သတင်း

တန်ဖရဲမှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်ခိုင်ဘွမ့်ဘက် ပြန်ထွက်ခွာ

မြစ်ကြီးနားမြို့နယ်၊ တန်ဖရဲကျေးရွာမှာ စစ်အင်အားတိုးချဲ့ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အင်ခိုင်ဘွမ့် တောင်တက်လမ်းဘက်ကို စစ်ကြောင်းပြန်လည် ထွက်ခွာသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့ စစ်အင်အား ၁၀၀ ကျော်ခန့် ပါရှိတဲ့ စစ်ကား ၃ စီး တန်ဖရဲကျေးရွာ စစ်တပ်စခန်းမှာ စစ်အင်အားတိုးချဲ့ထားတဲ့ စစ်ကြောင်းအဖွဲ့တွေ ဖေဖေဝါရီလ ၃ ရက်နေ့ တန်ဖရဲကျေးရွာ အထက်ပိုင်း အင်ခိုင်ဘွမ့် တောင်ပတ်လမ်းဘက်ကို စစ်ကြောင်းပြန်လည်ထွက်ခွာသွားတယ်လို့ တန်ဖရဲဒေသခံ တစ်ဦး KNG ကိုပြောပါတယ်။

တန်ဖရဲမှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကြောင်းတွေ အင်ခိုင်ဘွမ့်တောင်တက်လမ်းဘက်ကို တက်သွားကြပြီ။ စစ်သားတွေ တက်သွားကြတော့ မနေ့ ည ၁၁ နာရီခွဲ လောက်မှာ (ပလန)ကလား၊ မြစ်ကြီးနားကလား သေချာတော့မသိဘူး။ လက်နက်ကြီး ပစ်ခတ်ပေးတော့ တော်တော်စိုးရိမ်လိုက်ရတယ်။ ပြီးရင် အခုမြစ်ကြီးနားလမ်း လမုန်းဇွပ်မှာလည်း သွားလာတဲ့ သူတွေကို အရမ်းစစ်နေတယ်လို့ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေ အင်ခိုင်ဘွမ့်တောင်ပတ်လည်ဘက်ကို ထွက်ခွာသွားတဲ့နေ့ ည ၁၁ နာရီခွဲလောက်မှာ လက်နက်ကြီး ပေါက်ကွဲမှုတွေ ဖြစ်လာခဲ့တာကြောင့် တန်ဖရဲနဲ့ အောင်မြင်သာ ကျေးရွာမှာ နေထိုင်ကြတဲ့ ပြည်သူတွေက ထိပ်လန့် စိုးရိမ်မှုတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

ရက်ပိုင်းအတွင်းမှာပဲ မြစ်ကြီးနားမြို့ဘက်ကနေ ရောက်ရှိနေတဲ့ တန်ဖရဲကျေးရွာက စစ်ကောင်စီတပ်တွေဟာ အင်ခိုင်ဘွမ့် တောင်တက်လမ်းဘက်ကို စစ်ကြောင်းထွက်ခွာသွားတာနဲ့ ပတ်သက်ပြီး ဘယ်နေရာဘက်ကို ဦးတည်သွားနေတာကို မသိရဘူးလို့ ပြောပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်တွေဟာ ကားလမ်းပေါက်တဲ့ တန်ဖရဲအထက်ပိုင်းတစ်လျှောက်လုံးကို ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်တွေ ထိန်းချုပ်ထားတာကြောင့် အင်ခိုင်ဘွမ့် တောင်ပတ်လမ်းကို အသုံးပြုပြီးတော့ ဆွမ့်ရာဘွမ့် ၊ ပူတာအိုဘက်ကို စစ်ကြောင်းထိုးလာတာဖြစ်နိုင်တယ်လို့ တန်ဖရဲဒေသခံတွေပြောပါတယ်။

ဒါ့အပြင် တန်ဖရဲကျေးရွာအထက်ပိုင်းရှိ စစ်ကောင်စီတပ်တွေ လက်လွတ်လိုက်ရတဲ့ တယန်ဇွပ်၊ အင်ဆော့ပ်ဇွပ်၊ ဖုန်အိန် ကျေးရွာတွေကို ပြန်လည်တိုက်ခိုက်ဖို့ စစ်ကြောင်းထိုး လာတာလည်းဖြစ်နိုင်တယ်လို့ ဒေသခံတွေ သုံးသပ်နေကြပါတယ်။

ကျနော်တို့အထင်က သူတို့ လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်လည်ထိုးဖို့လား။ အဲဒီတစ်လျှောက်က KIA ဘက်က မြစ်ဆုံနားအထိ အကုန်ထိန်းချုပ်လိုက်ပြီလေ။ အဲဒါကြောင့် အင်ခိုင်ဘွမ့်တောင်ပတ်လမ်းကနေ သွားတာလား။ အင်အားက ရာဂဏန်းရှိတယ်။ ဘယ်ကိုသွားတယ်လို့တော့ ပြောဖို့ခက်တယ်။ ဘာလို့လဲဆိုတော့ အဲဒီလမ်းကနေ ဆွမ်ပရာဘွမ့်၊ ပူတာအို အကုန်သွားပေါက်တယ် လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

အဲဒီ စစ်ကြောင်းတွေဟာ ၃ ရက်ခန့်အထိ တန်ဖရဲကျေးရွာထဲက ဘုရားကျောင်းဝင်းနဲ့ ကျေးရွာ ပတ်ပတ်လည် စစ်ရေးလှုပ်ရှားတာတွေ လုပ်ဆောင်ခဲ့ပြီး အင်ခိုင်ဘွမ့်တောင်လမ်းဘက်ကို စစ်ကြောင်း ပြန်ထွက်ခွာသွားတာဖြစ်ပါတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တန်ဖရဲကျေးရွာထဲမှာ စစ်ရေးလှုပ်ရှားခဲ့စဉ် စစ်ကောင်စီတပ်တွေက ကက်သစ်လစ်ဘုရားကျောင်းထဲက ကျောင်းစောင့် သီလရှင်တွေကို ကျောင်းဆောင်ကနေ ထွက်သွားပေးဖို့ သွားရောက်ပြောဆိုခဲ့တာတွေလည်းရှိတယ်လို့ ဆက်သိရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button