သတင်း

အိန္ဒိယ-မြန်မာ ပန်ဆောင်နယ်စပ်ဂိတ်ပြန်ဖွင့်ပေမယ့် ကန့်သတ်ချက်ရှိနေ

နာဂလက်နက်ကိုင်ပဋိပက္ခကြောင့် ၇ နှစ်ကျော်ကြာ ပိတ်ထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ် ပန်ဆောင်နယ်စပ်ဂိတ် ပြန်ဖွင့်လိုက်ပြီလို့ တမူးဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း နာဂဒေနဲ့ အာရန်နာချယ် (Arunachal Pradesh) ကြားက ပန်ဆောင်နယ်စပ်ဂိတ်ကို နာဂလက်နက်ကိုင်တပ်ဖွဲ့နှင့် ပန်ဆောင်နယ်စပ်ဂိတ်အနီးရှိ အိန္ဒိယစစ်တပ်တို့ကြား တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ အိန္ဒိယဘက်က ပိတ်လိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၂၄ ခုနှစ်  ဒီဇင်ဘာ ၁၅ ရက်နေ့  အိန္ဒိယ-မြန်မာ နယ်စပ်ဈေးပူးတွဲကော်မတီရဲ့ သဘောတူညီချက်နဲ့ ပြန်ဖွင့်လှစ်ပေးခဲ့တာဖြစ်တယ်လို့ တမူးဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

“ဖွင့်တော့ပြန်ဖွင့်ပြီ ဒါပေမယ့် အရင်လိုကြီးတော့မဟုတ်သေးဘူး။ အရင်က ဆိုင်ကယ်တွေနဲ့သွားလို့ရတယ် အခုကဆိုင်ကယ်တွေကိုနယ်စပ်စည်းအထိပဲ အိန္ဒိယထဲထိမရဘူးတဲ့”လို့ အသက် ၃၀ ကျော်အရွယ် အထက်ဖော်ပြပါ အမျိုးသားကပြောပါတယ်။

မြန်မာပြည်ဘက်ခြမ်း နယ်စပ်မြို့ဖြစ်တဲ့ ပန်ဆောင်မြို့ကနေ အိန္ဒိယဘက်ခြမ်း နယ်စပ်မြို့ဖြစ်တဲ့ နမ်ပေါင်မြို့အထိ မိုင် ၂၀ ခန့်ဝေးပြီး ကိုဗစ်မတိုင်မှီ နမ်ပေါင်မြို့အထိ ဆိုင်ကယ်နဲ့ကုန်ပစ္စည်းသွားဝယ်လို့ရပေမယ့် ဒီတစ်ကြိမ်ပြန်ဖွင့်ရာမှာတော့ ဆိုင်ကယ်နဲ့ခွင့်မပြုပဲ ခြေလျှင်နဲ့သွားဝယ်နေရတယ်လို့  သိရပါတယ်။

“ဆိုင်ကယ်ကိုတော့ပန်ဆောင်ငါးမိုင်ဂိတ်မှာထားထားရတယ် အရင်လိုပဲ သောကြာနေ့တစ်ရက်ပဲသွားလို့ရတယ် ကျန်တဲ့နေ့သွားလို့မရဘူး”လို့ နောက်ထပ် နန်းယွန်းဒေသခံအမျိုးသားတစ်ဦး ဆက်ပြောပါတယ်။

အိန္ဒိယအစိုးရဘက်ကနေ နယ်စပ်ဂိတ်ပေါက်ပြန်ဖွင့်ပေးပေမယ့် လတ်တလော ကုန်တွေ လိုသလောက်သယ်ယူလို့မရပဲ ကုန်ပစ္စည်းကန့်သတ်ခံထားရတာမျိုးလည်းရှိနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ပန်ဆောင်ဂိတ်ပိတ်ထားချိန် နာဂဒေသဖြစ်တဲ့ နန်းယွန်း၊ပန်ဆောင်မြို့နယ်တွေအတွက် ကချင်ပြည်နယ်၊ မြစ်ကြီးနား၊တနိုင်းဘက်ကနေ ကုန်စည်ကိုအဓိက တင်သွင်းကြပေမယ့် လမ်းပိုင်းအခက်ခဲနဲ့ဒေသတွင်း မတည်ငြိမ်မှုကြောင့် ကုန်စျေးနှုန်းမြင့်တက်မှုနဲ့ ကုန်စည်ပြတ်လပ်မှုတွေအထိ ကြုံတွေ့ကြတာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာပြည်ဘက် ဆေးဝါးနဲ့စားနပ်ရက္ခာဝယ်ယူလိုတဲ့ ပြည်သူတစ်ချို့ တရားမဝင်နယ်စပ်ဝင်လမ်းကြောင်းသုံးပြီး အိန္ဒိယဘက်ကိုဝင်ရောက်တာတွေကြောင့် ဖမ်းဆီးခံရတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ပန်ဆောင်မြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်မှာပါဝင်တဲ့ မြို့နယ်ခွဲ့အဆင့်မြို့ဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ မြို့နယ်ခွဲအဆင့် သတ်မှတ်ထားတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button