သတင်း

လိုင်ဇာမှာ တစ်လအတွင်း ဒုတိယအကြိမ် ချောင်းရေကြီးမှုထပ်ဖြစ်

KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်းကျရေကြောင့် ချောင်းရေကြီးပြီးမြို့ထဲမှာရှိတဲ့ ဆိုင်ခန်းတစ်ချို့နဲ့ဆိုင်ကယ်တစ်ချို့ ရေစီးနဲ့အတူမျှောပါသွားတာရှိတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၁ ရက် ဒီမနက်ပိုင်း ၅ နာရီဝန်းကျင် မိုးစတင်ရွာလာပြီးနောက် မနက် ၁၀ နာရီဝန်းကျင် မိုးပိုသည်းလာတဲ့အတွက် မြို့အနီးကိုဖြတ်သန်းစီး‌ဆင်း ခရာခ‌ချောင်းနဲ့ လိုင်ဇာခချောင်း မြင့်တက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မနက် ၅ နာရီလောက်မှာ သိပ်တော့မရွာသေးဘူး။ ၁၀ နာရီထိုးခါနီး အရင်တစ်ခေါက်ရွာသလို မိုးကသဲကြီးမဲကြီးရွာတယ်။ ခန‌ လေးဆို လမ်းမတစ်လျှာက် ရေပြည့်သွားပြီ။ အထိခိုက်တာတော့ မရှိကြဘူး အရင်တစ်ခါလို ညမိုးချုပ်မှာ ရွာတာမဟုတ်တော့ ပြင်ဆင်ချိန်ရသွားတယ်လို့ လိုင်ဇာမှာနေတဲ့ အမျိုးသားတစ်ဦးပြောပါတယ်။

ညနေပိုင်းမှာ မိုးအနည်းငယ်တိတ်သွားပြီဖြစ်ပေမယ့် ပြည်သူတွေက ထိခိုက်ပျက်စီးသွားတဲ့ဆိုင်ခန်းတစ်ချို့နဲ့ မြို့တွင်း လမ်းမတွေမှာကျန်နေတဲ့နှုံးတွေကိုရှင်းနေကြတယ်လို့ သိရပါတယ်။

လိုင်ဇာမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၄ ရက်နေ့ကလည်း မိုးသည်းထန်စွာရွာပြီး ချောင်းရေကြီးလို့ စံချိန်တင်ရေမြင့်တက်ခဲ့တာကြာင့် အရပ်သား ၆ ဦးသေဆုံးပြီး နေအိမ်ပေါင်းရာချီပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ဒါ့အပြင်ရေကြီး ရေကြီး၊‌ရေလျှံမှုကြောင့် လိုင်ဇာမြို့တစ်ခုလုံးကို လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနေတဲ့ ရေကာတာစက်လည်း ပျက်စီးသွားတဲ့အတွက် ဒီနေ့ထိ လျှပ်စစ်မီးပြတ်တောက်နေဆဲလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒုတိယအကြိမ်ရေကြီး ရေလျှံမှုဟာ ပြည်သူတွေကို ပိုခက်ခဲကြပ်တည်းစေတယ်လို့ လိုင်ဇာမြို့နေ ဈေးသည်တစ်ဦး ခုလိုပြောပါတယ်။

အရင်တစ်ခေါက် ရေကြီးတဲ့ဒဏ်တောင် မပြီးသေးဘူး သန့်ရှင်းရေးက မနေ့တစ် နေ့ကပဲ လုပ်ပြီးတာ ဒီနေ့ပြန်ကြီးတယ်ဆိုတော့ မီးကမလာ၊ရေကမရှိ တော်တော် ဒုက္ခရောက်တယ်လို့ ပြောပါတယ်။

လိုင်ဇာမြို့မှာ အနယ်နယ်အရပ်ရပ် စစ်ရှောင်ပြည်သူများစွာ လာရောက်ခိုလှုံနေကြပြီး ခုလိုရေဘေးအန္တရယ်ကျရောက်တဲ့ အိမ်ထောင်စုတွေအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကိုလည်း KIO အစိုးရက ဆောင်ရွက်ပေးနေပြီလို့ သိရပါတယ်။

By – Zami

Show More

Related Articles

Back to top button