မိုင်းနား- ဝါးရှောင်- နန်ဇော်ယန် လမ်းပိုင်း ရက်အကန့်အသတ်မရှိပိတ်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ မိုင်းနား –ဝါရှောင်၊ ဝါရှောင်– နန်ဇော်ယန်ကျေးရွာ လမ်းပိုင်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားလာခွင့်အကန့်အသတ်မရှိ ပိတ်လိုက်ပြီလို့ သိရပါတယ်။
ဒီလမ်းပိုင်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ခရီးသွားပြည်သူတွေရဲ့လုံခြုံရေးစိုးရိမ်တာကြောင့်လို့ဆိုပြီး ဇူလိုင်လ ၁၆ ရက်ကစ ပိတ်လိုက်တာဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ ပြည်သူတစ်ဦး KNG ကိုပြောပါတယ်။
“မြစ်ကြီနား၊ ဝိုင်းမော်ကနေ– ဝါရှောင်– လိုင်ဇာဘက်ကို ဆင့်ကူးသွားတဲ့လမ်းပိုင်အားလုံးကို KIA က ပိတ် လိုက်ပြီ။ မြစ်ကြီးနား – ဝိုင်းမော်ကနေ လုံးဝ ဝင်လို့မရတော့ဘူး ပိတ်လိုက်ပြီ။ တိုက်ပွဲ တွေလည်း ပြန်ဖြစ်လာတော့ ပြန်ပိတ်လိုက်တာလို့သိရတယ်”လို့ပြောပါတယ်။
ဝိုင်းမော်မြို့နယ်ထဲမှာ စစ်တပ်က ပြီးခဲ့တဲ့ ဧပြီလကုန်ကစပြီး စစ်အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာလာတာ နှစ်လနီးပါးကြာမြင့်လာချိန် ဇူလိုင်လ ပထမအပတ်ပိုင်းကစလို့ တိုက်ပွဲပိုပြင်းထန်လာတာကြောင့် တိုက်ပွဲကြားအရပ်သားပြည်သူတွေရဲ့ အသက်အန္တရာယ်ထိပါးလာနိုင်တဲ့အတွက် အကန့်သတ်မရှိပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ဝိုင်းမော်မြို့စောင့်တပ်ဖြစ်တဲ့( ၅၈ )တပ်ရင်းနဲ့ ဝူယန်ပြည်သူ့စစ်တပ်စခန်း နှစ်နေရာမှာ စစ်အင်အားဖြည့်တင်းထားပြီး ချီဖွေ၊ ဆဒုံး၊ကန်ပိုင်တည်ဘက်ကို ဦးတည်ကာ စစ်ကြောင်းထိုး နေတဲ့အတွက် ဝူယန်၊ လမြန်၊နမ်ဝါစတဲ့ ကျေးရွာတဝိုက်မှာ တိုက်ပွဲဖြစ်နေပါတယ်။
စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာလည်း KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ နေရာယူထားတဲ့ လမြန်နဲ့ ဝါရှောင်ကျေးရွာ တဝိုက်ကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေသလို ဒရုန်းနဲ့လည်း ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ သိရပါတယ်။
ဝိုင်းမော်မြို့နယ်ထဲမှာ KIA က သွားလာခွင့်ပိတ်လိုက်တာနဲ့ ပတ်သက်ပြီး ဝိုင်းမော်ကနေ မိုင်းနား – ဝါးရှောင်–နန်ဇော်ယန် ကျေးရွာတစ်လျှောက်မှာ ကားအကြီး တွေသွားလာမှုတွေကြောင့် လမ်းပိုင်းဆိုးဆိုးရွာရွား ပျက်စီးနေတဲ့အတွက် ပြန်လည်ပြုပြင်ဖို့ သွားလာခွင့် ကန့်သတ်ထားတာရှိတယ်လို့ KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။
“တိုက်ပွဲဖြစ်လို့ လမ်းပိတ်တာမျိုး ညွန်ကြားထားတာမျိုးတော့မရှိဘူး။ ဒါပေမယ့် ကားအကြီးတွေအရမ်းသွားလို့ လမ်းပိုင်းတော်တော်ပျက်စီးနေတယ်။ အဲ့ဒါကြောင့် လမ်းပိုင်းပြုပြင်နေတာတော့ရှိတယ်။ ဒါကြောင့် ကားအကြီးတွေက လောလောဆယ် မသွားဖို့ ပြောထားတာမျိုးတော့ရှိတယ်”လို့ပြောပါတယ်။
ဒါပေမယ့် ဝိုင်းမော်မြို့နယ်ထဲမှာ လမ်းပိုင်းသွားလာခွင့် ပိတ်လိုက်တာနဲ့ ပတ်သက်ပြီး ယခုရက်ပိုင်းအတွင်းမှာပဲ KIA တပ်ရင်း (၃) ဘက်က တာဝန်ရှိသူတစ်ချို့ ဝိုင်းမော်ကနေ – ဗန်းမော်ကားလမ်းမကြီးကို ထွက်တဲ့ လမ်းပိုင်းအားလုံးကို အကန့်အသတ်မရှိ ပိတ်ထားတဲ့အတွက် ပြည်သူတွေ သွားလာတာတွေမလုပ်ဖို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သတိပေးရေးသားဖော်ပြထားတာတွေ့ရပါတယ်။
ဝိုင်းမော် – ဗန်းမော် – လိုင်ဇာ ကားလမ်းပိုင်းကို ယခင်က စစ်တပ်အာဏာမသိမ်းမှီ ဝိုင်းမော်မြို့ထဲကနေ အောင်မြေ(၁) ၊ အောင်မြေ(၂) ၊ ရွှေညောင်ပင်ကျေးရွာ ကားလမ်းမကြီးအတိုင်း သွားလို့ရသလို ချီဖွေ၊ ဆဒုံး၊ ကန်ပိုင်တည် လမ်းကို ဝိုင်းမော် ခလရ ၅၈ တပ်ရင်းရှိတဲ့ မြို့တွင်း ကားလမ်းမအတိုင်း သွားလာရတာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ်မှာ ဝိုင်းမော်မြို့နယ်၊ လမြန်၊ ဝါးရှောင်းကျေးရွာအထက်ပိုင်း အားလုံးကို KIA ထိန်းချုပ်လိုက်ပြီး ဝိုင်းမော်မြို့အတွင်း ခလရ ၅၈ တပ်ရင်းနဲ့ ဝူယန်ကျေးရွာ ရှိတဲ့ ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။
အဲဒါကြောင့် စစ်တပ်က ပိတ်ထားတဲ့ ဝိုင်းမော် ခလရ ၅၈ နဲ့ ဝူယန်ပြည်သူ့စစ်စခန်းရှိတဲ့ မြို့တွင်း ကားလမ်းမကြီးကို ကွင်းရှောင်လမ်းဖြစ်တဲ့ မိုင်းနား – နန်ဇော်ယန် – ဝါးရှောင်လမ်းဘက်ကနေ ဗန်းမော်ကားလမ်းကို ထွက်တဲ့ လမ်းနေရာတွေကို အသုံးပြုနေရတာဖြစပေမယ့် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အကန့်အသတ်မရှိ သွားလာခွင့်ပိတ်လိုက်တာလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



