သတင်း

ကန်ပိုင်တည်မြို့ထဲ KIA ဝင်လာတော့မယ်လို့သတင်းထွက်နေတာကြောင့် စစ်တပ်က လက်နက်ကြီး၊လက်နက်ငယ်နဲ့ အဆက်မပြတ်ပစ်နေ

မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်မြို့ဖြစ်တဲ့ ကန်ပိုင်တည်မြို့ထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဝင်လာတော့မယ်လို့ သတင်းထွက်နေကြောင့် ဒီမနက်ပိုင်းကစပြီး  စစ်တပ်ဘက်က လက်နက်ကြီး၊လက်နက်ငယ်နဲ့ အဆက်မပြတ်ပစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့ မနက် ၁၀ နာရီဝန်းကျငစပြီး စစ်ကောင်စီတပ်တွေဟာ မြို့ထဲ စစ်တပ်ကုန်းနဲ့ ရဲစခန်းကနေ KIA တပ်ဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းဘက်ကို ရမ်းသမ်းပစ်ခတ်နေတယ်လို့ ကန်ပိုင်တည်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

လောလောဆယ်က နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားနေပြီလို့ ပြောလို့မရသေးဘူး။ အခုပစ်နေတာက တစ်ဖက်ထဲပစ်တဲ့ အသံပဲ ကြားနေရတာဆိုတော့လေ။ ကန်ပိုင်တည်မှာရှိတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက ဒီကနေ့မနက်ပိုင်း ၁၀ လောက်ကနေ တစ်ဖက်တပ် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်နေကြတာ အခုချိန်အထိပါပဲ။ ဟိုးဘက်ကနေ တက်လာမှာကို စိုးရိမ်းပြီး ရမ်းသမ်းပစ်နေတာ။ ပြည်သူတွေကလည်းကြောက်လို့ အကုန်ထွက်ပြေးသွားကြပြီ။ မြို့ထဲမှာ ဘယ်သူမှမရှိတော့ဘူးလို့ပြောပါတယ်။

နေ့လည် ၁၂ နာရီဝန်းကျင်အထိ ကန်ပိုင်တည်မြို့အဝင်အနီး ဘာဒေါန့် မရောက်မှီ လယ်ကွင်းအနီးတဝိုက်နဲ့ မြို့ပြင် တောင်ကုန်းနေရာဘက်ကို မရပ်မနားပစ်နေတယ်လို့ ပြောပါတယ်။

စစ်တပ်ဘက်က ခုလို မြို့တွင်း လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်လာတာဟာ ကန်ပိုင်တည်မြို့ မရောက်မှီ ဝေမောကျေးရွာမှာ  KIA ဘက်က  နိုင်ဝင်ဘာလ ၁၉ ရက်နေ့စပြီး စစ်အင်အားထပ်မံဖြည့်တင်းနေတယ်ဆိုတဲ့သတင်းအပြင် တစ်ဖက်မှာ မြို့ထဲကိုလည်း ဝင်လာတော့မယ်ဆိုတဲ့သတင်းတွေကြောင့် ဖြစ်တယ်လို့ ကန်ပိုင်တည်ဒေသခံတွေပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပစ်ခတ်မှုမစခင် နိုဝင်ဘာလ ၁၉ ရက်ည ကန်ပိုင်တည်ဒေသခံပြည်သူတွေကို  KIA တပ် မြို့ထဲဝင်ဖို့ ပြင်နေတာကြောင့် လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်မယ်ဆိုတဲ့အကြောင်း ကြိုတင်ပြောဆိုထားတာရှိတဲ့အတွက် ဒေသခံအများပိုင်း လုံခြုံရေးအတွက်စိုးရိမ်ပြီး ညတွင်းချင်း ထပ်မံတိမ်းရှောင်ထားကြတာတွေလည်းရှိတယ်လို့ သိရပါတယ်။

ဒီနေ့ နေ့လည်  နာရီဝန်းကျင်အထိ  KIA ဘက်ကနေ ပြန်လည်ပစ်ခတ်တာတွေမရှိသေးပေမယ့် နှစ်ဖက်စစ်ရေးတင်းမာတဲ့ အခြေအနေဖြစ်နေတဲ့အတွက် တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ ကန်ပိုင်တည်ဒေသခံ အမျိုးသားတစ်ဦး ဆက်ပြောပါတယ်။

အခုချိန်မှာက နှစ်ဖက်စစ်တပ် တင်းမာနေတဲ့ အခြေအနေမှာတော့ ရှိနေတယ်လို့ ပြောလို့ရတယ်။ ပြောရရင် တစ်ယောက်နဲ့ တစ်ယောက်ခြိမ်းခြောက်နေကြတာပေါ့။ ဘာလို့လဲဆိုတော့ ကန်ပိုင်တည်မှာလည်း စစ်သားတွေက အများကြီး။ ပြီးရင် KIA တွေကလည်း ကန်ပိုင်တည်အနီးအနားမှာ ပြီးခဲ့တဲ့ စင်ကြိုင် နယ်ခြားစောင့်တပ်သိမ်းပြီးကတည်းက ဝေမေားရွာတွေမှာ နေရာယူထားကြတယ်ဆိုတော့ တိုက်ပွဲက ဖြစ်လာဖို့ဘဲရှိတယ်လို့ မြင်ပါတယ်လို့ပြောပါတယ်။

စစ်ကောင်စီဘက်ကနေ KIA ပူးပေါင်းတပ်တိုက်ခိုက်လာမှာကို စိုးရိမ်ပြီး လက်နက်ကြီး လက်နက်ငယ် ရမ်းသမ်းပစ်ခတ်နေတဲ့အတွက် တရုတ်ဘက်ကနေ ပြန်လည်ဖွင့်ထားပေးတဲ့ နယ်စပ်ဂိတ်ဝကို ပြန်လည်ပိတ်သွားမှာကို  စိုရိမ်နေကြပါတယ်။

ကန်ပိုင်တည်မြို့တွင်း ပစ်ခတ်မှုဟာ စစ်ကောင်စီတပ်ဘက်က တစ်ဖက်သပ်ပစ်ခတ်မှုသာဖြစ်တယ်လို့ ဒေသခံတစ်ချို့ပြောဆိုနေကြပေမယ့် ပစ်ခတ်မှုအသေးစိတ်ကို KNG က စုံစမ်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တရုတ်နယ်စပ်နဲ့ထိစပ်နေတဲ့ ပန်ဝါမြို့ကို စက်တင်ဘာလအတွင်း KIA သိမ်းပိုက်လိုက်ပြီးနောက် နယ်စပ်ဂိတ်အားလုံးကို တရုတ်အစိုးရက ပိတ်လိုက်တာဖြစ်ပါတယ်။

ကန်ပိုင်တည်နယ်စပ်ဂိတ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ တရုတ်အစိုးရက ပြန်လည်ဖွင့်ပေးထားပြီး စက်သုံးဆီကလွဲပြီး  စားသောက်ကုန်ပစ္စည်းတင်တဲ့ ကုန်ကားတစ်ချို့ကိုလည်း ကချင်ပြည်နယ်ထဲကို ပြန်လည်ဝင်ခွင့်ပြုနေတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button