တိုက်ပွဲသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ထိုးစစ်ပြန်လည်စတင်

တစ်လဝန်းကျင်အကြာ ထိုးစစ်ရပ်တန့်ထားတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့မှာ စစ်တပ်ရှိတဲ့ နေရာတွေကိုတစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်လိုက်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

ဗန်းမော်မြို့တစ်ခုလုံး သိမ်းပိုက်နိုင်ရန် ကျန်ရှိနေတဲ့ စကခ (၂၁)၊ ခလရ (၄၇)တပ်ရင်းနဲ့ ဗန်းမော်တက္ကသိုလ်ကျောင်းဝင်းနေရာတွေကို တိုက်ပွဲဖော်ဆောင်လိုက်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

ဒီကနေ့က ဗန်းမော်မှာ စစ်ကောင်စီတပ်ရှိတဲ့ နေရာအားလုံးကို မနက်အစောပိုင်း ၄ နာရီဝန်းကျင်လောက်ကနေ တစ်ပြိုင်နက် ထိုးစစ်တိုက်ခိုက်တယ်။ အခုအချိန်အထိ တိုက်ပွဲဖြစ်နေတုန်း လေယာဉ်နဲ့လည်း ၆၊ ၇ကြိမ်လောက် လာရောက်ဗုံးကြဲသွားပြီလို့ပြောပါတယ်။

KIA ဘက်က ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ယာယီပစ်ခတ်ရပ်စဲရေး ထုတ်ပြန်ကြေညာထားတဲ့နောက်ပိုင်း ထိုးစစ်ရပ်နားထားရာကနေ ဒီကနေ့မှာတိုက်ပွဲပြန်ဖော်‌ဆောင်လိုက်တာဖြစ်ပါတယ်။

စစ်ရေးသတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ ဒီနေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်အထိ တစ်ကြိမ်၊ ညနေပိုင်း ၃ နာရီဝန်းကျင်ခန့်မှာ တစ်ကြိမ် နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို စစ်တပ်ဘက်ကလည်း လေကြောင်းနဲ့ မရေတွက်နိုင်လောက်အောင် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ပြောပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကဒီမနက် ၄ နာရီခွဲလောက်ကနေ နှစ်တပ်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ကြားတယ်။ မနက်ပိုင်း ၁၁ နာရီအထိတော့ လက်နက်သံတွေ ဆက်ကြားနေရတယ်လို့ပြောတယ်။ ဒီကနေ့ကစပြီး ပြန်တင်းမာမှုဖြစ်လာတယ်လို့ပြောလို့ရပါတယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ KIA နှစ်ဖက်စလုံးဟာ ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ယာယီအပစ်ခတ်ရပ်စဲဖို့ကာလအဖြစ်ထုတ်ပြန်ကြေညာခဲ့ပြီး သက်တမ်းကုန်ဆုံးတဲ့ရက်မှာ စစ်တပ်ဖက်တည်း ဧပြီလကြန်အထိ အပစ်ရပ်စဲရေးကာလထပ်တိုးထားတာဖြစ်ပါတယ်။

အခုလို ယာယီအပစ်ခတ်ဖို့ကြေညာထားတဲ့အတွင်းမှာပဲ ဗန်းမော်နဲ့ဖားကန့်ဒေသတွေမှာ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီကြေညာထားတဲ့ ယာယီအပစ်ခတ်ရပ်စဲကြောင်း ထုတ်ပြန်ချက်ဟာ လက်တွေ့ကျင့်သုံးလက်နာတာမရှိဘဲ နိုင်ငံတကာကို ဟန်ပြအဖြစ်ပြစားတဲ့ ထုတ်ပြန်ချက်သာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဝေဖန်ပြောဆိုပါတယ်။

ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း ဗန်းမော်ခရိုင်ထဲမှာ ဗန်းမော်မြို့တစ်ခုတည်းသာ ကျန်ရှိနေတာဖြစ်ပြီး မြို့တစ်ခုလုံးကို သိမ်းပိုက်ဖို့ KIA နဲ့တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းလောက်ကနေ ယခုအချိန်အထိ တိုက်ပွဲဖော်ဆောင်နေရဆဲဖြစ်ပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ တိုက်ပွဲကာလ လရှည်ကြာမြင့်လာတာနဲ့အညီ ဗန်းမော်လက်မလွတ်ရေးအတွက် စစ်ကောင်စီတပ်တွေ လေကြောင်းအပါ ခေတ်မှီ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် KIA နဲ့ တော်လှန်တပ်ဖွဲ့တွေရဲ့ ထိုးစစ်တစ်နှစ်တာအတွင်းမှာ ကံပိုင်တည်၊ ပန်ဝါ၊ လွယ်ဂျယ်၊ ချီဖွေ၊ ဆော့လော်၊ ဆဒုံး၊ ဆွမ်ပရာဘွမ့်၊ အင်ဂျန်းယန် မိုးမောက်၊ ဆင်ဘိုမြို့နယ် နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့၊ မြို့နယ်ခွဲတွေဖြစ်တဲ့ ဒေါ့ဖုန်းယန်၊ လန်ဆယ်၊ ကမ်းဖန်၊ မြို့လှ စတဲ့ မြို့နေရာတွေကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button