သတင်း

တိုက်ပွဲပြင်းထန်‌နေတဲ့ ဗန်းမော်မြို့တွင်း အဆောက် အအုံတစ်ချို့ မီးလောင်နေ

ကချင်ပြည်နယ် ဗန်းမော်မြို့တွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းနဲ့အပြင်းထန် ပစ်ခတ်တိုက်ခိုက်‌နေသလို မြို့ တွင်း အဆောက်အအုံ တစ်ချို့မီးလောင်နေတယ်လို့  သိရပါတယ်။

KIA ပူးပေါင်းတပ်ဘက်က မြို့တွင်း ရဲစခန်း၊ထွေအုပ်ရုံးနဲ့ ဗန်းမော်နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒီဇင်ဘာလ ၈ ရက်နေ့ကတည်းက ရှင်းလင်းလိုက်ပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။

လက်ရှိ ဗန်းမော်မြို့တွင်းတပ် စကခ ၂၁ နဲ့ ဗန်းမော်မြို့ပြင်တပ် ခလရ ၄၇၊ မံစီမြို့‌စောင့်တပ်ဖြစ်တဲ့ ခမရ ၆၀၁၊၃၁၉ နေရာတွေမှာ တိုက်ပွဲပြင်းထန်နေသလို မြို့တွင်း လက်နက်ကြီး ကျပေါက်ကွဲတာကြောင့် ကမ္ဘေဇဘဏ်အနီး အဆောက်အအုံတစ်ချို့မီးလောင်နေတယ်လို့ သိရပေမယ့် အသေးစိတ် စုံစမ်းနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဘက်က တိုက်ပွဲစတင်ချိန်ကစလို့ ညတိုင်းလေကြောင်းအသုံးပြုတိုက်ခိုက်နေသလို ဒီဇင်ဘာလ ၁၀ ရက်ညမှာလည်း လေကြောင်းအကူနဲ့ ပြင်းပြင်းထန်ထန်ပစ်ခတ်တိုက်ခိုက်ပြီး ခုခံနေတယ်လို့ သိရပါတယ်။

လေယာဉ်က ညညဆိုတက်ပြီ နေ့လည်နေ့ခင်း သိပ်မလာဘူး။ ဒီညတော့ ဘယ်မှာကြဲနေလဲဆိုတာ နေရာတိတိကျကျ မသိရသေးဘူး။ ဒါပေမယ့် ၄ ခါလောက်တော့ ချသွားပြီ။ မနေ့ညတော့ ၂ မိုင်ဂေါက်ကွင်းဘက်တွေ ကြဲတယ်လို့ သိရတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦး ကပြောပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှု၊ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုတွေကြောင့် နေအိမ်ထိခိုက်ပျက်စီးတာတွေရှိသလို အရပ်သား ထိခိုက်သေဆုံးမှုလည်း များတယ်လို့ ဆိုပါတယ်။

ကျနော်တို့ မနေ့ကထွက်လာတာ တိုက်ပွဲဖြစ်တဲ့နောက် ၂ ရက်အကြာကနေ မြို့ထဲလက်နက် ကြီးတွေ နေရာကွက်ကြား ကျနေတာ အသေး စိတ်တော့ မသိရသေးဘူး။ ခန့်မှန်းခြေ ထိခိုက်သေဆုံးအားလုံးဆိုရင် ၆၀ ဝန်းကျင်လောက်ရှိပြီလို့ ပြောကြတယ်လို့ ဗန်းမော်က‌နေ မြစ်ကြီးနားဘက် စစ်ရှောင်လာတဲ့ ဒေသခံတစ်ဦး ပြောပါတယ်။

ဗန်းမော်ကနေ ထွက်ပြေးလာတဲ့ ဒေသခံတွေရဲ့ ခန့်မှန်းချက်အရ ထိခိုက်သေဆုံးတဲ့ အရပ်သား ၆၀ ခန့်ရှိတယ်လို့ ဆိုပေမယ့် ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်နေတဲ့အတွက် အသေးစိတ်သိရဖို့ ခက်နေပါတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့ကနေ စတင်လာတဲ့ ဗန်းမော်မြို့တိုက်ပွဲဟာ ဒီနေ့ဆို တစ်ပတ်တိတိရှိပြီး မြို့ခံတွေအားလုံးနီးပါးက ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။

ဗန်းမော်တိုက်ပွဲပြင်းထန်နေချိန်တစ်ဆက်တည်းမှာပဲ တရုတ်အစိုးရရဲ့ ဖိတ်ခေါ်မှုကြောင့် KIO ဥက္ကဌဦးဆောင်တဲ့အဖွဲ့ တရုတ်ပြည်ကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

ဗန်းမော်မြို့ဟာ KIA သိမ်းပိုက်ထားတဲ့ တရုတ်နယ်စပ် လွယ်ဂျယ်မြို့နဲ့ မိုင် ၄၀ ကျော်မှာရှိပြီး ရေကြောင်း၊ ကုန် ကြောင်းအချက်ချာကျသလို လူဦးရေ တစ်သိန်းကျော်နေထိုင်တဲ့ မြို့နယ်ဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button