သတင်း

နမ့်ဖတ်ကာ ကားသမားတစ်ဦး မုံးကိုးမြို့အနီးမှာ လုယက်သတ်ဖြတ် ခံရ

ရှမ်းမြောက် မုံးကိုးမြို့အနီးမှာ နမ့်ဖတ်ကာဒေသခံ ကားသမားတစ်ဦး ခရီးသည်တွေရဲ့သတ်ဖြတ်မှုကြောင့် အသက်သေဆုံးခဲ့ရတယ်လို့ နမ့်ဖတ်ကာဒေသခံ တွေဆီကနေ သိရပါတယ်။

စက်တင်ဘာလ ၇ ရက်နေ့ နမ့်ဖတ်ကာကနေ နမ့်ခမ်းဘက်သွားဖို့ ခရီးသည် ၃ ဦးကိုတင်ပြီး ကားအငှားလိုက်တဲ့ ကားသမားဟာ မုံးကိုးမရောက်ခင် ကားလုပြီးသတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ကားလည်း ယူသွားလိုက်တယ် အလောင်းကတော့ တွေ့ပြီ။ မိသားစုတွေ လိုက်လံစုံစမ်းရင်း အလောင်းကတော့ ပြန်တွေ့ခဲ့တယ်။ သိရသလောက်တော့ နမ့်ဖတ်ကာကနေ ကားအငှားလိုက်သွားတယ်။ နမ့်ဖတ်ကာကနေ နမ့်ခမ်းအရင်သွားပြီး နမ့်ခမ်းကနေ ပြောင်းပြန် မုံးကိုးကိုပြန်ခေါက်တယ်။ အဲဒီအချိန် မုံးကိုးမရောက်ခင် ရွာတစ်ရွာရှိတယ် အဲဒီရွာနားက လမ်းဘေးမှာ သတ်ဖြတ်ထားတယ်။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

သတ်ဖြတ်ခံရတဲ့ ကားသမားဟာ အသက် ၃၃ နှစ်အရွယ်  ဦးယောင်ကုန်းဖူဆိုတဲ့ တရုတ်လူမျိုးဖြစ်ပြီး ရုပ်အလောင်းကို စက်တင်ဘာလ ၁၄ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင် မုံးကိုးမြို့နားတစ်နေရာမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီအမှုဟာ မုံးကိုးမြု့နားသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ဖြစ်တာကြောင့် ကိုးကန့် MNDAA တပ်ဖွဲ့ကိုင်တွယ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကားသမားကိုသတ်ဖြတ်လိုက်တဲ့ တရားခံတွေဟာ လုယူသွားတဲ့ကားကိုလည်း မုံးကိုးမြို့ထဲက ပြည်သူတစ်ယောက်ထံက တစ်ဆင့်ပြန်လည်ရောင်းချခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ကွတ်ခိုင်– နမ့်ဖတ်ကာ– မူဆယ် – နမ့်ခမ်း – မုံးကိုး တစ်ကြော လိုင်းကားသမားများ သတ်ဖြတ်ခံရမှု အရင်ကလည်းဖြစ်ပျက်ခဲ့ပေမယ့် အခုဖြစ်စဉ်မှာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ကိုးကန့် MNDAA နဲ့ ကချင်လွတ်လပ်ရေးတပ်တော် KIA  တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ထိန်းချူပ်မှုအောက် ရောက်သွားခဲ့တဲ့ ကာလတစ်လျှောက် ပထမဆုံးအကြိမ် ပြန်လည်ဖြစ်ပွားလာတဲ့ လူသတ်မှု ဖြစ်ပါတယ်လို့  ဒေသခံတွေ ပြောပါတယ်။

ဒီဒေသ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်အောက်မှာရောက်သွားခဲ့ချိန်ကစပြီး အခုလိုဖြစ်စဉ်က ပထမဆုံးဖြစ်တာပဲ။ ဒီဖြစ်စဉ်ကြောင့် အခုအားလုံးထိပ်လန့်ကြတာပေါ့။ အဓိက ကားသမားတွေအတွက် လုံခြုံမှုမရှိတော့တာပေါ့။ ကားသမားတွေအတွက် ခရီးသွားဖို့ စိုးရိမ်မှုတွေဖြစ်ပေါ်သွားတယ်။ ဒီလိုဖြစ်စဉ်ဖြစ်တော့ လမ်းသွားလမ်းလာတွေမှာ တကယ်ခက်ခဲတဲ့သူတွေ လှမ်းအကူအညီတောင်းတာတွေကိုလည်း ကားသမားတွေက လုံခြုံရေးကို စိုးရိမ်လို့ မကောက်တင်ရဲတော့တာမျိုးတွေထိ ဖြစ်လာတာပေါ့။” ဟု နမ့်ဖတ်ကာဒေသခံကဆက်ပြောပါတယ်။

လက်ရှိ နမ့်ဖတ်ကာကို မြို့အဆင့်မြင့်တင်ပြီး ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO/KIA ဘက်က အုပ်ချူပ်မှုယန္တရား လည်ပတ်နေတာဖြစ်ပါတယ်။

ကွတ်ခိုင်ဘက်ကိုတော့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ဘက်က ထိန်းချူပ်ထားပြီး မူဆယ်အထက် မုံးပေါ်ဒေသနဲ့ မုံးကိုး – ဖောင်းဆိုင်ဒေသတစ်လျှောက်လုံးကို KIA နဲ့ ကိုးကန့် MNDAA နှစ်ဖက်လုံးထိန်းချူပ်နေတာ ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button