စစ်ရေးသတင်း

နန့်မွန်းမြို့မှာ စစ်တပ်က ကချင်ဘုရားကျောင်းနဲ့ လူနေအိမ်တွေမှာ တပ်စွဲထားပြီး ဖမ်းဆီးတာတွေလုပ်နေ

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူအများပိုင်း ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေ ဘုရားကျောင်းဝင်းနဲ့ လူနေအိမ်တွေမှာ ဝင်ရောက်တပ်စွဲနေထိုင်ထားပြီး ဖမ်းဆီးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အင်တော်ကြီးဒေသ ချေင်းဝ၊ ဝှေလုံနဲ့ ညောင်ပင် စစ်တပ်စခန်းတွေကို KIA ပူပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ပြီး စစ်တပ်ဘက်ကနေလေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာလုပ်ဆောင်နေတဲ့အတွက် နန့်မွန်းဒေသခံပြည်သူတွေက ဇွန်လ ၂၅ ရက်နေ့ မြို့တွင်းကနေ ထွက်ပြေးတိမ်းရှောင်ထားကြတယ်လို့ ဒေသခံတွေပြောပါတယ်။

နန့်မွန်းဒေသခံတွေ တိမ်းရှောင်သွားပြီးနောက် စစ်တပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေက နန့်မွန်တောင်ကနေ ဆင်းလာပြီးတော့ ဘုရားကျောင်းဝင်ထဲမှာ ဝင်ရောက်နေထိုင်ပြီး ဘုရားကျောင်းမှာ အသုံးပြုတဲ့ စက်ပစ္စည်းတွေကို ဝင်ရောက်မွှေနှောက်တာ၊မြို့တွင်းကျန်ရှိနေတဲ့ ပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ နန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ဘုရားကျောင်းတွေမှာက ခတ်ထားတဲ့ သော့တွေရိုက်ထုတ်လိုက်ပြီး မနေ့ညကနေ ရှိနေကြတယ်။ ဘုရားကျောင်းထဲမှာ အသုံးပြုတဲ့ စက်တွေကို ဖွင့်ပြီး သီချင်းတွေအော်ဆိုနေကြတယ်။ ပြီးရင်လူမရှိတဲ့ အိမ်တွေမှာဝင်ပြီး နေကြတယ်။ ဒီလိုလုပ်တာက ကာဗာယူတယ်လို့ပဲမြင်ပါတယ်။ တိမ်းရှောင်တဲ့ သူတွေလည်း အကုန်တော့မဟုတ်ဘူး။ တစ်ချို့အိမ်ထောင်စုတွေလည်းရှိနေသေးတယ်။ အဲဒီသူတွေလည်း မနေ့က ဖမ်းဆီးတာတွေလုပ်တယ်။ ဖမ်းဆီးခံရတဲ့ သူတွေကိုတော့ မနေ့ည ပြန်လွတ်ပေးလိုက်တယ်လို့တော့ကြားတယ်လို့ပြောပါတယ်။

စစ်တပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေက နန့်မွန်းမြို့တွင်းရပ်ကွက်တွေထဲက ကချင်ပြည်သူတွေအများဆုံးနေထိုင်တဲ့ ရပ်ကွက်မှာ အခုလို ဝင်ရောက်တပ်စွဲထားပြီး နေအိမ်တွေကို မွှေနှောက်နေတယ်လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်ကြတဲ့သူတွေထဲမှာ နန့်မွန်းဒေသခံပြည်သူတွေအပါ လုံးတုံဒေသခံပြည်သူတွေလည်း ယာယီတိမ်းရှောင်နေကြပြီလို့သိရပါတယ်။

အခုလို အင်းတော်ကြီးတဝိုက်မှာ ရှိကြတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြတာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ချောင်းဝ၊ ဝှေလုံနဲ့ ညောင်ပင် တိုက်ပွဲတွေမှာ စစ်တပ်ဘက်က တပ်စခန်းတွေကို လက်လွတ်လိုက်ရတာကြောင့် တိုက်ပွဲက နန့်မွန်းနဲ့ လုံးတုံ၊ မမုံကိုင်၊ နေရာဘက်ကို ပြန်လည်ဦးလာနေတာဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။

ဒါကြောင့် နန့်မွန်၊ လုံးတုံ စတဲ့ ဒေသခံပြည်သူတွေက မြို့နဲ့ နီးတဲ့ တောတွင်းနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ နန့်မွန်းဒေသခံ အမျိုးသမီးတစ်ဦးက အခုလိုဆက်ပြောပါတယ်။

၂၄ ရက်နေ့ညကနေ လက်နက်ကြီးတွေ ပစ်တော့ ကျမတို့နဲ့ အရမ်းနီးကပ်လာတယ်။ အဲဒါကြောင့် ပြင်ဆင်စရာပြင်ပြီးတော့ လုံခြုံတယ်လို့ ထင်တဲ့ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်လာကြတာဟုတ်တယ်လို့ပြောပါတယ်။

လက်ရှိ တိုက်ပွဲရှောင် နန့်မွန်၊ လုံးတုံ၊ မမုံကိုင် စတဲ့ ဒေသခံပြည်သူတွေ မိုးညှင်း၊ ဟိုပင်မြို့ပေါ်ဘက်ကိုလည်း ထွက်ပြေးလာကြတယ်လို့ သိရပါတယ်။

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူပေါင်းတပ်တွေ ပြီးခဲ့အပတ် ဇွန်လ ၂၁ ရက်နေ့မှစပြီး ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button