သတင်း

မြစ်ကြီးနား- မန္တလေးလေယာဥ်စျေးနှုန်း မြင့်တက်နေ

မန္တလေး –မြစ်ကြီးနား ကားလမ်းပိုင်းပိတ်ထားတာကြောင့် လေယာဥ်လက်မှတ်စျေးနှုန်း တစ်ဆမြင့်တက်နေပြီး ဝယ်ယူရဖို့ခက်ခဲနေတယ်လို့ ခရီးသွားပြည်သူတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ရက်နေ့ကစလို့ မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းမှာရှိတဲ့ အင်းတော်မြို့အပါအဝင် ကချင်စစ်ကိုင်းအစပ်က မြို့တွေကို KIAနဲ့ PDF ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာကနေ စစ်ရေးအခြေအနေကြောင့် ကားလမ်းပိုင်း ရက်အကန့်အသတ်မရှိ ပိတ်သွားခဲ့တာဖြစ်ပါတယ်။

ကားလမ်းပိုင်းပိတ်သွားတဲ့နောက် ကချင်ပြည်နယ်ကနေ မန္တလေး  ခရီးသည်တွေဟာ လေကြောင်းလိုင်းတစ်ခုတည်းကို အသုံးပြုနေရတာကြောင့် သြဂုတ် ၁၈ရက်နေ့နောက်ပိုင်းကစလို့ လေယာဥ်လက်မှတ်တွေစျေးတက်သွားသလို ဝယ်ယူဖို့ခက်ခဲနေတယ်လို့ မန္တလေးရောက်နေတဲ့ မြစ်ကြီးနားဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ဒီလ ၂၈၊၂၉လောက်မှာတက်ဖို့ဆိုပြီး လေယာဥ်လက်မှတ်ရှာတာမရဘူးဗျ နောက်လထဲမှရမယ်တဲ့ လေကြောင်းလိုင်းတစ်ခုနဲ့တစ်ခုကလည်းမတူဘူး KBZဆို နောက်လ ၈ရက်နေ့လောက်မှရမယ် တခြား MNAတို့ဆို နောက်လ ၁၀ ရက်ကျော်လောက်မှရမှာ အဝေးကြီးကြိုဖြတ်ပြီးစောင့်နေရတယ်လို့ ပြောပါတယ်။

လေယာဥ်လက်မှတ်ဖြတ်ရဖို့ ရက်တ္တတပတ်ကနေ ၁၀ ရက်ကျော်ကြာတဲ့အထိစောင့်နေရသလို ကားလမ်းပိုင်းပိတ်သွားတဲ့နောက် လက်မှတ်စျေးနှုန်းတွေလည်း အရင်ကထက်တစ်ဆပိုတက်သွားတယ်လို့သိရပါတယ်။

စျေးက ဒီလထဲကားလမ်းပိတ်သွားမှခုန်တက်သွားတာတဲ့ဗျ လမ်းမပိတ်ခင်ကဆို မြစ်ကြီးနား– မန်းလေးစျေးနှုန်းက အေးကမ္ဘောဇက ၃သိန်းဝန်းကျင်လောက်ပဲ အခုက လေးသိန်းကျော်တက်သွားပြီ MNA(မြန်မာ့လေကြောင်းလိုင်းဆိုရင်လည်းအရင်က ၃သိန်းခွဲလောက်ရှိတာ အခုက ငါးသိန်းကျော်အထိတက်တယ် အရမ်းကိုတက်သွားတယ်စျေးကလို့  လေယာဉ်လက်မှတ်အရောင်းဌာနတစ်ခုက ပြောပါတယ်။

မန္တလေးမြစ်ကြီးနားကိုတော့ Air KBZ(အေးကမ္ဘောဇ) Myanmar National Airline (MNA)နဲ့ Mann Yadanarpon (မန်းရတနာပုံ)စတဲ့လေကြောင်းလိုင်းသုံးခုသာပြေးဆွဲတာ ဖြစ်ပြီး မန်းရတနာပုံလေကြောင်းလိုင်းလည်း ကျပ် ၅သိန်းခွဲ အထိစျေးတက်နေတယ်လို့သိရပါတယ်။

မန်းရတနာပုံနဲ့ MNA ဆိုရင်တစ်ပတ်ကို သုံးကနေ လေးကြိမ်အထိပြေးဆွဲတယ် တာပေမယ့်ခရီးသည်တွေက ဒီလေကြောင်းတစ်ခုထဲနဲ့သွားရတော့ လက်မှတ်က ရောင်းမလောက်နေတာ ခရီးသည်များတော့လက်မှတ်ကိုနည်းနည်းစျေးတင်လိုက်တာပေါ့ပြီးတော့ လေယာဥ်ဆီတွေလည်းစျေးတက်နေလို့”လို့ လေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်အမျိုးသမီးတစ်ဦးကပြောပါတယ်။

အခြေခံစားသောက်ကုန်နဲ့လူသုံးကုန်တို့ကိုလည်း လေကြောင်းလိုင်းအမျိုးအစားပေါ်မူတည်ပြီးတစ်ဆာခ တစ်ကီလိုကျပ် ငါးထောင်ကနေ ကျပ် တစ်သောင်းကျော်အထိပေးတင်နေရတာကြောင့် လက်ရှိမြစ်ကြီးနားမြို့ထဲကုန်စျေးမြင့်တက်မှုတွေလည်းရှိနေပါတယ်။

သြဂုတ်လ ၁၆ရက်နေ့ကစတင်လိုက်တဲ့ မန္တလေး – မြစ်ကြီးနားကားလမ်းပိုင်းကတိုက်ပွဲတွေဟာဒီကနေ့အထိနှစ်ဖက်ထိတွေ့မှုတွေရှိနေသေးပြီးစစ်ရေးတင်းမာဆဲ ဖြစ်တာကြောင်း ကားလမ်းပြန်ဖွင့်နိုင်ဖို့အချိန်ကာလ ကြာမြင့်နိုင်တယ်လို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button