ကချင်အထူးဒေသ (၁) နယ်မြေက ဖီမော်မြို့စောင့်တပ် ၁၀၀၁ တပ်စခန်းမှာအောက်တိုဘာလ ၃၀ ရက်နေ့ကစလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အောက်တိုဘာလ ၃၀ ရက်နေ့ညပိုင်းမှာ ၁၀၀၁ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်နေတာလို့သိရပြီး ဒီကနေ့မနက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နယ်ခြား စောင့်တပ်ဖွဲ့ဝင်တစ်ချို့ ကမ်းဖန့်ဘက်ကိုတက်သွားတဲ့အကြောင်း ဒေသခံတစ်ဦး အခုလိုပြောပါတယ်။
“မနေ့ကတော့တိုက်ပွဲဖြစ်တာညပိုင်းမှာတဲ့။ စခန်းကို ကေအိုင်အေဘက်ကသိမ်းသွားပြီလို့လည်းပြောတယ်။ ဒီမနက်ကတော့ ဖီမော်မြို့ပေါ်ကဗမာစစ်သားတွေနဲ့နယ်ခြားစောင့်အဖွဲ့တွေက ကန့်ဖာဘက်ကို ရုတ်ရုတ် သဲသဲနဲ့ထွက်သွားကြတယ် ကျောက်ဖြူတင်တဲ့ကားတစ်စီးနဲ့။ ဘာဖြစ်တာလဲတော့မသိဘူး ကျနော်ကတော့ တရုတ်ဘက်ကိုပြေးတာလို့ထင်တယ်”လို့ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကတော့ လက်ရှိဖီမော်မှာတိုက်ပွဲဖြစ်နေတဲ့အခြေနေနဲ့ပတ်သက်လို့ တရားဝင်တော့မသိရ သေးဘူးလို့ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်နေတဲ့ အမှတ် ၁၀၀၁ တပ်စခန်းဟာ ဖီမော်မြို့ပေါ်နဲ့ ဆိုင်ကယ်နဲ့ ၁နာရီကျော်လောက်သွားလောက်ရတဲ့အကွာအဝေးမှာရှိပြီး ဖီမော်မြို့ပေါ် ဒေသခံတွေကလည်း ကမ့်ဖန့်ဘက်ကိုတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
တိုက်ပွဲမဖြစ်ခင်ရက်ပိုင်း တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းကားတွေဟာလည်း ပုံမှန် အသွားအလာတွေလုပ်နေတဲ့ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။
“အခုတော့ဖီမော်ဘက်ကသူတွေက ကန့်ဖာကိုပြေးနေကြတယ်။ပြီးရင်ဟိုရက်ပိုင်းကလည်း တိုက်ပွဲဖြစ်မှာ ကို တရုတ်တွေသိတယ်ထင်တယ်။ ကျောက်ဖြူကားတွေကခါတိုင်းနဲ့မတူဘူး တစ်ခါသွား ၅ စီးလောက် ဖီမော်ကိုသွားနေကြတာ”လို့ပြောပါတယ်။
ဒေသခံတစ်ချို့ သုံးသပ်ချက်အရ အမှတ် ၁၀၀၁ တပ်စခန်းကို KIA သိမ်းပိုက်လိုက်နိုင်ပြီပြောဆိုနေကြပေမယ့် KNG အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။
လက်တလော ကချင်ပြည်နယ်ထဲမှာရှိတဲ့ တရုတ်–မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေအားလုံးကို တရုတ်ဘက်ကပိတ်ထားပြီး ဖီမော်မြို့နယ်စပ်ဂိတ်တစ်ခုတည်းသာ တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းကားတွေ သွားလာခွင့်ရှိနေတာလို့ ဒေသခံတွေကပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ဆုံးအပတ်ကစတင်လို့ ကချင် အထူးဒေသ ၁ နယ်မြေတွေထဲက စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တပ်စခန်းတွေကို စစ်ဆင်ရေးဆောင်ရွက်နေတာဖြစ်ပြီး ကချင်အထူးဒေသ ၁ နယ်မြေ ဆဒုံး၊ ချီဖွေ၊ ပန်ဝါ၊ ဆော့လော် မြို့တွေ ကိုသိမ်းပိုက်ထားပြီးဖြစ်ပါတယ်။
By – အမိုး