ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထားတဲ့ ဆင်ဘိုမြို့ မှာ ကိုယ်ထူကိုယ်ထကျောင်းတွေကို ဖွင့်လှစ်သင်ကြားနေပြီဖြစ်တယ်လို့ ဆင်ဘိုဒေသခံပြည်သူတွေက KNG ကို ပြောပါတယ်။
ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေကအထက်တန်းကျောင်းတစ်ကျောင်းအပါအဝင် မူလတန်းနဲ့အလယ်တန်းစုစုပေါင်း ၇ ကျောင်းထိရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေး အခြေအနေတွေကြောင့် စာသင်ကြားပေးနေတဲ့ ဆရာ/မတွေ ပြောင်းရွေ့သွားကြတဲ့အတွက် KIO ပညာရေးဌာနအောက်က ဆရာ/မအချို့နဲ့ ဒေသခံစေတနာ့ဝန်ထမ်း ဆရာ/မတွေက ဆက်လက်သင်ကြားပေးနေတယ်လို့ ဆရာမတစ်ဦးက ပြောပါတယ်ဆိုပါတယ်။
“များသောအားဖြင့်လူငယ်တွေပိုများတာပေါ့ ဒီဒေသထဲက ဆယ်တန်းအောင်ထားတဲ့သူတွေ တက္ကသိုလ်တက်နေတဲ့သူတွေ ပြီးတော့လောလောဆယ်သူတို့ကို သင်တန်းတွေပေးဖို့လဲ အဆင်မပြေသေးတော့ သူတို့အနေနဲ့ အွန်လိုင်းပလက်ဖောင်းတွေကနေလေ့လာပြီး သင်ပေးနေတာပေါ့”လို့ ပြောပါတယ်။
အထက်တန်းကျောင်းအပါအဝင် ကျောင်းပေါင်း ၇ ကျောင်းရှိတဲ့ထဲမှာ အထက်တန်းကျောင်းမှာတက်ရောက်နေတဲ့ကျောင်းသား၊သူ ၃၀၀ ကျော်ရှိပြီး၊ စာသင်ကြားပေးနေတဲ့ ဆရာ၊မ ၁၀ ဦးကျော်ရှိတယ်လို့ သိရပါတယ်။
ကိုယ်ထူကိုယ်ထကျောင်းတွေအားလုံးမှာ သင်ရိုးဟောင်းအတိုင်းသင်နေတာဖြစ်ပြီး KIO ပညာရေးဌာနက ရေးဆွဲထားတဲ့ သင်ရိုးအသစ်ကိုတော့မသင်ကြားနိုင်သေးဘူးလို့ ပြောပါတယ်။
ဒါ့အပြင် တစ်ဖက်မှာ ဒေသခံတွေက ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားတဲ့ကျောင်းဖြစ်တဲ့အတွက် လိုအပ်ချက်တစ်ချို့တော့ ရှိနေသေးတယ်လို့ ဆက်ပြောပါတယ်။
“အဓိကတော့ ကျွန်မတို့က ငွေရေးကြေးရေးလိုအပ်နေတာပေါ့ အခုလောလောဆယ်က ဒီမှာ လိုအပ်တဲ့ကျောင်းသုံးပစ္စည်းတွေက မရှိနေတော့ သင်ကြားတဲ့နေရာမှာ အခက်အခဲတွေဖြစ်နေတာပေါ့” လို့ ဆိုပါတယ်။
KIO ပညာရေးဌာနဘက်ကနေပြီးတော့ လိုအပ်တဲ့အရာတွေကို လာရောက်စစ်ဆေးသွားပြီး မကြာခင်ကူညီပေးဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။
ဆင်ဘိုမြို့ ဒေသခံပြည်သူတွေဟာ လယ်ယာလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နေကြပြီဖြစ်ပေမယ့်လည်း တစ်ဖက်မှာတော့ စစ်ကောင်စီရဲ့လေကြောင်းရန်ကိုတော့ စိုးရိမ်နေရသေးတယ်လို့ ဆင်ဘိုမြို့ ရွာလူကြီးတစ်ဦးက ခုလိုပြောပါတယ်။
“အခုဒီမှာတော့ တခြားတော့ မစိုးရိမ်ရပေမယ့် ပြည်သူတွေက လေယာဉ်ဘဲကြောက်နေရတယ် အမြဲတမ်းနေ့ရောညရော ပျံသန်းနေတာဆိုတော့“လို့ ပြောပါတယ်။
ဆင်ဘိုမြို့ကို ကေအိုင်အေနဲ့PDFပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဧပြီ ၂၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူထားတာဖြစ်ပြီး အုပ်ချုပ်ရေးယန္တယားတွေလည်း စတင်လည်ပတ်နေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆင်ဘိုမြို့မှာ ရွာပေါင်း ၁၃ ရွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ မြို့တစ်မြို့ဖြစ်သလို ကချင်၊ ဗမာ၊ရှမ်း စတဲ့ တိုင်းရင်းသားတွေနေထိုင်ကြပြီး ရှမ်းနီတိုင်းရင်းသားတွေကတော့ အများစုဖြစ်ပါတယ်။
By – Hope