ကားတိုက်ဒဏ်ရာကြောင့် သားဖြစ်သူသေဆုံးပြီး ဆယ်ရက်အကြာ ဖခင်ဖြစ်သူ သေဆုံး
မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ သားအဖနှစ်ယောက် ကားတိုက်ခံရမှုမှာ အဖေဖြစ်သူလည်း သေဆုံးသွားပြီ ဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန် မြေမြင့်ရပ်ကွက် Second Family ဖုန်းဆိုင်အနီး ဆိုင်ကယ်မောင်းလာတဲ့ သားအဖနှစ်ယောက်ကို ကားအဖြူတစ်စီးက ဝင်တိုက်သွားတာကြောင့် သားဖြစ်သူက ဗိုက်ပေါက်ဒဏ်ရာအပြင် မျက်နှာနဲ့ ဦးခေါင်းဒဏ်ရာတွေကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့တာပါ။
ဖခင်ဖြစ်သူကတော့ ဦးခေါင်းပြင်းထန်ဒဏ်ရာကြောင့် ခွဲစိတ်ခန်းဝင်ခဲ့ရပြီး အရေးပေါ်အခန်းထဲမှာ သတိမေ့မျှောနေတဲ့ အနေအထားနဲ့ ရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် မေလ ၂၂ရက်နေ့မနက် ၁၀နာရီဝန်းကျင်အချိန်မှာတော့ ဖခင်ဖြစ်သူလည်း ခေါင်းပြင်းထန်ဒဏ်ရာကြောင့် ပြန်လည်ဆုံးပါးသွားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူ အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။
“သူတို့အမေမရှိတော့တာက လေးနှစ်လောက်ရှိပြီ။ သူ့အဖေက နောက်မိန်းမမယူဘဲ သူတို့ညီအစ်ကိုသုံးယောက်ကို ကြိုးစားပြီး ကျွေးမွေးစောင့်ရှောက်နေတာဟုတ်တယ်”လို့ ဆိုပါတယ်။
ဖခင်ဖြစ်သူ ဦးအားဒီယောဟန်ဟာ မြစ်ကြီးနားဆေးရုံကြီး အရေးပေါ်ခန်းမှာ ဆယ်ရက်ကြာ တောင့်ခံထားနိုင်ပေမယ့်လည်း စိတ်မကောင်းစွာနဲ့ မေလ ၂၂ရက်နေ့မှာတော့ ပြန်လည် ဆုံးပါးသွားတာ ဖြစ်တယ်လို့ သူမက ဆက်ပြောပါတယ်။
ဖခင်ဖြစ်သူရဲ့ ရုပ်အလောင်းကိုတော့ ဆွေမျိုးသားချင်းတွေနဲ့အတူ ဘာသာရေးအသင်းတော်ကနေပြီးတော့ ကူညီပြီး နောင်နန်းသုဿန်မှာဘဲ စနေနေ့က သင်္ဂြိုလ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ခုလိုစိတ်မကောင်းစွာနဲ့ သားအဖနှစ်ယောက် သေဆုံးသွားပေမယ့်လည်း တိုက်ပြေးသွားတဲ့ကားသမားကိုတော့ ခုထိ မဖမ်းဆီးနိုင်သေးဘူးလို့ သိရပါတယ်။
မြစ်ကြီးနားမြို့မှာ ဘား၊ကလပ်၊KTVတွေပေါ်များလာတာနဲ့ အတူ မူးယစ်စေတတ်တဲ့ အရက်၊ဘီယာ၊ မူးယစ်ဆေး သုံးစွဲပြီး စည်းကမ်းမဲ့ မော်တော်ယာဉ်မောင်းနှင်မှုတွေကြောင့် ကားတိုက်ပြေးမှုတွေလည်း မကြာခနဖြစ်ပေါ်နေတာဘဲ ဖြစ်ပါတယ်။
By – Hope



