ပူတာအိုမှာ ဖုန်းအင်တာနက်လိုင်းပြန်ရနေပြီ
ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဇွန်လ ၂၄ရက်နေ့ကစပြီး ဖုန်းအင်တာနက်လိုင်းတွေ ပြန်ရနေပြီလို့ ပူတာအိုမြို့ခံတွေဆီကနေ သိရပါတယ်။
ဖုန်းအင်တာလိုင်းအားလုံး ၁ လ နီးပါးကြာ ပိတ်ခံထားရတဲ့ ပူတာအိုမြို့နယ်မှာ Mytel ကလွှဲပြီး Ooredoo၊ Telenor၊ MPT ဖုန်းအင်တာနက်လိုင်းအားလုံး ပုံမှန်အတိုင်းပြန်သုံးလို့ရနေပြီလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။
“လိုင်းတွေပြန်ရနေပြီဟုတ်တယ်ဗျ 4G တန်းရနေပြီ Mytel တော့မရသေးဘူး ကျန်တာကတော့အကုန်ရနေပြီ ဘယ်နေ့ထိရမလဲတော့မသိဘူးလိုင်းလည်းကောင်းတယ်”လို့သူကပြောပါတယ်။
ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းပိတ်ထားခဲ့တဲ့နောက် ၂ လကျော်အကြာ မေလကစပြီး စက်သုံးဆီအခက်ခဲကြောင့် ဖုန်းတာဝါတိုင်တွေမလည်ပတ်နိုင်တော့ဘဲ ဖုန်းအင်တာနက်လိုင်းတွေပြတ်တောက်နေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိဆီကားတွေရောက်လာတာကြောင့် တာဝါတိုင်တွေပြန်လည်ပတ်နိုင်လို့ ဖုန်းအင်တာနက်လိုင်းတွေပြန်ရတာလို့ ပူတာအိုမြို့နယ် Ooredoo ရုံးနဲ့နီးစပ်နဲ့လုံးစွတ်ရပ်ကွက်နေအမျိုးသမီးတစ်ဦက ပြောပါတယ်။
“ဆီတွေရောက်လာတော့လိုင်းတွေပြန်ရတော့မယ်ဆိုပြီး မနေ့ကပြောတယ် တကယ်ပဲဒီနေ့ရတာပဲ ဆီကားတွေရောက်လာတဲ့ခြေနေပေါ်ကြည့်ပြီးလိုင်းရမယ်ပြောတယ်”လို့ ပြောပါတယ်။
ပူတာအိုမြို့နယ်မှာစက်သုံးဆီပြတ်လပ်မှုကြောင့် MPT နဲ့ Mytel ဖုန်းလိုင်းတွေဟာ ဧပြီလကုန်ပိုင်းလောက်ကတည်းကပြတ်တောက်သွားတာဖြစ်ပြီး Telenorနဲ့Ooredoo ဖုန်းလိုင်းတွေကတော့ မေလ လဆန်းပိုင်းကတည်းကပြတ်တောက်သွားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ကားလမ်းပိုင်းပိတ်ထားတာကြောင့် စက်သုံးဆီဆိုင်တွေ ၃ လ ကျော်ကြာပိတ်ထားတဲ့ ပူတာအိုမြို့ပေါ်မှာ မနေ့ကဆီကားတွေရောက်လာတဲ့နောက် ဒီနေ့မနက်ပိုင်းကနေစပြီး တိုင်းကျော်၊ဇေယျာမင်း၊ Top စတဲ့ဆီပန့်ဆိုင်ကြီးတွေပြန်ဖွင့်နေပြီလို့ သိရပါတယ်။
မြစ်ကြီးနား– ပူတာအိုလမ်းကို ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် မတ်လ ၈ရက်နေ့ကတည်းကပိတ်ထားခဲ့တာဖြစ်ပြီး ဒီကနေ့အထိစစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ကားလမ်းပိုင်းရာနှုန်းပြည့်မဖွင့်နိုင်သေးတာဖြစ်ပါတယ်။
By – Zaw Zaw