
“ဆရာရေ ကျနော်တို့ဘယ်လိုဖြေသိမ့်ရမှာလဲ” ဆိုတဲ့အသံနှင့်အတူ တဟင့်ဟင့် ရှိုက်သံ တငင့်ငင့် ငိုညည်းသံများ ကြားနေရ သည်။ အသက် ၃၀ ကျော်အရွယ် အမျိုးသားနှင့်အမျိုးသမီး ၆ ယောက်ခန့် ယူကြုံးမရ ငိုညည်းနေကြခြင်း ဖြစ်သည်။
“သားတို့ရေ ဖြေသိမ့်ကြနော်…သားတို့လည်း ပင်ပန်းလာပြီ ” ဟု ခါးကိုင်းကိုင်းနဲ့အဖွားအိုတစ်ဦးကလည်း နာရီပေါင်းများစွာ ယူကြုံးမရ ငိုညည်းထားကြသည့်သူတို့ကို ကျောလေးပွတ်သပ်ကာ နှစ်သိမ့်ပေးနေသည်။
ဤအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့၊ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက်က ဆရာကြီး နော်ဆန့် ၏ ဈာပန အခမ်းအနားတွင် ဖြစ်သည်။
“နိုင်ငံရေးသာပြန်ကောင်းသွားရင်တော့ ငါက ပညာရေးဝန်ကြီးလုပ်မှာနော် ကျနော်အမြဲသူ့ကိုပြောတယ် ဆရာမလုပ်ရင် ဘယ်သူလုပ်မှာလဲလို့ ပြောလေ့ရှိတယ်” ဟု နှမျှောတသဖြစ်သည့် စိတ်နှင့်အတူ သူ့၏ အရင်းနှီးဆုံးသူငယ်ချင်းကို ဆုံးရှုံးခဲ့ရသည့်အကြောင်း ကိုဂျိမ်းတစ်ယောက် ဝမ်းနည်းစွာ ရင်ဖွင့်လာသည်။
သူနှုတ်က ဆိုနေသော ဆရာဆိုသူမှာ ဇန်နဝါရီလ ၅ ရက်နေ့က ကွယ်လွန်သွားနှင့်ပြီဖြစ်ပြီး ဒီဆုံးရှုံးမှုအတွက် ကိုဂျိမ်းအပါအဝင် ဆရာကြီးနော်ဆန့် ကို ချစ်ခင်ကြသူအဖို့ ဘယ်လိုမှ မဖြည်ဆည်နိုင်သေးပါ။
လူအများ က လေးစားသမှု နဲ့ ဆရာကြီး ဦးနော်ဆန်း ဟုခေါ်ဆိုကြပြီး သူ့အကြောင်းသိသူ တစ်ချို့ကမူ “ဥယျာဥ်မှူး” ဟု တင်စား သမှုတ်ကြ ပြန်သည်။
ဥယျာဥ်မှူးဆိုသည်မှာ သစ်ပင်ပန်းမန်များကို ပြုစုပျိုးထောင်ရသောအလုပ်ဖြစ်ပြီး ဆရာကြီး နော်ဆန့် မှာ ကလေးများ၏ အနာဂါတ်လှပဖို့ ပြုစုပျိုးထောင်ပေးခဲ့သူ တစ်ဦးဖြစ်သည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အဖ ဆရာဦး ခန်းဒါ့ ဒွတ်လာ၊ အမိဆရာမ ဒေါ်ခေါန်ရှောင် တို့မှ ၁၉၉၂ ခုနှစ် မေလ ၈ ရက်နေ့တွင် ဆရာကြီး နော်ဆန့် ကိုမွေးဖွားခဲ့သည်။ မွေးချင်းခြောက်ယောက်ရှိသည့်အထဲ အငယ်ဆုံးသားဖြစ်ပြီး နာမည်အရင်းမှာ ဆရာကြီး ဦးခန်းဒါ့ နော်ဆန့် ဖြစ်သည်။

ငယ်စဥ်ဘဝတစ်လျှောက်လုံး ကျောက်စိမ်းသိုက်၊ ဇာတိမြေ ဖားကန့်မှာ မူလတန်းကနေ အထက်တန်းအထိပညာသင်ယူခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။
မိဘနှစ်ပါးစလုံးလည်း ပညာရေးဝန်ထမ်းများဖြစ်သလို မိသားစုအမွေကို လက်ဆင့်ကမ်းရင်း မြစ်ကြီးနားမြို့ ပညာရေး ကောလိပ်အပတ်စဥ် ၁၄ တွင် တက်ရောက်ခဲ့သည်။
၂၀၁၂ ခုနှစ်တွင် ဝေးလံခေါင်ဖျားသော ကချင်မြောက်ဖျားစွန်းဒေသ ပူတာအိုခရိုင်၊ မန်စေခွန်ရွာတွင် ကျောင်းဆရာဘဝဖြင့် ခရီးလမ်းအစ ပြုခဲ့သည်။၂၀၁၄ ခုနှစ်တွင် အသက် ၂၂ နှစ်သာရှိသေးချိန် ကျောင်းအုပ်ကြီးအဖြစ် ပူတာအိုခရိုင် စတီလော် ၃ ကျေးရွာ မူလတန်းကျောင်းတွင် တာဝန်ဆက်လက်ထမ်းဆောင်ခဲ့သည်။
အဆိုပါ အချိန်ကာလများတွင် ပူတာအိုမြို့ကိုသွားရန် လမ်းပန်းဆက်သွယ်ရေး လွန်စွာခက်ခဲပြီး နွေရာသီတစ်ချိန်သာ ကားဖြင့် သွားလာနိုင်သည်။
ဆရာကြီးနော်ဆန့် တာဝန်ကျခဲ့ရာ မန်စေခွန်ရွာနှင့် စတီလော်ရွာ အကြောင်းကို ကိုဂျိမ်းအခုလိုပြောပြသည်။
“စတီလော်ဆိုတာ တကယ်ကိုဘာမှမရှိတဲ့ရွာပါ ကျောင်းဆရာကနေ ကောင်းအုပ်ဆိုပြီးရာထူးတွေတိုးခဲ့တယ်။ ဘယ်လောက် ထိခက်ခဲပြီး ခေါင်တဲ့ဒေသလည်းဆိုတော့ သူတို့ရဲ့ရွာကို စစ်ဆေးရေးဝင်တဲ့အခါမှာ စားပွဲခင်းစရာမရှိလို့ သူ့ရဲ့ပုဆိုးအသစ်ကို ခင်းပြီး လူကြီးတွေကိုဧည့်ခံခဲ့ရတယ်တဲ့။ ဘာမှမရှိတဲ့အဲ့ဒီရွာလေးမှာလည်း ပွဲတော်တွေကျင်းပပေးခဲ့တယ်။” ဟု ပြောရင်း ကိုဂျိမ်းဆီက တဟင့်ဟင့်ရှိုက်သံနှင့်အတူ ငိုသံများတစ်ချက်တစ်ချက်ကြားရသည်။

အဲ့ဒီလိုနဲ့ မန်စေခွန်ကျေးရွာက မူလတန်းကျောင်းကို မူလွန်ကျောင်းအထိ တစ်ဆင့်မြှင့်စေရန် ဆရာကြီးနော်ဆန်း လုပ်ဆောင်ခဲ့ပြီး သူ့၏ထူးချွန်မှုကြောင့် ၂၀၁၆ ခုနှစ်တွင် ကျောက်စိမ်းသိုက်ရှိရာ ဇာတိမြေ ဖားကန့်မြို့နယ် မူလွန် ဆွတ်ငိုင်ယန်တွင် ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့သည်။
ဇာတိမြေဖားကန့်တွင် ပညာရေးဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ရင်း တစ်ဖက်မှာ ဖားကန့်မြို့နယ်၏ ကင်းထောက်တာဝန်ခံ အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
မြန်မာပြည်တစ်ဝှမ်း ကိုဗစ် ၁၉ ကူးစက်ရောဂါပျံ့နှံ့လာချိန်တွင် ကင်းထောက်တာဝန်ခံအဖြစ် လူငယ်တွေကို ဦးဆောင်ပြီး ကိုဗစ်ရောဂါကူးစက်ခံရသူများကို ကူညီခဲ့သည်ဟု သိရသည်။
၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းကာလတွင် ဆရာကြီးနော်ဆန့် ၏ ပညာရေး ဝန်ထမ်းဘဝ တစ်ခန်းရပ်ခဲ့ လေသည်။
ဤသည်မှာ တစ်ခြားမဟုတ် ဆရာကြီးနော်ဆန့် ကိုယ်တိုင် “ရုံးမတက်နဲ့ရုန်းထွက်” ဆိုသည့်ကြွေးကြော်သံနှင့်အတူ မြန်မာစစ်တပ် အာဏာသိမ်းချိန်မှာလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ခဲ့ပြန်သည်။
စစ်တပ် အာဏာသိမ်းမှုကြောင့် ကျောင်းအုပ်ကြီးဘဝကို စွန့်လွှတ်ခဲ့ပေမဲ့ ပန်းကလေးတွေကို ပြုစုပျိုးထောင်ချင်တဲ့ ဥယျာဥ်မှူး ဟာ အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာပါဝင်ရင်း ဥယျာဥ်မှူးကောင်း တစ်ယောက်လိုအပ်နေတဲ့ ပန်းခြံဟောင်းကိုတကျော့ ပြန်ခဲ့သည်။
ပညာရေးရော အဘက်ဘက်မှာ ဖွံ့ဖြိုးမှုနောက်ကျနေသည့် ပူတာအိုမြို့ဆီကို တိမ်းရှောင်းရင်း ၂၀၂၁ ဇွန်လတွင် ငွေကြေး ခက်ခဲတဲ့ ပူတာအိုမြို့နယ်အတွင်းက ကလေးမျာအတွက် ပန်းဥယျာဥ်အမည်ရသည့် Flower Garden Foundation ကိုတည်ထောင်ခဲ့သည်။
“ပန်းဥယျာဥ်ဆိုတာ တစ်ချိန်ကလူမှုကူညီရေးအသင်းတစ်ခုပါ ဒါပေမဲ့ဆရာပါဝင်ပြီးတဲ့နောက်မှာ သူက လူနာကယ်တင်တာ ပြေးတာလွှားတာနေရာကိုကျနော်မလုပ်နိုင်ဘူး ကျနော်လုပ်နိုင်တာကတော့ပညာသင်ပေးတာပဲ” ဟု ဆိုကာ ပန်းဥယျာဥ် ပညာရေးစင်တာလည်း တစ်ဖြစ် ပူတာအိုမြို့ရဲ့တစ်ခုတည်းသော ခရိုင်အဆင့်လူမှုကူညီရေးရုံးတစ်ဖုန် လူသူမသိတဲ့ ရုံးသေးသေးလေးကိုသူအဆင့်မြှင့်ပေးနိုင်ခဲ့သည်။

ခက်ခဲနွမ်းပါးသော ကလေးများကို အဓိကရည်ရွယ်တဲ့ ပန်းဥယျာဥ်ပညာရေးစင်တာဟာလည်း အခကြေးငွေကောက်ယူခြင်းမရှိပဲ သင်ကြားပေးခဲ့သည်။ အာဏာသိမ်းမှု နောက်ဆက်တွဲ ကုန်ဈေးနှုန်းမြှင့်တက်မှုတွေကြုံလာချိန်မှာလည်း သင်တန်းကြေးကောက် ခြင်းမရှိ စာရွက်စာတမ်းဖိုးကိုသာကောက်ယူပြီး အိတ်စိုက်ဆောင်ရွက်ခဲ့သည်။
ပူတာအိုတစ်ခရိုင်လုံးရှိ အသင်းတော်အခြေပြုကျောင်းများတွင်လည်း ကချင်စာပေနဲ့သင်တန်းများစာပို့ချခဲ့ပြီး လိုအပ်သော သင်ထောက်ကူပစ္စည်းများ၊ ကျောင်းအဆောက်အဦးများ ဆောက်လုပ်ပေးနိုင်ခဲ့သည်။
ထို့အပြင် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးသော ပူတာအိုဒေသက လူငယ်များသည်လည်း ဆရာကြီးနော်ဆန့် အားဖြင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိခဲ့သည်။
ဥယျာဥ်မှူးသည် ပန်းကလေးများကို ပြုစုပျိုးထောင်ဖို့တင်မကပဲ တစ်ခြားသော လူမှုအကျိုးပြုလုပ်ငန်းများစွာပြုလုပ်ခဲ့ရင်း ပူတာအိုခရိုင်တစ်ခုလုံးတွင် ကျော်ကြားလာသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လတွင် ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်း တပ်တွေအကြားတိုက်ပွဲဖြစ်ပွားချိန်တွင် မြစ်ကြီးနား–ပူတာအိုလမ်းပိုင်းကို နှစ်ဖက်တပ်တွေက လနဲ့ချီပိတ်ထားခဲ့တာကြောင့် စက်သုံးဆီနှင့်အခြေခံစားသောက်ကုန်ပစ္စည်းများပြတ်လပ်ခဲ့ရသည်။
ဓာတ်ဆီ ၁လီတာကို ၈သောင်း–၁သိန်းခွဲ ပေးရသည်အထိဈေးနှုန်းများတဟုန်ထိုးမြှင့်တက်ခဲ့ချိန်ဖြစ်သည်။
အာဏာသိမ်းကာလအတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်ထားသူအများစု ပေါ်ပေါ်ထင်ထင်မနေကြသည်မှာ ပုံမှန်ဖြစ်ပေမဲ့ ဆရာကြီးနော်ဆန်းသည် မြစ်ကြီးနား–ပူတာအိုလမ်းပိုင်းပြန်ဖွင့်ဖို့ရန်အတွက် လမ်းပိုင်းတာဝန်ရှိသည့်အာဏာ သိမ်းအစိုးရနှင့်ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။
“ဆရာက CDM လုပ်ထားပေမဲ့လို့ တစ်မြို့လုံးတစ်ရွာလုံးကဝိုင်းချစ်ကြတယ်။ ပူတာအိုမှာရှိတဲ့အစိုးရဝန်ထမ်းတိုင်းနီးပါးက သူ့ကိုချစ်ကြတယ်။လက်ရှိ ပူတာအိုမှာ ဆီတွေဝယ်လိုရနေတယ်၊ ဆန်တွေဝယ်လို့ရနေတယ်ဆိုတာက ဆရာနော်ဆန်းရဲ့ ကျေးဇူးလုံးဝမကင်းဘူး ဆိုတာ ရဲရဲကြီးအာမခံပြောရဲတယ်” လို့ နာရီပေါင်းများစွာ ငိုထားဟန်တူသည့် ကိုဂျိမ်းတစ်ယောက် နှာသံပါပါဖြင့် ဂုဏ်ယူစွာပြောပြပါသည်။

ပူတာအိုမြို့တွင် ပြီးခဲ့သည့်မေလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမှုဖြစ်စဥ်အကြောင်း စာဖတ်သူများမှတ်မိ ကြ လိမ့်မည်ဟုထင်သည်။ အသက်၁၅ နှစ်အရွယ် ရဝမ်မိန်းကလေးငယ် မဂွမ်ရိန်ဒူနော်မုဒိန်းကျင့်သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဥ်မှာ နိုင်ငံတစ်ဝှမ်းဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ရသည်။
ဒီဖြစ်စဥ်အတွက် တရားမျှတမှုရရှိရေး၊တရားခံအမြန်ဆုံးပေါ်ပေါက်ရေးအတွက် ဆန္ဒထုတ်ဖော်မှုမှာရော အခုလိုမတရားမှုမျိုး ဆက်မဖြစ်ဖို့ရန်အတွက်လှုံ့ဆော်မှုတွေမှာလည်း CDM ဆရာကြီးဦးနော်ဆန်းကစည်းရုံးပါဝင်ခဲ့သည်။
တစ်ဖက်တွင် ဒေသခံပြည်သူတွေသွားလာရေးအဆင်ပြေရေးကြိုးပမ်းမှုတစ်ခုအဖြစ်၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ပူတာအို မြို့နယ် မလိခွမ် ကျေးရွာနှင့် မချမ်းဘောမြို့နယ် နမ်ဘူယာန်ကျေးရွာတို့ကို ဆက်သွယ်ထားသော မလိခမြစ်ကူးတံတား တည်ဆောက်ရေးမှာလည်း ဆရာကြီးနော်ဆန်းက ဦးဆောင်ခဲ့သည်။
ပညာရေးနဲ့လူမှုအကျိုးပြုလုပ်ငန်းများကိုလုပ်ဆောင်ရင်း သဘာဝကိုမြတ်နိုးတန်ဖိုးထားသည့်သူသည် ပူတာအိုမြို့ရဲ့ပတ်ဝန်း ကျင်လှပရေးအတွက်လည်း အလုပ်များခဲ့သည်။
“ဆရာ့ရဲ့ဘဝကအရမ်းကိုလှပခဲ့တယ်။ အရမ်းအဓိပ္ပာယ်ရှိခဲ့တယ်။ သူလုပ်ချင်တာတွေအားလုံးကိုလုပ်ခွင့်ရခဲ့တယ်။ ပြီးအောင်လည်းလုပ်သွားတယ်။ သူ့မှာအကြွေးတစ်ခုမှမရှိဘူး ငွေကြွေးမရှိဘူး။ အလုပ်တစ်ခုရှိရင် ပြီးအောင်လုပ်တယ်။” လို့ဆရာကြီးနော်ဆန်းလုပ်ဆောင်ခဲ့သည့်လူထုအကျိုးပြုလုပ်ငန်းများအကြောင်း ကိုဂျိမ်းတစ်ယောက်ပြောပြသည်မှာ တစ်နာရီပြည့်ဖို့ ၂ မိနစ်သာ လိုသည်။

အရွယ်ငယ်ပေမဲ့ “ဆရာကြီးနော်ဆန်း” လို့ လေးစာသမှုနဲ့တစ်မျိုး “ဥယျာဥ်မှူး” လို့တစ်ဖုန် တင်စားခံရသူ သူသည် ကွယ်လွန် ချိန်မှာ အသက် ၃၃ နှစ်သာရှိသေးသည်။
ယခုနှစ်ပူတာအိုသည် မြန်မာပြည်တစ်ဝှမ်းနည်းသူ ယခင်နှစ်များထက်အအေးပိုသည်ဟုကိုဂျိမ်းကပြောပြသည်။ယေရှုမွေးဖွား တဲ့ ခရစ္စမတ်မတိုင်ခင် ကိုဂျိမ်းရော ဆရာကြီးနော်ဆန်းပါ နှစ်ဦးစလုံး ယခုနှစ်အအေးဒဏ်ကိုအံတုရင်း နာမကျန်းဖြစ်ကြသည်။
တစ်ပတ်အကြာမှာ ကိုဂျိမ်းသက်သာသွားပေမဲ့ ဆရာကြီးနော်ဆန်းကတော့ နှစ်ပတ်ကြာသည်အထိမသက်သာသေးပဲ ကျန်းမာရေးက ပိုပိုဆိုးလာသည်။
“သာမန်ရာသီတုပ်ကွေးအဖျားလို့ပဲကျနော်တို့တွေထင်ခဲ့တာ ဆရာလည်းနီးစပ်ရာဆေးခန်းပြလိုက်နဲ့နေလာတာ နှစ်ပတ် ကျော်သွားတယ်။ အဲ့မှာဆရာက ဆန်ပြုတ်ပဲစားနေရတော့ အားလည်းမရှိတော့ဘူး အိပ်ယာထဲဗုံးဗုံးလဲသွားတယ်”အဲ့ဒီလိုနဲ့ ဆရာကြီးနော်ဆန်းကို ပူတာအိုမြို့ရဲ့တစ်ခုတည်းသော ပြည်သူ့ဆေးရုံကြီးကိုပို့သခဲ့ရကြောင်း ကိုဂျိမ်းက ပြောပြသည်။

ဇန်နဝါရီလ ၄ ရက်နေ့မှာတော့ ဆရာကြီးနော်ဆန်းကျန်းမာရေးအခြေနေပိုမိုဆိုးရွားလာတာကြောင့် ပူတာအိုမှ ရန်ကုန်မြို့ သို့ ပို့ဆောင်ကုသဖို့ ကိုဂျိမ်းအပါအဝင် ဆရာနော်ဆန်းကိုချစ်ခင်သူများကကြိုးစားခဲ့ကြသည်။
သွေးဖြူဥများသည့် ဆရာကြီးနော်ဆန်း၏ဝေဒနာသည် သွေးကင်ဆာ လက္ခဏာဖြစ်ပြီး ဒါကိုသိလိုက်ရချိန်မှာပဲ အချိန်က အလွန်ကိုနောက်ကျခဲ့ပြီဖြစ်သည်။
အဲ့ဒီလိုနဲ့မိနစ်အပိုင်းအခြားမှာပဲ အနာဂါတ်ပန်းကလေးများရဲ့ ဥယျာဥ်မှူး ဆရာကြီးနော်ဆန်း ပန်းကလေးများကိုနှုတ်မဆက်ဘဲ ထွက်ခွာသွားခဲ့သည်။
ပန်းကလေးများဟာလည်း ဥယျာဥ်မှူးကောင်းတစ်ယောက်ကို ဆုံးရှုံးရလို့ ယူကြုံးမရဝမ်းနည်းနေကြရပြီး တစ်ဖက်မှာလည်း ဥယျာဥ်မှူးကောင်းတစ်ယောက်အတွက်ဂုဏ်ယူနေကြသည်။
ကျောက်စိမ်းသိုက်ရှိရာ ဖားကန့်မြို့မှာ မွေးဖွားခဲ့သည့် ပန်းကလေးများအတွက် ဥယျာဥ်မှူး၊ လူ့ပတ်ဝန်းကျင်အတွက်ဆို ပရဟိတနှလုံးသားပိုင်ရှင်၊ မိဘနဲ့မွေးချင်းတွေအတွက်မူ အဖိုးဖြတ်မရသည့် အငယ်ဆုံးသား၊ မိတ်ဆွေတွေအတွက်အမြဲ အသင့်ရှိသူ ဆရာကြီးနော်ဆန်းကို မြန်မာပြည်ရဲ့မြောက်ဖျားစွန်းပိုင်း ပူတာအိုမြို့လေးက ဒေသခံတွေနဲ့အတူ သူ့ကိုချစ်ခင်သည့် မြန်မာပြည်တစ်ဝှမ်းက လူအများကလွမ်းဆွတ်ရင်း ဂုဏ်ယူနေကြသည်မှာအမှန်ပင်ဖြစ်သည်။
By – အမိုး