ကချင်ပြည်နယ် ပူတာအိုမြို့တွင်း အခြေစိုက် ခ.လ.ရ ၄၆ တပ်ထဲမှာ လက်နက်ခဲယမ်းတွေဖြည့်တင်ပြီးနောက် စစ်ကောင်စီတပ်က ဆွမ်ပရာဘွမ်ဘက်ကိုဦးတည်ပြီး စစ်ရေးလှုပ်ရှားမှုတွေလုပ်လာနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်မှာ ပူတာအို ခ.လ.ရ ၄၆ တပ်ထဲကို လက်နက်၊ ခဲယမ်းတွေ ဖောကား ၉ စီးနဲ့တင်ပို့ပြီးနောက် ယခုဒုတိယအပတ်မှာ ဆွမ်ပရာဘွမ်ဘက်ကိုဦးတည်ပြီး စစ်ရေးလှုပ်ရှားမှု စတင်လာတာလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးကKNGကိုပြောပါတယ်။
“ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့လောက်ကဖြစ်မယ် ဖောကား ၉ စီးနဲ့ ကျည်ဆံတွေသေနတ်တွေ ကား ကိုးစီးအပြည့်နဲ့တင်ပြီး ၄၆ တပ်ထဲသွားပို့တာရောက်တာကလေကြောင်းနဲ့ရောက်လာတာအဲ့တာကို ကားနဲ့တစ်ဆင့်တပ်ထဲပြန်သယ်တာ။ ညမှာတောင်မဟုတ်ဘူးနေ့ခင်းမှာသယ်တာကား နဲ့ နည်းတဲ့လက်နက်ခဲယမ်းမဟုတ်ဘူးသယ်သွားတာ”လို့အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦးက ပြောပါတယ်။
ခလရ ၄၆ တပ်ထဲလက်နက်ခဲယမ်းတွေရောက်ပြီး နောက် နှစ်ရက်ခန့်အကြာမှာတော့ လက်နက်ခဲယမ်းတွေအများအပြားတင်ထားတဲ့ ကားနှစ်စီးနဲ့စစ်သားတစ်ချို့လုံရှာယာန်၊ဆွမ်ပီယာန်ဘက်ကိုစစ်ကြောင်းထိုးသွားပြီးနောက် ဆွမ်ပရာဘွမ်ဘက် အခုလိုစစ်ရေးလှုပ်ရှားလာတာလို့သိရပါတယ်။
အဲ့ဒီလက်နက်ခဲယမ်းတွေရောက်ပြိီးသိပ်မကြာဘူးပဲ တန်ဂျာ၊ဆွမ်ပီယာန်ဘက် တောက်လျှောက်စစ်ကြောင်းထိုးနေတာ သူတို့က ဟိုဘက်ဆွမ်ပီယာန်ဘက်ကိုဝင်ချင်တာထင်တယ် ဒါပေမယ့်ဒီဘက်ကာကွယ်ရေးတပ်တွေကလည်းမဝင်မခံဘူး ဆွမ်ပီယာန်ချောင်းဟိုဘက်ကမ်းမှာက ကလေးတွေ(ပူတာအိုpdf) တွေရှိတယ် ”လို့ အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။
လက်ရှိ ကာကွယ်ရေးတပ်တွေထိုင်ထားတဲ့ ဆွမ်ပရာဘွမ်မြို့နဲ့ တဆက်တည်းရှိနေတဲ့ ဆွမ်ပီယန်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက စစ်ကောင်စီတပ်တွေခြေကုပ်ယူတပ်ထိုင်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် အဲ့ဒီဆွမ်ပီယန်မှာရှိနေတဲ့ စစ်ကောင်စီစစ်သားတွေနဲ့ ပူတာအို ခ.လ.ရ ၄၆ တပ်ထဲကဆင်းလာတဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းပြီး ဆွမ်ပရာဘွမ်ဘက်ကို စစ်ကြောင်း နှစ်ကြောင်းထိုးလာပေမယ့် လက်ရှိအချိန်ထိ ဆွမ်ပရာဘွမ်မြို့နယ်ထဲကိုထိုးဖောက်ဝင်ရောက်နိုင်တာမျိုးတော့မရှိသေးဘူးလို့သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဆွမ်ပရာဘွမ်ဘက်ကိုမြေပြင်ကနေစစ်ကြောင်းထိုးဖို့ကြိုးပမ်းနေတဲ့အချိန် ဆွမ်ပီယာန်ကျေးရွာမှာထိုင်ထားတဲ့လက်နက်ကြီးတပ် ကဆွမ်ပရာဘွမ်ဘက်ကိုဆက်တိုက်ပစ်ခတ်တာမျိုးရှိနေတယ်လို့သိရပါတယ်။
ဒီရက်ပိုင်းအတွင်းစစ်ကြောင်းထိုးလှုပ်ရှားနေတဲ့စစ်ကောင်စီတပ်နဲ့ KIA၊PDF ပူးပေါင်းတပ်တွေကြားတစ်ကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးနဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြတာမျိုးတွေရှိတယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက KNGကိုအခုလိုပြောပါတယ်။
“အခုလောလောဆယ်နှစ်ဖက်တိုက်ပွဲတော့မရှိဘူး။ ဟိုနေ့တန်ဂျာမှာတစ်ခါဖြစ်တယ် အခြေအနေကနှစ်ဖက်လက်နက်ကြီးနဲ့အပြန်အလှန်ပစ်ခတ်ကြတဲ့ခြေနေတော့ရှိတယ်”လို့သူကပြောပါတယ်။
တန်ဂျာကျေးရွာအနီးကနှစ်ဖက်တိုက်ပွဲမှာစစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိသွားကြောင်းသူကဆက်ပြောပါတယ်။
ပူတာအို – မြစ်ကြီးနားလမ်းပိုင်း ခရီးသွားတစ်ဦးက ”လမ်းမှာအခြေအနေမကောင်းဘူး တိုက်ပွဲဖြစ်ဖို့များတယ်။ ဆွမ်ပီယာန် ဒီဘက်ဆွမ်ပရာဘွမ်သွားတဲ့လမ်းမှာစစ်သားတွေလမ်းပေါ်ရောက်နေတယ် သုံးလေးရက်ရှိပြီ။ တိုက်ပွဲဖြစ်မယ့်ပုံပဲလမ်းကပိတ်လာနိုင်တယ်ဗျ အခြေအနေကြည့်ရတာ”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က အခုလိုဆွမ်ပရာဘွမ်ဘက်စစ်ကြောင်းထိုးလာနေတဲ့အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးကားလမ်းပိုင်းပိတ်စို့သွားမှာကိုဒေသခံတွေအထူးစိုးရိမ်နေကြောင်းသိရပါတယ်။
ပူတာအို မြစ်ကြီးနားကားလမ်းပိုင်းထဲက ဆွမ်ပရာဘွမ်မြို့ကို KIA၊PDF ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလ မှာသိမ်းပိုက်ခဲ့ပြီးလက်ရှိ KIAဘက်ကမြို့ကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။
ဆွမ်ပရာဘွမ်မြို့သိမ်းခံရပြီးနောက် လအနည်းငယ်အကြာမှာပဲ စစ်ကောင်စီဟာ ဆွမ်ပရာဘွမ်နဲ့ ပူတာအိုမြို့ကြားထဲက လုံရှာယာန်၊ဆွမ်ပီယာန်၊နဲ့တန်ဂျာကျေးရွာသုံးရွာမှာ ဦးတန်ဂူးတန်ပြည်သူ့စစ်တပ်ဖွဲ့နဲ့ပေါင်းပြီး ခြေကုပ်ယူတပ်ထိုင်လာတာဖြစ်ပါတယ်။
By – Zaw Zaw



