သတင်း

လာဟီဆင်စခန်းပြန်ရဖို့ စစ်ကောင်စီပူးပေါင်းတပ်ကြိုးပမ်းနေ

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်မှာ စစ်ကောင်စီလက်လွတ်ဆုံးရှူံးခဲ့ရတဲ့ လာဟီဆင်ရှေ့တန်းစခန်းကိုပြန်ရဖို့ စစ်ကောင်စီတပ်နဲ့ ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေကြိုးပမ်းနေတယ်လို့သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့ လန်ဆယ်ကျေးရွာနဲ့ ခေါင်လန်းဖူးမြို့ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်က လာဟီဆင် မဆုတ်တမ်းခံစစ်စခန်းကိုပြန်ရဖို့ စစ်ကောင်စီတပ်နဲ့ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေကြိုးပမ်းနေတယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။

မြေပြင်သတင်းအရကတော့ သူတို့ ခေါင်လန်ဖူးမှာ စစ်သားအင်အားတွေဖြည့်တင်းနေတယ်။ ပြီးတော့ မြို့ထဲမှာသင်တန်းတွေလည်းပေးနေတယ်ပေါ့ ဟိုတလော ခေါင်လန်ဖူးရှေ့တန်းပေါ့ လာဟီဆင်ဘက်ကိုလှုပ်ရှားလာတာတွေရှိတယ်။ သူတို့က လာဟီဆင်စခန်းနဲ့ဆုံးရှုံးထားတဲ့နေရာတွေတော့ပြန်လိုချင်မှာပဲလို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပူတာအိုဘက်ကနေ ဖြည့်တင်ထားတဲ့စစ်သားအင်အား၊လက်နက်ခဲယမ်းတွေနဲ့ ခေါင်လန်းဒေသအတွင်းက လိုက်လံစည်းရုံးပြီး သင်တန်းပေးထားတဲ့ ဌာနေပြည်သူ့စစ်တပ်တွေပူးပေါင်းကာ လာဟီဆင်ဘက်ကို ယခုလအတွင်းနှစ်ကြိိမ်တိတိ စစ်ကြောင်းထိုးလာပေမယ့် ကာကွယ်ရေးတပ်တွေကြားဖြတ်တိုက်ခိုက်တာခံလိုက်ရတယ်လို့သိရပါတယ်။

သူတို့ကတော့လာဟီဆင်ကိုတက်သိမ်းမယ်ဆိုပြီးလိုင်းပေါ်တွေတောင်တင်ထားတာကြာပြီ။အဲ့နောက် နှစ်ခါတောင်တက်လာတယ်။ ဒါပေမယ့်ကာကွယ်ရေးတပ်တွေက လာဟီဆင်မဝင်ခင်မှာပဲ ဖြတ်တိုက်ဖြတ်တိုက်တော့ပြန်ပြန်ဆုတ်သွားတယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ဇူလိုင်လဆန်းပိုင်းကတစ်ကြိမ် ဇူလိုင်လ ၁၀ ရက်ကျော်ကတစ်ကြိမ် အင်အားအများအပြားနဲ့နှစ်ကြိမ်တိတိစစ်ကြောင်းထိုးလာတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ လာဟီဆင်ကို အင်အားသုံးပြီးပြန်သိမ်းမယ်ဆိုတဲ့သတင်းတွေ ဒေသတွင်းမှာပျံ့နှံ့နေပြီး လက်ရှိမှာတော့ နောင်မွန်မြို့ပေါ်နဲ့ခေါင်လန်ဖူးမြို့ပေါ်တွေမှာတစ်အိမ်တက်တစ်အိမ်ဆင်းပြီး တပ်သားသစ်စုဆောင်းတာ၊စစ်သင်တန်းပေးတာတွေပြုလုပ်ကာ စစ်အင်အားစုနေတယ်လို့သိရပါတယ်။

နောင်မွန်ကနေခေါင်လန်ဖူးကိုသင်တန်းဆင်းကလေးတွေပို့တာ နှစ်ခါရှိပြီ မကြာသေးဘူးတစ်လနှစ်လလောက်ပဲရှိအုန်းမယ် တစ်ခါပို့ရင် နှစ်ဆယ်သုံးဆယ်ပါတယ် ဒီမှာက ပြည်သူ့စစ်တစ်အိမ်တစ်ယောက်မဝင်မနေရဆိုပြီးနာမည်စာရင်းနဲ့လိုက်ကောက်နေတာ ကလေးတွေက မသွားချင်လည်းသွားနေရတယ်ခေါင်လန်ဖူးဘက်ကိုပဲပို့နေတယ်လို့ နောင်မွန်မြို့ခံ အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦးကပြောပါတယ်။

ခေါင်လန်းဖူးနဲ့နောင်မွန်းမြို့ပေါ်တွေမှာ ထွေအုပ်၊ပြည်သူ့စစ်နဲ့စစ်တပ်ပူးပေါင်းပြီး ယခုနှစ်အတွင်းတစ်အိမ်တက်တစ်အိမ်ဆင်းကာ ပြည်သူ့စစ်မှုထမ်းအတွက်လူငယ်တွေကိုနာမည်စာရင်းနဲ့တကွလိုက်လံခေါ်ယူပြီး မြို့ပေါ်တွေမှာပဲစစ်သင်တန်းပေးကာ သင်တန်းဆင်းကလေးတွေကိုခေါင်လန်ဖူးဘက်ပို့ဆောင်လျက်ရှိနေကြောင်းဒေသခံတွေဆီကနေသိရပါတယ်။

စစ်ကောင်စီတပ်ပြန်ယူဖို့ကြိုးပမ်းနေတဲ့ လာဟီဆင်ရှေ့တန်းစခန်းဟာ ခေါင်လန်ဖူးမြို့နယ်အတွက်အရေးပါတဲ့စခန်းဖြစ်တဲ့အပြင် ယင်းလမ်းကြောင်းကနေတဆင့်လန်ဆယ်ရွှေမှော်ဒေသနဲ့ လန်ဆယ်ကနေတဆင့် ချီဖွေ၊ပန်ဝါဘက်အထိကုန်ကြောင်းနဲ့ဝင်ရောက်နိုင်တာဖြစ်ပါတယ်။

ခေါင်လန်းဖူး ပြည်သူ့စစ်တွေနဲ့စစ်ကောင်စီစစ်သား စုစုပေါင်းအင်အား ၈၀ ဝန်းကျင်ထိုင်ထားတဲ့ လာဟီဆင်ရှေ့တန်းစခန်းကို KIAနဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်ဒီဇင်ဘာလထဲသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button