံရတာကြောင့် အများပြည်သူကတော့ သူဟာ ကျောင်းကိစ္စဦးဆောင် စည်းဝေးခြင်းကြောင့် TNLA က ဖမ်းဆီးသွားတယ်လို့ ခံယူသုံးသပ်နေကြတာတွေလည်း ရှိပါတယ်။

တစ်ဖက်မှာ ဒေသခံတွေပြောပြချက်အရကတော့ ပန်ရှော်ကျေးရွာ အုပ်ချူပ်ရေးမှူးဟာ စစ်ကောင်စီအောက်က အုပ်ချူပ်ရေးမှူးမဟုတ်တော့ပဲ KIO အစိုးရခန့်အပ်ထားတဲ့ တိုက်နယ်တာဝန်ရှိသူတစ်ဦးအဖြစ်နဲ့ ရွာရဲ့တာဝန်ရှိသူတစ်ဦးအဖြစ် သူ၏အိမ်မှာနေနေတာကြာပြီလို့ ပြောဆိုပါတယ်။

သူက အိမ်မှာပဲ နေနေတာကြာပြီ။ အခုက စစ်ကောင်စီအောက်မှာ ဥက္ကဌလုပ်နေတယ်ဆိုတာလည်း မဟုတ်ပါဘူး။ သူက CDM ဆိုပြီး အဲလိုမလုပ်ပေမဲ့ ကျေးရွာရဲ့ ဥက္ကဌတစ်ဦးအဖြစ်ပဲ အိမ်မှာနေနေတာဟုတ်တယ်။ စစ်ကောင်စီဘက်က အစည်းအဝေးခေါ်လည်း သူမသွားဘူး။ အရင်ကတော့ စီးပွားရေးအရ ပြည်သူ့စစ်နဲ့ပတ်သက်တယ်ထင်တယ်။ ဒါပေမဲ့ အဲကထွက်ပြီး အိမ်မှာပဲနေနေတာ ကြာပါပြီလို့ပန်ရှော်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပန်ရှော်ကျေးရွာအုပ်ချူပ်ရေးမှူး အမြန်ဆုံးလွတ်မြောက်လာနိုင်ရေးနဲ့ပတ်သက်ပြီး ဒေသခံတွေဘက်ကလည်း KIO ဘက်ကို တောင်းဆိုထားတာရှိတယ်လို့ ဆိုပါတယ်။  

KIO တပ်မဟာ ၁၀ တပ်ရင်း ၁၇ နယ်မြေ လားရှိုးမြို့အရှေ့ဘက် မိုင်းယော်အနီးက ပန်ရှော်ကျေးရွာဟာ အရင်ကတည်းက KIA/KIO ကို စတင်တည်ထောင်ခဲ့သူ GOC လထော်ဇော်ဆိုင်း(GOC Lahtaw Zau Seng) ၏ အခြေချရာ ဇာတိကျေးရွာဖြစ်ပါတယ်။

ဒီရွာဟာ တရုတ်လူမျိုးအနည်းအကျဉ်းနဲ့ ကချင်မျိုးနွယ်စုများသာနေထိုင်တဲ့ ကျေးရွာတစ်ရွာဖြစ်ကာ အိမ်ခြေ ၂၀၀ ကျော်ရှိပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button