ရွှေကူမှာ ကိုယ်ထူကိုယ်ကျောင်းပေါင်း ၄၀ မှာ သင်ကြားရေးဆရာ/မ တွေလိုအပ်နေ
ကချင်ပြည်နယ် ၊ရွှေကူမြို့နယ်တွင်း KIA၊PDF ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ ကိုယ်ထူကိုယ်ထ စနစ်နဲ့ကျောင်းပေါင်း ၄၀ ဝန်းကျင်အထိဖွင့်လှစ်ထားနိုင်ပေမယ့် သင်ကြားရေး ဆရာ/မ လုံလောက်မှုမရှိတဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ရွှေကူမြို့ရဲ့ အရှေ့ဘက်ခြမ်းရွာတွေဖြစ်တဲ့ စီသာ၊စီသောင်၊ မံဝင်း၊ စင်းဖုတ်၊မံခါး၊စီမူလေး၊စီမူကြီး ရွာတွေအပါအဝင် ရွာပေါင်းလေးဆယ်ကျော်မှာ ဒေသခံတွေကိုယ်ထူကိုယ်ထစနစ်နဲ့ကျောင်းပေါင်း ၄၀ ဝန်းကျင် ဖွင့်လှစ်ထားနိုင်ခဲ့ပေမယ့် သင်ကြားရေးဆရာ/မ မလုံလောက်တဲ့အခက်အခဲရင်ဆိုင်နေရတယ်လို့ စီသောင်ကျေးရွာနေအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“ရွာတိုင်းလိုလိုမှာတော့ ကိုယ်ထူကိုယ်ထ စနစ်နဲ့ကျောင်းဖွင့်ထားပေးတယ်။ ဒါပေမယ့်သင်ကြားရေးပိုင်း အားနည်းနေတယ်ဆရာ/ဆရာမ မလုံလောက်ဘူး တစ်ကျောင်းကိုဆရာမ လေးငါးယောက်ထဲနဲ့သွားနေရတဲ့ကျောင်းတွေရှိတယ်။ ဘယ်လိုမှအဆင်မပြေနိုင်ဘူး”လို့ သူကပြောပါတယ်။
ဖွင့်လှစ်ထားတဲ့ကျောင်းပေါင်း ၄၀ ဝန်းကျင်မှာ KG တန်းကနေ Grade 12 အထိဖွင့်ထားတာကြောင့် ကျောင်းသားကျောင်းသူတွေကများပြီး ဆရာ/မ တွေအင်အားနဲ့မမျှတဲ့အတွက် အချိန်ခွဲ ပြီးသင်ကြားရတယ်လို့သိရပါတယ်။
“ဆရာ/မ တွေမလောက်တော့ တစ်ချို့ကျောင်းတွေဆိုရင် အငယ်တန်းတွေကိုမနက်ပိုင်းသင်ပြီး အကြီးတန်းတွေကို ညပိုင်းမှ သင်ရတဲ့ပုံစံမျိုးနဲ့သွားတာရှိတယ်။ အဓိက Grade 12 အထိဖွင့်ထားတော့ Grade 12 တွေအတွက်ဆရာ/မ တွေအရမ်းလိုအပ်နေတာမလောက်ဘူး”လို့ အထက်မှာဖော်ပြခဲ့တဲ့ စီသောင်ကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။
လက်ရှိ ကျေးရွာရဲ့ထောက်ပံ့မှုနဲ့ခေါ်ယူထားတဲ့ဆရာ/မ ၊ စေတနာ့ဝန်ထမ်းဆရာ/မ တွေအပါ စုစုပေါင်း သင်ကြားရေးဆရာ/မ ၂၀၀ ဝန်းကျင်ခန့်နဲ့လည်ပတ်နေပြီး ကျောင်းအားလုံးမှာ ဆရာ/မ မလုံလောက်ဘူးလို့သိရပါတယ်။
အထက်ဖော်ပြပါစာသင်ကျောင်းတွေမှာ သင်ကြားရေးဆရာ/မ တွေမလုံလောက်တဲ့အပြင် ပုံနှိပ်စာအုပ်တွေလည်းအခက်အခဲဖြစ်နေပြီး တစ်ချို့ကျောင်းသား/သူတွေ ပုံနှိပ်စာအုပ်မရှိပဲ ကျောင်းတက်နေရတဲ့အခြေအနေအထိဖြစ်နေတယ်လို့ စီသောင်းကျောင်းနေတစ်ခြားအမျိုးသားတစ်ဦးကပြောပါတယ်။
“ဒုတိယအခက်အခဲကတော့ပုံနှိပ်စာအုပ်ပါ့ တချို့ကလေးတွေပုံနှိပ်စာအုပ်မရှိကြဘူး ဟိုလူ့ဆီကကူးချဒီလူ့ဆီကကူးချနဲ့ကျောင်းတက်နေရတာ။ ပုံနှိပ်က အသစ်ရှိကိုမရှိဘူးဗျ အဟောင်းပဲလက်ဆင့်ကမ်းသုံးနေကျတာ” လို့ သူကပြောပါတယ်။
ကိုယ်ထူကိုယ်ထကျောင်းတွေဟာ ရွှေကူမြို့ရဲ့ဧရာဝတီမြစ်တစ်ဖက်ခြမ်းမှာရှိပြီး စစ်ကောင်စီကင်းစင်တဲ့နယ်မြေတွေမှာဖြစ်သလို ပြီးခဲ့တဲ့နှစ်ကလည်း ကိုယ်ထူကိုယ်ထ ကျောင်းပေါင်း ၃၀ ဝန်းကျင်အထိဖွင့်လှစ်နိုင်ခဲ့ကာ ကျောင်းသား၊သူပေါင်း တစ်သောင်းကျော်အထိ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီနဲ့နီးတဲ့ မြို့အနီးဝန်းကျင်ကျေးရွာတွေနဲ့ မြို့ပေါ်ကကျောင်းတွေမှာတော့ စစ်ကောင်စီရဲ့ အခြေခံပညာကျောင်းတွေဖွင့်လှစ်ထားတယ်လို့သိရပါတယ်။
ဒါ့အပြင် ရွှေကူမြို့နယ်ဟာ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်ခရိုင်တွင်းရှိ မြို့နယ်တစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်း ရွာလုံးကျွတ်မီးရှို့ခံရလို့ ပြည်သူသောင်းချီနေရပ်စွန့်ခွာခဲ့ကြရပေမယ့် ၂၀၂၃ ခုနှစ် နေရပ်ပြန်လည်နေထိုင်ကြတာဖြစ်ပါတယ်။
By – Zaw Zaw



