မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မံစီမြို့နယ် ကိုင်းထိပ်ဒေသမှာ KIO မြေရှားတူးဖို့ပြင်ဆင်နေ 

ဗန်းမော်ခရိုင် မံစီမြို့နယ် ကိုင်းထိပ်(Kaihtik)ဒေသမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က မြေရှားသတ္တုတူးဖော်ဖို့ပြင်ဆင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်နေတဲ့နေရာဟာ မန်ဝိန်းကြီးနဲ့ ၂၁ မိုင်အကွာ အင်ဘာပါဒေသနဲ့ တစ်ဆက်တည်းရှိပြီး KIA တပ်မဟာ ၁၁ နယ်မြေထဲရှိတာဖြစ်ပါတယ်။

ဒီဒေသမှာအထိုင်ချထားတဲ့ ကိုင်းထိပ် စစ်တပ်စခန်းကို  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ KIA ဘက်က သိမ်းပိုက်လိုက်တဲ့နောက် မြေရှားသတ္တုတူးဖော်ဖို့ စတင်ပြင်ဆင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

KIO အနေနဲ့ ဒေသခံတွေကန့်ကွက်ထားတဲ့နေရာတွေမှာ ခုလိုမြေရှားသတ္တုတူးဖော်ဖို့ တစ်ဖန်ပြင်ဆင်လာချိန် တစ်ဆက်တည်းမှာဘဲ ဩဂုတ်လ ၁၂ ရက်နေ့မှာ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အင်ဘာပါဒေသ လနားဇွပ်ဂျာမှာ ဒေသခံပြည်သူလူထုနဲ့ လာရောက်တွေ့ဆုံခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီလူထုတွေ့ဆုံပွဲမှာ KIO ဥက္ကဌက ပြည်သူတွေအနေနဲ့ မြေရှားသတ္တုတူးဖော်မှုနဲ့ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ ကန့်ကွက်ဆန္ဒပြတာမျိုး နောက်ထပ်မလုပ်ကြဖို့ အဓိက ပြောဆိုခဲ့တယ်လို့ အင်ဘာပါဒေသခံတစ်ဦး ခုလိုပြောပါတယ်။ 

အခု ကိုင်းထိပ်ဘက် လုပ်ငန်းစဖို့ ပြင်နေပြီ။ ဘယ်အချိန်စလုပ်မယ်ဆိုတာတော့ အတိအကျ မသိဘူး။ လုပ်ငန်းဝင်တော့မှာဖြစ်တာကြောင့် မြေရှားသတ္တုမကန့်ကွက်ကြနဲ့တော့ သဘောတူကြရတော့မယ်တဲ့ ဗိုလ်ချူပ်ကြီး အင်ဘန်လ လာပြောတယ်။ ကျနော်တို့ အများကြီး ထူထောင်ရအုံးမယ်။ ပြည်သူအားလုံးလည်း အစကလို ဆန္ဒပြတာတွေ မပြုလုပ်ကြနဲ့တော့၊ ကောင်းကောင်းမွန်မွန်နဲ့ ဝိုင်းဝန်းလုပ်ကြဖို့ လာပြောတာ ဟုတ်တယ်။” လို့ KIO ဥက္ကဌ အင်ဘန်လနဲ့ လူထုတွေ့ဆုံပွဲမှာ ပါဝင်သူ အင်ဘာပါဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတွေပြောဆိုချက်အရ KIO ဥက္ကဌနဲ့လူထုတွေ့ဆုံပွဲမှာ မြေရှားသတ္တုတူးမယ့် စီမံကိန်းနဲ့ပတ်သက်ပြီး တိတိကျကျပြောဆိုတာမျိုးမရှိတဲ့အပြင် တူးမယ့်နေရာတွေကိုလည်း ပွင့်ပွင့်လင်းလင်းပြောတာမျိုးမရှိဘဲ မြေရှားသတ္တုစီမံကိန်းတွေကို မကန့်ကွက်ကြဖို့ အဓိက ပြောသွားတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဘယ်မှာ ဘယ်လို မြေရှားသတ္တုတူးတော့မယ်လို့ တိုက်ရိုက်တော့ မပြောဘူး။ ဒါပေမဲ့ သူတို့စီမံကိန်းတွေ ပြင်ဆင်နေတာတွေက အဆင့်သင့်ရှိနေပြီးသားဖြစ်တာကြောင့် သူ လာရောက်တွေ့ဆုံရတဲ့ အဓိကအချက်က အဲဒါပဲဖြစ်တာပေါ့။ ဘာမဆို အများကြီး ထူထောင်ရအုံးမှာဖြစ်တဲ့အတွက် ဒါနဲ့ပဲမဟုတ်ရင် တခြားမရှိသေးဘူးတဲ့။” လို့ သူက ဆက်ပြောပြပါတယ်။

လူထုတွေ့ဆုံပွဲမှာ ဒိန်ဆင်းပါ၊ အင်ဘာပါနဲ့ လွယ်ဂျယ်တစ်လျှောက်မှာနေထိုင်တဲ့ ဒေသခံပြည်သူထောင်ဂဏန်းလာရောက်ပါဝင်ခဲ့တယ်လို့သိရပြီး  ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ ပြောဆိုချက်ကို ဆန်းစစ်ကြည့်ပါက မံစီဒေသအတွင်း လတ်တလောပြင်ဆင်နေတဲ့ ကိုက်ထိပ်ဒေသ၊မန်ဝိန်းကြီးဒေသမှာ မြေရှားသတ္တုတူးဖော်တဲ့စီမံကိန်းကို မကန့်ကွက်ဖို့ အဓိကပြောချင်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေ သုံးသပ်နေကြပါတယ်။

မံစီဒေသမှာ မြေရှားသတ္တုတူးဖော်မယ့်နေရာဟာ လက်ရှိမှာ အင်ဘာပါ၊ ဒိန်ဆင်းပါတို့နဲ့ မြေနေရာတစ်ကြောတည်းဖြစ်တဲ့ ကိုင်းထိပ်တောင်တစ်ကြောဖြစ်တယ်လို့သိရပြီး ကိုင်းထိပ်တောင်တစ်ကြော ဖရာ( Hpara) Hpai Dan(ဖိုင်ဒန်), အင်ဂျူံတောင် (Njung bum),အူရာတောင် ( Ura Bum ) စတဲ့ တောင်ကြောတစ်လျှောက်ကို မြေရှားသတ္တုတူးဖော်လိုက်ဖို့ လုပ်ငန်းဝင်ရန် အဆင်သင့်အနေအထားဖြစ်နေပြီလို့ ဆိုပါတယ်။

အစကတည်းက ဒေသခံတွေကန့်ကွက်နေတာ ဒီဒေသတစ်လျှောက်အားလုံးပါတယ်။ ကိုင်းထိပ်၊ ဒိန်ဆင်း အင်ဘာပါ ဒါတွေအားလုံးက နယ်မြေတစ်ကြောတည်းပဲလေ။ အဲဒီမှာတူးရင် ဟိုဘက်ဒီဘက် အားလုံးဝင်လာတော့မှာလေ။ အခု မကန့်ကွက်ကြနဲ့တော့ပြောတော့ ရွာသားတချို့ဆို ကိုင်းထိပ်ဘက်ကို မီးသွေးသွားထုတ်တာ၊ သစ်တွေသွားထုတ်တာတွေ အများပိုင်း ဝင်နေကြတာ။ အခုက မကန့်ကွက်ဖို့လာပြောတာဆိုတော့ လောလောဆယ် အသံတိတ်ဖြစ်နေတာပေါ့။ ဒီလုပ်ငန်းက မကောင်းဘူး၊ ဆိုးကျိုးရှိတယ်ဆိုတာတော့ အားလုံးသိပေမဲ့ ဘယ်လိုမှမတတ်နိုင်ဖြစ်နေတာပေါ့။ တချို့ဆို နေပါစေ အားလုံးတူးဖော်စားလိုက်ပါစေ၊ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဒေါသထွက် စိတ်မကောင်းဖြစ်နေကြတာတွေလည်း ရှိနေတယ်။” လို့ နောက်ထပ် အင်ဘာပါဒေသခံတစ်ဦးက  ပြောပါတယ်။   

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကစပြီး တရုတ်နယ်စပ် မံစီမြို့နယ်ရှိ အင်ဘာပါ၊ ဒိန်ဆင်းပါဒေသတွေမှာ မြေရှားသတ္တုတိုးချဲ့တူးဖော်ဖို့ KIO အစိုးရက ပြင်ဆင်လာတာကြောင့် ဒေသခံပြည်သူထုအားလုံး အပြင်းအထန် ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဒါ့ကြောင့်  လအကြာ ၂၀၂၃ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာ မံစီဒေသက မြေရှားသတ္တုတူးဖော်မှု စီမံကိန်းအားလုံးကို KIO က ရုပ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။

အခုလို ဒေသခံပြည်သူလူထုတွေရဲ့ သဘောထားနဲ့အညီ မံစီဒေသက မြေရှားသတ္တုတူးဖော်မဲ့ စီမံကိန်းအားလုံးကို   KIO ဘက်က ရုပ်သိမ်းပေးခဲ့ပေမဲ့  နှစ်ကျော်ကြာပြီးနောက် လက်ရှိမှာ မြေရှားသတ္တုတူးဖော်မဲ့ စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်လာတာကြောင့် ဒေသခံတွေ စိတ်ပင်ပန်းနေကြရတယ်လို့ ဆိုပါတယ်။

ကျနော်တို့ စိုးရိမ်တာက စီမံကိန်းတွေ ဆက်လက်လုပ်လာမှာကို တွေးပူနေတာ။ နေရာတွေ တိုးချဲ့ပြီး တူးဖော်လာမှာကိုပဲ အဓိကစိုးရိမ်တယ်။ မကန့်ကွက်ကြနဲ့တော့လို့ လာပြောထားပေမဲ့ ကျနော်တို့ဆန္ဒက ဒီမြေရှားကိုတော့ မတူးရင်ကောင်းမယ်လို့ပြောချင်တယ်။ ဒါပေမဲ့ ဒီမြေရှားတူးဖော်မဲ့စီမံကိန်းကို ကန့်ကွက်တဲ့သူက ရန်သူပဲလို့ပြောလိုက်တော့လည်း ဘယ်သူမဆိုအခုက မကန့်ကွက်ဝံ့နေတာပေါ့။ အရမ်းခံစားရတယ်။ မလုပ်သင့်ဘူး။ မပြုလုပ်ရဆိုပေမဲ့ KIO ခေါင်းဆောင်တွေက မလုပ်မနေရဆိုတော့ ဘယ်တတ်နိုင်မလဲ။ မြေရှားသတ္တုတူးဖော်မှုကြောင့် ခံစားလာရမဲ့ ဆိုးကျိုးတွေ၊ ကျနော်တို့ဒေသ မြေနေရာတွေပျက်စီးမှာကို တွေးပူပြီး အရမ်းခံစားနေရတယ်။” လို့ ဒိန်ဆင်းပါဒေသခံတစ်ဦးကလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစပြီး မိုင်ဂျာယန်နဲ့ လိုင်ဇာကြား အင်ခေါင်းပါ  ဂေါရီကရုန်(Gauri Krung) တောင်တစ်ကြောကို ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO ကနေမှ မြေရှားသတ္တုတူးဖော်မှု အလွန်အကျွံပြုလုပ်နေတာဖြစ်ပြီး လက်ရှိမှာ နေရာတွေဆက်လက် တိုးချဲ့ကာ စီမံကိန်းတွေ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။

အင်ခေါင်းပါ တောင်တစ်ကြောကို မြေရှားသတ္တုတူးဖော်နေတာဖြစ်ပြီး အဲဒီတောင်တစ်ကြောကနေ စီးဆင်းလာတဲ့ ဓာတုအဆိပ်သင့်ချောင်းတွေဟာ မိုးမောက် – ဗန်းမော်မြို့တွေဘက်ကို ဖြတ်ကျော်စီးဆင်းနေတာဖြစ်ပါတယ်။

ဒါကြောင့် တစ်ဖက်မှာ မိုးမောက်  မံစီတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ လက်ရှိ တောထဲတောင်ထဲ ချောင်းရေနားတစ်ဝိုက်စစ်ရှောင်နေကြရပေမဲ့ သောက်သုံးရေအခက်အခဲတွေ ကြုံတွေ့နေကြရတာဖြစ်ပါတယ်။

လက်ရှိ ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေပြတ်တောက်နေပြီး တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေချိန် တစ်ဖက်မှာလည်း ဒေသခံပြည်သူလူထုတွေ ကန့်ကွက်ထားတဲ့ နေရာဒေသတွေမှာ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းစတင်ဖို့ KIO ဘက်က ပြန်လည်ကြိုးစားလာတာလည်း ဖြစ်ပါတယ်။ 

စစ်တပ်က အာဏာမသိမ်းခင် NLD အစိုးရလက်ထက် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ၂၀၁၉ ခုနှစ် ထုတ်ပြန်ချက်အရ ချီဖွေမြို့နယ်မှာ မြန်မာမျိုးကိုကို ကုမ္ပဏီနဲ့ ရွှေစပါးသတ္တု တူးဖော်ရေး ကုမ္ပဏီတို့ကို ၂၀၁၈ ကနေ ၂၀၁၉ အထိ မြေဧက ၂၈၁ ဧက၊ လုပ်ကွက် ၁၁ ကွက်ကို မြေရှားသတ္တုတူးဖော်ခွင့် ချပေးခဲ့ပေမယ့် နောက်ပိုင်းမှာ တရားဝင်ချပေးတာမျိုး မရှိပါဘူးလို့ ဖော်ပြထားပါတယ်။

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်ထဲမှာရှိတဲ့ တရားမ၀င်မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းတွေကနေ ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံကို မြေရှားသတ္တု တန်ချိန် ၄၁၇၀၀ အထိ ပို့ဆောင်ခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်တဲ့ Global Witness အဖွဲ့ က ၂၀၂၄ ခုနှစ် မေလမှာ ထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ တရုတ်ကို မြေရှားသတ္တု စပို့တဲ့  နှစ်အတွင်း အမြင့်ဆုံးကို ရောက်ရှိလာတာ ဖြစ်ပြီး ၂၀၂၁ ခုနှစ်က တင်ပို့ခဲ့တဲ့ တန်ချိန် ၁၉၅၀၀ နဲ့ နှိုင်းယှဉ်ရင် နှစ်နှစ်အတွင်း  ဆကျော်မြင့်တက်လာတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြေရှားသတ္တု တရားမ၀င်တင်ပို့ရောင်းချတာကနေ အမေရိကန် ဒေါ်လာ  ဒသမ  ဘီလီယံ အထိ ၀င်ငွေရှိနေပြီး ဒါဟာ ပြည်တွင်းမငြိမ်သက်မှုတွေအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေ ရှိနေတယ်လို့လည်း Global Witness အဖွဲ့ က သုံးသပ်ထားပါတယ်။

ကချင်အထူးဒေသ (ပန်ဝါမြို့နယ်ထဲမှာ မြေရှားသတ္တုထူးဖော်ရေး လုပ်ကွက်တွေ ၄၀ ရာခိုင်နှုန်းအထိ တိုးလာ သလို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားတဲ့ မိုးမောက်မြို့နယ်ထဲမှာလည်း လုပ်ကွက်တွေ ထပ်တိုးလာတာ တွေ့ရတယ်လို့လည်း Global Witness အဖွဲ့က ပြောပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button