တိုက်ပွဲသတင်း

မံစီနဲ့ မိုးမောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂ နေရာမှာတိုက်ပွဲဖြစ်ပွား

ဗန်းမော်ခရိုင်၊ မိုးမောက်နဲ့ မံစီမြို့နယ် ၂ နေရာမှာ ဇွန်လ ၂၅ ရက်နေ့ ဒီနေ့ တစ်ရက်ထဲမှာပဲ စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက ကြားဖြတ်စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလကတည်းကနေ KIA ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီဘက်ကနေ စစ်ရေးလှုပ်ရှားလာလို့မရအောင် ဗန်းမော်မြို့နဲ့  မံစီ ကြားမှာရှိတဲ့  ၅ မိုင်ကုန်းနေရာမှာ ဖြတ်တောက်ထားတာ တစ်လ ဝန်းကျင်လောက် ကြာမြင့်လာပြီဖြစ်ပါတယ်။

ဗန်းမော်၊ မံစီနဲ့ မိုးမောက် စတဲ့လမ်းအကြောင်းအဝင်အထွက် အားလုံးကို KIA က ပိတ်ဆို့ထားတာကြောင့် စစ်ရိက္ခာပြတ်လပ်လာပြီး  ဒီကနေ့ မနက်ပိုင်းမှာတော့ စစ်ရိက္ခာလာယူတဲ့ မိုးမောက်မြို့တွင်းတပ် ခမရ ၄၃၇ တပ်ရင်းက စစ်ကောင်စီတပ်သား ၁၀ ဦးက အရပ်ဝတ်များနဲ့ သေနတ်ကိုင်ဆောင်ကာ မိုးမောက် မန်ဘုံရပ်ကွက်ဘက်ထွက်လာခဲ့ရာ KIA တပ်တွေရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

မိုးမောက်မှာက တိုက်ပွဲဖြစ်တာသိပ်မကြာဘူး မိနစ် ၃၀ လောက်တော့ ကြာမယ်ထင်တယ်။ စစ်သားတွေက မိုးမောက် မန်ဘုံရပ်ကွက်ဘက်ကို အရပ်ဝတ်တွေနဲ့ ထွက်လာတာ KIA တပ်တွေ တိုက်ခိုက်လို့ ပြန်ခေါက်သွားပြီလို့ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေက ဗန်းမော်ဘက်ကနေ ကောင်ဂျာယန်နဲ့ မံစီဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်တာလာတကြောင့် ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်ကနေ ညနေပိုင်း ၂ နာရီဝန်းကျင်အထိ ကောင့်ဂျာယန်ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ KIA သတင်းအရင်းအမြစ်က ဆက်ဆိုပါတယ်။

စစ်တပ်ဘက်ကနေ စစ်ကြောင်းပြန်ထိုးလာတဲ့အတွက် ဒီကမနက် ၉ နာရီလောက်ကနေ ပစ်ခတ်ကြတာ ညနေပိုင်း ၂ နာရီလောက်အထိ အပြန်အလှန်ပစ်ခတ်နေကြတုန်းပဲလို့ပြောပါတယ်။

ကောင့်ဂျာယန်မှာဖြစ်တဲ့ တိုက်ပွဲမှာ စစ်တပ်ဘက်ကနေလည်း လေကြောင်းနဲ့ ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက ဗန်းမော်ဘက်ကနေ တက်လာတဲ့လမ်းအတိုင်း ၅ မိုင်ကုန်း ကျရီခချောင်းကူးတံတား ဘက်မှာရှိနေကြပြီးတော့ KIA တပ်တွေက ကောင့်ဂျာယန်ဘက်မှာနေရာယူထားကြတာဖြစ်ပါတယ်။ ဒါကြောင့် KIA တပ်တွေက စစ်ကောင်စီတပ်တွေ တက်လာလို့မရအောင် ခုခံတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်ကျော်အတွင်းမှာလည်း စစ်အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေက တင့်ကား ၂ စီးနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ မံစီ၊ မိုးမောက်ဘက်ကို တက်လာခဲ့ရာမှာ ကောင့်ဂျာယန်ကျေးရွာမရောက်မှီ လမ်းခုလပ်တစ်နေရာမှာ KIA တပ်တွေရဲ့ တိုက်ခိုက်ခံရတာကြောင့် တင့်ကားတစ်စီးထိခိုက်ပျက်စီးသွားတာဖြစ်ပါတယ်။

အလားတူ အဲဒီတင့်ကားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေလည်း KIA တပ်တွေရဲ့ ခုခံတိုက်ခိုက်ခံရတာကြောင့် မိုးမောက်၊ မံစီ ဘက်ကို ဆက်တက်သွားလို့မရဘဲ ကောင့်ဂျာယန်တဝိုက်မှာ ပိတ်ဆို့ခံထားရတာဖြစ်ပါတယ်။

မံစီ၊ မိုးမောက်မြို့နယ်ဘက်မှာ တိုက်ပွဲငြိမ်သက်နေတာ တစ်လဝန်းကျင်လောက်အကြာမြင့်လာပြီဖြစ်ပေမယ့် စစ်တပ်နဲ့ စစ်ကောင်စီတပ်တွေက စစ်ရေးတင်းမားနေဆဲဖြစ်ပါတယ်။

နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button