စစ်ပြေးဒုက္ခသည်များသတင်း

ရေဘေးသင့်ခဲ့တဲ့ ဝိုင်းမော်မှာ နေအိမ်ပျက်စီးမှုတွေများပြားခဲ့ပြီး ပြန်လည်ထူထောင်ရေးကို ကိုယ်ထူကိုယ်ထပဲလုပ်ဆောင်နေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ရေဘေးသင့်ခဲ့တဲ့ကျေးရွာတစ်ချို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းလုပ်ဆောင်ရာမှာ ကိုယ်ထူကိုယ်ထပဲလုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေနဲ့လူမှုကူညီရေးအသင်းတွေ ကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကနေစပြီး ဧရာဝတီမြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ဝိုင်းမော်မြို့နယ်ထဲက မြေနိမ့်ပိုင်းရပ်ကွက်တွေနဲ့ အမြင့်ပိုင်းကျတဲ့ရပ်ကွက်တစ်ချို့ပါရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး နေအိမ်၊အိမ်သာအများအပြား ထိခိုက်ပျက်စီးသွားတာဖြစ်ပါတယ်။

ဝိုင်းမော်မြို့ထဲမှာဆိုရင်တော့ ရပ်ကွက်၅အထိရှိတယ်။ ဝိုင်းမော်မြို့ထဲကရေဘေးသင့်ပေမဲ့ အဲ့လောက်ထိ အခက်အခဲမရှိဘူး။ အဓိကကတော့ခတ်ချိုရွာပဲ ရွာသူရွာသားတွေတော်တော်လေးဒုက္ခရောက်ကြတယ်။ အိမ်သာတွေအားလုံးမျှောပါသွားတာတွေရှိတယ်။ အိမ်ခြံစည်းရိုးတွေရောပေါ့။ အခုက သန့်ရှင်းရေးလုပ် တာတွေလည်းခက်ခဲနေကြတယ်။” လို့ဝိုင်းမော်မြို့နယ်ထဲက လူမှုကူညီရေးအသင်းတစ်ဖွဲ့ကတာဝန်ရှိသူ တစ်ယောက်ကပြောပါတယ်။

အထူးသဖြင့်တော့ ဝိုင်းမော်မြို့နယ်မြစ်ကမ်းဘေးကရွာတွေရပ်ကွက်တွေရေဘေးသင့်ခဲ့ရပြီး ခတ်ချိုရပ်ကွက် နဲ့ နောင်တာလောကျေးရွာတို့မှာ နေအိမ်၊အဆောက်အဦးတစ်ချို့ပျက်စီးမှု နဲ့ မျှောပါသွားတာတွေပါရှိခဲ့တယ် လို့ နောက်ထပ် ဝိုင်းမော်ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

နေအိမ်တွေပါသွားတာကတော့ နောင်တာလောဘက်ပဲ ပြီးတော့ ခတ်ချိုဘက်ကပျက်စီးဆုံးရှုံးမှုတွေ များတယ်။ ရေဘေးကိုအဓိကကြုံတာက ခတ်ချိုပဲ ဘာလို့လဲဆိုတော့ရေလမ်းကြောင်းနဲ့ကွက်တိဖြစ်နေလို့ ထူထောင်ရေး တွေလည်းအခုမှကြိုးစားကြတုန်းပေါ့ ခတ်ချိုဘက်ဆို ကားအသေးနဲ့ဆိုမနည်းရုန်းရတယ်။ အခုကတော့ကိုယ်ထူကိုယ်ထနဲ့ပဲ သောက်ရေတို့ဘာတို့နဲ့ထမင်းထုပ်တွေတော့လာကူကြပါတယ်လို့ပြောပါတယ်။

ဝိုင်းမော်မြို့ပေါ်ကရပ်ကွက်တစ်ချို့နဲ့ ကျေးရွာတစ်ချို့ကတော့ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပေမဲ့ ပျက်စီး ဆုံးရှုံးမှုကြီးကြီးမားမားမရှိဘူးလို့ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ရေတက်တဲ့ကာလအတွင်းမှာ ဒေသခံတွေဟာ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေလည်းမရှိတဲ့အတွက် အကူအညီတစ်စုံတစ်ရာမရကြသလို တစ်ချို့ဒေသခံတွေဆိုရင်ရေမကျမချင်းအိမ်ခေါင်မိုးပေါ်မှာပဲ နေထိုင်ခဲ့ရသူတွေပါရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ရေကျပြီးတဲ့ကာလမှာလည်း ပြန်လည်ထူထောင်ရေးအတွက်အကူညီများစွာလိုအပ်နေပြီး ရေကြီးပြီးခံစားရတဲ့ ကျန်းမာရေးပြဿနာကိုလည်း ဒေသခံတွေရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလောလောဆယ်တော့ ကျန်းမာရေးပဲပြန်ဖောက်နေကြတယ်။ ရေကြီးပြီးနောက်ပိုင်း ဝမ်းလျှော ဝမ်းပျက်ပြဿနာကတော့ဖြစ်နေကျပဲလေ။ အိမ်သာတွေဆိုလည်း ပြန်လုပ်ရမယ်။ တော်တော်များများ ဖြစ်ကြတယ် ကျန်းမာရေးပြဿနာက “လို့ပြောပါတယ်။

ဝိုင်းမော်မြို့နယ်ဟာ ရေဘေးသင့်ဒဏ်ကြောင့်ဆုံးရှုံးမှုကြီးခဲ့တဲ့ မြစ်ကြီးနားမြို့တစ်ဖက်ကမ်းမှာပဲတည်ရှိ တာဖြစ်ပြီး မြစ်ကြီးနားမြို့လိုပဲ ရေဘေးသင့်ဒဏ်ကြောင့်ဆုံးရှုံးမှုကြီးမားခဲ့ပါတယ်။

ဒါပေမဲ့ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းအခက်အခဲတွေကြောင့်အကူညီတွေမရပဲ ဆုံးရှုံးမှုမှန်သမျှကို ကိုယ်ထူ ကိုယ်ထပဲလုပ်ဆောင်နေကြရတာလို့ ဒေသခံတွေနဲ့လူမှုကူညီရေးအသင်းအဖွဲ့တွေကဆိုကြပါတယ်။

ဝိုင်းမော်မြို့နယ်ဟာ ပြီးခဲ့တဲ့ မတ်လကနေ ရေမကြီးခင်ကာလတွေအထိ စစ်ပွဲကြောင့်ဒေသခံတွေ ကြောက် လန့်နေခဲ့ကြရသလို တစ်ချို့ဘေးလွှတ်ရာတွေပါထွက်ပြေးခဲ့ကြရပြီး ရေဘေးဒဏ်ပါထပ်ပြီးကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button