သတင်း

မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်း မလိခမြစ်ချောင်းတစ်ကြောက လူနေအိမ် ၂၀၀ ခန့် ထိခိုက်ပျက်စီးသွား

မြစ်ကြီးနားဆွမ်ပရာဘွမ့် ကားလမ်းမကြီးပေါ် မလိခမြစ်ချောင်းတစ်ကြောမှာရှိတဲ့  ကျေးရွာတွေမှာ ဒီရက်ပိုင်း ရေကြီးရေလျှံဖြစ်ခဲ့တဲ့အတွက် လူနေအိမ် ၂၀၀ ကျော်ထက်မနည်းပျက်စီးဆုံးရှုံးသွားတာကြောင့် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ရေကြီးရေလျှံဖြစ်ပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားတဲ့ ကျေးရွာတွေကတော့ ဖုန်အိန်ယန်(Hpung Ing Yang) ၊ အင်ဂျိပ့်(N-Jip)၊ အင်ဆွပ့်(N-Sawp) ၊ တယန်ဇွပ်(Tayang Zup) ၊ အင်ဒွပ်ယန်(Ndup Yang) နဲ့ အင်ထန်းဇွပ်(Nhtan Zup)၊ လရန့်ဘွမ့်ရွန်(Layen Bum Run) စတဲ့ကျေးရွာတွေမှာ မလိခမြစ်ချောင်းရေကြီးရေလျှံဖြစ်တဲ့အတွက် ကမ်းပါးရေတိုက်စားမှုဖြစ်ပြီး နေအိမ်တွေအများအပြား ပြိုကျပျက်စီးသွားသလို တစ်ချို့နေအိမ်တွေက ရေထဲမျောပါသွားတယ်လို့ ဒေသခံပြည်သူတွေကပြောပါတယ်။

လက်ရှိပျက်စီးသွားတဲ့ နေအိမ်တွေ ခန့်မှန်းခြေအရ ၂၀၀ ထက်မနည်းရှိနိုင်ပြီး ရေဘေးကြုံတွေ့ခဲ့ရတဲ့ ကျေးရွာတိုင်းပြန်လည်ထူထောင်ရေးအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ အင်းထန်ဇွပ်ကျေးရွာနေ ပြည်သူတစ်ဦးက KNG ကို ပြောပါတယ်။

အဓိတော့ မလိခမြစ်ချောင်းတစ်ကြောမှာရှိတဲ့ ကျေးရွာနေပြည်သူတွေက ရေဘေးအန္တရာယ်ကို ကြုံတွေ့ရတော့ တော်တော်လည်းခက်ခဲနေကြတယ်ပါတယ်။ ပျက်စီးသွားတဲ့ နေအိမ်တွေက တော်တော်များတယ်။ တာဝန်ရှိတဲ့ ဘယ်အစိုးရမဆို အမြန်ဆုံး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ကူညီဆောင်ရွက်ပေးတာတွေ လုပ်ပေးစေချင်တယ်။ အခုအခြေအနေမှာ ခက်ခဲနေတာက သွားရေးလာပေါ့။ ပျက်စီးနေတဲ့ လမ်းတံတားတွေကို အမြန်ဆုံးလုပ်ပေးစေချင်တယ်။ ဒါမှသာ သွားရေးလာရေးအတွက် အဆင်ပြေမှာဟုတ်တယ်လို့ပြောပါတယ်။

တယန်ဇွပ်ကျေးရွာမှာ လမ်းကမ်းပါးပြိုကျပြီး လူနေအိမ်တွေ ပျက်စီးသွားတဲ့ မြင်ကွင်း

မြစ်ကြီးနားဆွပ်ရာဘွမ့်တစ်ကြောမှာရှိတဲ့ ကျေးရွာတွေဟာ ကျေးရွာတစ်ရွာမှာ အိမ်ခြေ ၃၀၊ ၆၀ နဲ့ ၈၀ ကြားမှာရှိတဲ့ ကျေးရွာတွေဖြစ်ပြီး မလိခမြစ်ချောင်းနဘေးရှိကြတဲ့ ကျေးရွာတွေဖြစ်တာကြောင့် ကမ်းပါးတွေ ရေတိုက်စားပြီး တောင်ကုန်း၊ တောင်စောင်းတွေမှာ ရှိတဲ့ နေအိမ်တွေ ပြိုကျပျက်စီးသွားတယ်လို့ သိရပါတယ်။

အင်ဒွပ်ယန်နဲ့ အင်ထန်းဇွပ်ကျေးရွာတွေမှာက တစ်ရွာလုံးရေနစ်မြှုပ်သွားပြီး နေအိမ်တစ်ချို့ရေထဲမျောပါသွားတာကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ဒေသခံပြည်သူတွေ တစ်ရွာမှာ အိမ်ထောင်စု ၁၀ စုခန့်ရှိပြီး နေထိုင်ဖို့ ပြဿနာအခက်အခဲကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

ဒီရွာ ၂ ခုမှာက တယန်ဇွပ်ကျေးရွာတွေဘက်လို မြေပြိုကျပြီး ပျက်စီးတာတော့မဟုတ်ဘူး။ ရွာက ရေမြှုပ်သွားလို့ ပျက်စီးသွားတာ။ အခုကျနော်တို့ သိရသလောက်ဆိုရင် လုံးဝနေထိုင်လို့မရဘဲ အိမ်ပါသွားတဲ့ မိသားစုတွေရှိတယ်။ တစ်ချို့အိမ်တွေကျတော့ အိမ်ပါသွားပေမယ့် ရေအရှိုန်နဲ့ ထိခိုက်ပျက်စီးသွားတယ်။ အဲလိုမျိုးက တစ်ရွာမှာ အိမ် ၁၀ လုံးလောက်က ပျက်စီးသွားတာလို့ပြောပါတယ်။

အဲဒီကျေးရွာတွေမှာရှိတဲ့ နေအိမ်တွေက များသောအားဖြင့် ဝါးထရံနဲ့ ဆောက်လုပ်ထားတဲ့ နေအိမ်တွေများတာကြောင့် ရေထဲမျောပါ ပျက်စီးသွားတာလည်းဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် မြစ်ကြီးနားမြို့နယ်ထဲကနေ ဆွမ်ပရာဘွမ့်အထိ ကျေးရွာအားလုံးနီးပါး ရေးဘေးအန္တရာယ်ကိုကြုံတွေ့ခဲ့ရတာကြောင့် စုစုပေါင်း လူနေအိမ် ၂၀၀ ဝန်းကျင်လောက် ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေကသုံးသပ်ပြောဆိုနေကြပါတယ်။

အဲဒီကျေးရွာတွေထဲကနေ ဖုန်အိန်ယန်နဲ့ တယန်ဇွပ်ကျေးရွာအထိ ရှိတဲ့ နေအိမ်တွေက မြေပြိုကျပျက်စီးမှုထဲမှာ အများဆုံးဖြစ်ပြီးတော့ ဒေသခံတွေ ပြောဆိုချက်အရ လူနေအိမ် ၂၀ နဲ့ ၃၀ ဝန်းကျင်လောက် ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

လက်ရှိ ရေဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ မြစ်ကြီးနားဆွမ်ပရာဘွမ့် လမ်းပေါ်က ဒေသခံပြည်သူတွေဟာ လမ်းပန်းဆက်သွယ်ရေးအပြင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေရတဲ့ကြား ရေဘေးအန္တရာယ်ပါ ထပ်မံကြုံတွေ့နေရတယ်ဖြစ်ပါတယ်။

နေအိမ်တွေပါသွားတော့ လက်ရှိအချိန်မှာက နေထိုင်ရေးပြဿနာတွေကြုံတွေ့နေရတာဖြစ်ပါတယ်။ ရေကလည်း တစ်ခါထည်း ဗြုန်းကနဲကြီးလာတယ်ဆိုတော့ ပြောင်းရွှေ့နေထိုင်ဖို့ အချိန်ကမရလိုက်ဘူး။ အဲကြောင့် ပစ္စည်းတွေ အကုန်လုံးပါသွားတယ်။ နောက်တစ်ခုက အစားအသောက်ပေါ့။ စပါးကျီတွေပါ အကုန်ရေမြှုပ်သွားတော့ အစားအသောက်တွေလည်း တော်တော်ခက်ခဲနေကြတယ်။ အခုချိန်ပြန်လည်ထူထောင်ရေးအတွက် အလိုအပ်ဆုံးဆိုရင် အဆောက်အဦးတွေ အမြန်ဆုံးပြန်လည်ဆောက်လုပ်ပေးဖို့ပါပဲလို့ ရေဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ ပြည်သူတွေကို သွားရောက်ကြည့်ရှု့ခဲ့တဲ့ မြစ်ကြီးနား ကချင်ပြည်သူတစ်ဦးက ပြောဆိုထားတာဖြစ်ပါတယ်။

ပျက်စီးသွားတဲ့ လူနေအိမ်များ

မြစ်ကြီးနားဆွမ်ပရာဘွမ့်ပူတာအို ကားလမ်းပိုင်းမှာ နှစ်စဉ်မိုးတွင်းကာလ ရေကြီးရေလျှံဖြစ်ပြီး လမ်းပိုင်းပျက်းစီးတာတွေရှိပေမယ့် ယခုနှစ်မှာ ကား၊ ဆိုင်ကယ်တွေ လုံးဝသွားလာလို့မရအောင် ပျက်စီးသွားတဲ့အပြင် လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်တယ်လို့ သိရပါတယ်။

တစ်ဖက်မှာ မလိခမြစ်ရေကြီးရေလျှံဖြစ်တာကြောင့် မြစ်ကြီးနားဆွမ်ပရာဘွမ့်ပူတာအို ကားလမ်းပိုင်းတစ်ကြော  ပေ ၂၀၀ ဝန်းကျင်အထိ ရှည်လျားပြီး လမ်းပိုင်းပျက်စီးနေတဲ့ နေရာအလွန်များတာကြောင့် တစ်လ၊ နှစ်လ ဝန်းကျင်အထိ မည်သည့်ယဉ်မှ ဖြတ်လို့မရဘဲ ကျန့်ကြာသွားနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လကနေ မေလအထိ မြစ်ကြီးနားဆွမ်ပရာဘွမ့်ပူတာအိုလမ်းပိုင်းမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ၃ လဝန်းကျင်လောက် နှစ်ဖက်စစ်တပ်က ကားလမ်းပိုင်းပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။

ဇွန်လ နောက်ပိုင်းမှ နှစ်ဖက်စစ်တပ် ညှိနှိုင်းမှုနဲ့ အကန်အသတ်နဲ့ ပြန်လည်သွားလာခွင့်ရတာ တစ်လဝန်းကျင်အတွင်းမှာပဲ လမ်းပိုင်းပျက်စီးသွားတာဖြစ်ပါတယ်။ လက်ရှိမှာ မြစ်ကြီးနားပူတာအို ကားလမ်းပိုင်းသွားလာတဲ့ ပြည်သူတွေက ရေလမ်းကြောင်းနဲ့ မဟုတ်ရင် ခြေကျင်နဲ့သွားလာနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ် ၃၀ ရက်နေ့မှစတင်ပြီး ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့ တစ်ပတ်လောက်အကြာ မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့်၊ မိုးကောင်းနဲ့ ချီဖွေ၊ တနိုင်း စတဲ့မြို့နယ်အသီးသီးမှာ စိုးရိမ်ရေအမှတ်ကျော်လွန်ပြီး ရေကြီးရေလျှံဖြစ်ခဲ့တာကြောင့် ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့တဲ့ပြည်သူတွေ ထောင် သောင်းချီရှိခဲ့တာဖြစ်ပါတယ်။

ဇူလိုင် ၅  ရက်နေ့အထိ မြစ်ကြီးနားမြို့နယ်နဲ့ တစ်ချို့နေရာတွေမှာ ရေအနည်းငယ် ကျသွားပေမယ့် ဗန်းမော်နဲ့ မိုးကောင်း စတဲ့ မြို့နယ်တွေထဲမှာ စိုးရိမ်ရေအမှတ်ကျော်လွန်းပြီး ရေကြီးရေလျှံဖြစ်နေသေးတာကြောင့် ရေဘေးကြုံတွေ့နေရတဲ့ ပြည်သူတွေက ကူညီမှုတွေ ဆက်တိုက်လိုအပ်နေသေးတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button