ပူတာအို ခလရ ၄၆ တပ်ထဲက စစ်သားနှစ်ဦးသေနတ်နဲ့အတူထွက်ပြေး၊ တစ်ဦးပစ်သတ်ခံရ
ပူတာအိုမြို့အခြေ စိုက် ခလရ ၄၆ တပ်ထဲက စစ်သားနှစ်ဦး သေနတ်နဲ့အတူ ထွက်သွားပြီးနောက် တစ်ဦး ပစ်သတ် ခံလိုက်ရတယ်လို့ သိရပါတယ်။
သူတို့နှစ်ဦးဟာ ပူတာအို လေဆိပ်လုံခြုံရေးအတွက် ကင်းစောင့်တာဝန်ကျစဥ် ထွက်ပြေးခဲ့တာဖြစ်ပြီး တစ်ဦးပစ်သတ်ခံရကာ ကျန်တစ်ဦးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့ ပူတာအိုမြို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက KNG ကိုပြောပါတယ်။
“ပြေးတာက ပြီးခဲ့တဲ့ စနေနေ့တုန်းက ထွက်ပြေးသွားတာ လေဆိပ်လုံခြုံရေးအတွက်တောစပ်မှာ ကင်းပုန်းချထားတဲ့ချိန် နှစ်ယောက်စလုံး သေနတ်တွေနဲ့ ထွက်ပြေးသွားတာ တစ်ယောက်က မနေ့က မိသွားလို့ပစ်သတ်ခံလိုက်ရတယ်။ တစ်ယောက်က မမိသေးဘူး”လို့ ပြောပါတယ်။
ထွက်ပြေးသွားတဲ့ စစ်သားနှစ်ဦးကို ကျန်စစ်ကောင်စီတပ်သားတွေက မြို့တွင်းမြို့ပြင်မှာ လူစုခွဲ ရှာဖွေရာကနေ တစ်ဦးကို ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွဲပိုင်းမှာ နာမ်ရှယ်ကျေးရွာ နဲ့ မလိခုံကျေးရွာအနီး တောစပ်တစ်နေရာမှာ တွေ့ရှိခဲ့တာဖြစ်ပြီးနေရာမှာပဲ ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။
“တစ်ယောက်ကိုပဲ တွေ့တယ်တဲ့ သေနတ်နဲ့ပါတော့ အဲ့မှာပဲ တစ်ခါတည်း ပစ်သတ်လိုက်တာ။ မလိခုံရွာ ရောက်ခါနီး သံဘောင်တံတား သေးသေးလေး ရှိတယ်။ အဲ့နားမှာ ပစ်သတ်လိုက်တာ အလောင်းလည်း အဲ့တံတားနားကတောထဲမှာပဲ မြှပ်ထားတယ်ပြောတယ်”လို့ လေယာဥ်ကွင်းရပ်ကွက်နေ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
ဒေသခံတွေ ပြောပြချက်အရ ထွက်ပြေးသွားတဲ့စစ်သားနှစ်ဦးဟာ နမ်ရှယ်၊ မလိခုံကျေးရွာတွေထဲက လမ်းသွားလမ်းလာ သူတွေဆီကနေ လက်နက်ပြ ငွေညစ်တာ၊ ပစ္စည်းလုယက်တာတွေ ပြုလုပ်ခဲ့တယ်လို့ အခြားဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“လေယာဥ်ကွင်းထဲက အရောင်း အဝယ်လုပ်တဲ့ရဝမ်ဦးလေးတစ်ယောက်ဆီကနေ ပိုက်ဆံတသိန်းတောင်းသွားတယ်တဲ့ ပြီးတော့ နမ်ရှယ် ၊ မလိခုံဘက်ကလူတွေလည်း မြို့ထဲသွားတဲ့လူတွေဆီကနေ ပိုက်ဆံလုတယ်၊ ဖုန်းအကောင်းစားတွေဆို လုတယ် သေနတ်နဲ့ဆိုတော့ ကြောက်နေရတာ”လို့ သူက ပြောပါတယ်။
လွတ်မြောက်နေဆဲဖြစ်တဲ့ ကျန်စစ်သားတစ်ဦးဖမ်းမိဖို့ ပြည်သူ့စစ် နဲ့ စစ်ကောင်စီစစ်သားတွေ ပူးပေါင်းပြီး မြို့အနီးဝန်းကျင် ကျေးရွာတွေမှာ လိုက်လံရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် ဗန်းမော်၊ ရွှေကူ၊ ဖားကန့်၊ မြစ်ကြီးနား၊ အင်ဂျန်းယန်နဲ့ အခြားမြို့နယ်တွေထဲမှာတော့ အခုလို စစ်ကောင်စီ စစ်သားတွေ ထွက်ပြေးသွားတာ၊ KIA-PDF တပ်တွေဆီ အလင်းဝင်တာမျိုးတွေ အများအပြားရှိခဲ့ပေမယ့် ပူတာအိုမြို့နယ်ထဲမှာတော့ အခုလိုထွက်ပြေးတာ ပထမဆုံး လို့ သိရပါတယ်။
By – Zaw Zaw